နေပြည်တော် ဧပြီ ၂၁
မတ် ၂၈ ရက်တွင် လှုပ်ခတ်ခဲ့သည့် မန္တလေးမြေငလျင်ကြီးကြောင့် နေပြည်တော်ကောင်စီနယ်မြေ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ရာ နိုင်ငံတော်အစိုးရအနေဖြင့် အလျင်အမြန်စုံစမ်းစစ်ဆေးခြင်း၊ ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ခြင်းနှင့် ပြည်ပမှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို ဖိတ်ခေါ်လမ်းဖွင့်ပေးခြင်းများ ဆောင်ရွက်ခဲ့သည်။ ငလျင်ဒဏ်သင့်ပြည်သူများထံ နိုင်ငံတကာမှ ကူညီထောက်ပံ့သည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများ၊ ဆေးဝါးများသည် မတ် ၂၉ ရက် ညပိုင်းမှ စတင်၍ ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်၊ နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် ရန်ကုန်သီလဝါ ဆိပ်ကမ်းတို့သို့ ရောက်ရှိလာခဲ့သည်။
မတ် ၃၀ ရက်မှ ဧပြီ ၂၀ ရက် အထိ ငလျင်ဘေးသင့် ပြည်သူများအတွက် အိန္ဒိယနိုင်ငံ AHA Center ၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ အင်ဒိုနီးရှား နိုင်ငံ၊ ပါကစ္စတန်နိုင်ငံ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဘယ်လာရုစ်နိုင်ငံ၊ လာအိုနိုင်ငံ၊ Singapore Red Cross Society၊ နီပေါနိုင်ငံ၊ UAE နိုင်ငံ၊ ဘရူနိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံတို့မှ ပေးပို့လှူဒါန်းသည့် ပစ္စည်းများကို ငလျင်ဘေးသင့်ဒေသများသို့ အချိန်မဆိုင်းဘဲ ဆက်လက်ဖြန့်ခွဲ ဆောင်ရွက်လျက်ရှိသည်။ နိုင်ငံတကာက ကူညီထောက်ပံ့သည့် ပစ္စည်းများမှာ မိုးကာတဲ၊ တာပေါ်လင်၊ Hygiene Kit ၊ Kitchen Set၊ မီးစက်၊ Sleeping Bags၊ စားသောက်ကုန်ပစ္စည်း၊ လူသုံးကုန်ပစ္စည်း၊ အိမ်သုံးကုန်ပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ ဆေးနှင့်ဆေးပစ္စည်း၊ ခွဲစိတ်ခန်းသုံးပစ္စည်း တို့ဖြစ်သည်။
ပစ္စည်းများကို ပြည်ထောင်စုနယ်မြေနေပြည်တော်အတွင်း နေပြည်တော်ကောင်စီ၏ အစီအစဉ်ဖြင့်လည်းကောင်း၊ နေပြည်တော်ရှိ ဝန်ထမ်းမိသားစုများကို သက်ဆိုင်ရာ ဝန်ကြီးဌာနများ၏ အစီအစဉ်ဖြင့် လည်းကောင်း၊ ရန်ကုန်နှင့်နေပြည်တော်တို့မှ တစ်ဆင့်မန္တလေးတိုင်းဒေသကြီးသို့ မော်တော်ယာဉ် ၅၂ စီးဖြင့် ပေးပို့ခဲ့သည့် လှူဒါန်းပစ္စည်းများနှင့် မန္တလေး (တံတားဦး) အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ရောက်ရှိသည့် ပစ္စည်းများကို မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့်လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး သို့ မော်တော်ယာဉ် ၂၃ စီးဖြင့် ပေးပို့ထားသည့် လှူဒါန်းပစ္စည်းများကို စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့်လည်းကောင်း၊ ရှမ်းပြည်နယ် (တောင်ပိုင်း)သို့ မော်တော်ယာဉ် ခုနစ်စီးဖြင့်ပေးပို့ခဲ့သည့် လှူဒါန်း ပစ္စည်းများကို ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့်လည်းကောင်း ခွဲဝေထောက်ပံ့ဆောင် ရွက်လျက်ရှိသည်။ လှူဒါန်းရရှိသည့် ပစ္စည်းများအနက် ဆေးနှင့် ဆေးပစ္စည်းများ၊ ခွဲစိတ်ခန်းသုံး ပစ္စည်းများနှင့် ဆေးရုံသုံးပစ္စည်းများကို ကျန်းမာရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ကာ ဒဏ်ရာရရှိသည့် ပြည်သူများအားကုသရာတွင် အသုံးပြုသည်။
နိုင်ငံတကာ အလှူရှင်များ၏ လှူဒါန်းပစ္စည်းများကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (တောင်ပိုင်း) ရှိ ဘေးသင့်ပြည်သူများအတွက် ဖြန့်ခွဲပေးပို့လျက်ရှိသည်။
နိုင်ငံတကာအလှူရှင်များက ထပ်မံလှူဒါန်းလာသည့် ပစ္စည်းများရောက်ရှိမှုနှင့် ငလျင်ဘေးသင့်ပြည်သူများထံ အမြန်ဆုံးရောက်ရှိဖြန့်ခွဲမှုတို့ကို တစ်ပတ်လျှင်တစ်ကြိမ် ဆက်လက်ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။
သတင်းစဉ်