Skip to main content

ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်လျက်ရှိ

နေပြည်တော်   ဧပြီ ၁၉

မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့်လမ်းတံတား၊ အဆောက်အဦများ ထိခိုက်ပျက်စီးခဲ့ရသည့်နေရာများ၌ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို တိုင်းစစ်ဌာန ချုပ်အသီးသီးမှ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်ပနိုင်ငံများမှ ကူညီကယ်ဆယ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုကူညီရေး အသင်း/ အဖွဲ့များနှင့် ဒေသခံပြည်သူများပူးပေါင်း၍ အချိန်နှင့်တပြေးညီကူညီဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးသန့်နိုင်နှင့် တာဝန်ရှိသူများသည် ကျောက်ဆည်မြို့အတွင်းရှိ အစိုးရနည်းပညာ အထက်တန်းကျောင်း (ကျောက်ဆည်)၊ အမှတ်(၃)အခြေခံပညာအထက် တန်းကျောင်းနှင့် . အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းများသို့ သွားရောက် စစ်ဆေးပြီးယခုနှစ် ပညာသင်နှစ်အမီ ကျောင်းအပ်နှံလာမည့် ကျောင်းသား/သူများ ခန့်မှန်းအင်အားအတိုင်း စာသင်ဆောင်များ လုံလောက်မှုရှိစွာ ပညာသင်ကြားနိုင်ရေးနှင့် ပျက်စီးသွားသော စာသင်ဆောင်များ အမြန်ပြုပြင်နိုင်ရေး၊ ဝန်ထမ်းများလုံခြုံစွာနေထိုင်နိုင်ရေးနှင့် စားသောက်မှု အဆင်ပြေစေရေး တို့အတွက် တာဝန်ရှိသူများအားမှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ထို့နောက် ကျောက်ဆည်မြို့၊ ညောင် ၆ ပင်ရပ်ကွက်၊ ပတ္တမြားလမ်းပေါ်ရှိ အန္တရာယ်ရှိအဆောက် အဦများ ရှင်းလင်းနေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ယင်းနောက် ကျောက်ဆည်ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံး၌ ဌာနဆိုင်ရာအဖွဲ့ အစည်းများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်ရာ အဆောက်အဦများ ပြန်လည်တည်ဆောက်ခွင့် တင်ပြလာချိန်တွင် ငလျင်ဒဏ် ရက်ချ်စတာစကေး ၈ အဆင့်အထိ ခံနိုင်သည့်အဆောက်အအုံများ ဆောက်လုပ်ခွင့်ပြုရန်အတွက် နိုင်ငံတကာစံချိန်စံညွှန်းနှင့်အညီ SOP ကြိုတင်ရေးဆွဲ ထားရန်လိုအပ်ပြီးရေးဆွဲထားသည့် SOP နှင့်အညီ စိစစ်၍ ဆောက်လုပ်ခွင့်ပြုသွားရန်၊ ပြန်လည်တည် ဆောက်မှုများအပေါ် အသေးစိတ်စစ်ဆေး ဆောင်ရွက်ရန်၊ မကြာမီမိုးတွင်းကာလ ရောက်ရှိတော့မည် ဖြစ်သည့်အတွက် ယာယီအဆောက်အဦများဖြင့် နေထိုင်သူများအနေဖြင့် ဝမ်းပျက်၊ဝမ်းလျှော ရောဂါများ ဖြစ်ပွားလာနိုင်၍ ဆေးဝါးများ ကြိုတင်ပြင်ဆင်ထားရန်၊ မိုးတွင်းကာလအတွင်း ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ်များအတွက် ကယ်ဆယ်ရေးပစ္စည်းများ၊ ဆေးဝါးများ အသင့်ဖြစ်စေရေးနှင့် လူအသင့်၊ ပစ္စည်းအသင့်ဖြင့် စနစ်တကျ စုဖွဲထားရှိရန်တို့မှာကြားပြီး လိုအပ်သည်များပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။