နေပြည်တော် ဧပြီ ၁၈
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၏ မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ် မြန်မာနှစ်ဆန်းတစ်ရက်နေ့ ကုသိုလ်ကောင်းမှုပြုခြင်းအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက အဆိုပါဝန်ကြီးဌာနရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ လယ်ဝေးမြို့ မှန်တောကျောင်းတိုက်ဆရာတော် ဦးတေဇောဘာသအမှူးပြုသော ဆရာတော်အရှင်သူမြတ်များ၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ တက်ရောက်ကြသည်။
ဦးစွာ နမောတဿသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ပြီး သံဃာတော်အရှင်သူမြတ်တို့အား ဩကာသကန်တာ့ချိုးဖြင့် ပူဇော်ကန်တော့ကာ ငါးပါးသီလခံယူဆောက်တည်ကြသည်။ ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်တကွ ဧည့်ပရိသတ်အပေါင်းတို့က သံဃာတော်အရှင်သူမြတ်တို့ ရွတ်ပွားသရဇ္စျာယ်တော်မူသော ပရိတ်တရားတော်များကို နာယူကြသည်။
ယင်းနောက် ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်တို့က ဆရာတော် သံဃာတော်အရှင်သူမြတ်တို့ထံ ဆွမ်းဆန်တော်၊ ဆီ၊ သင်္ကန်းနှင့်တကွ ဒါတဗ္ဗဝတ္ထုအစုစုတို့အား ဆပ်ကပ်လှူဒါန်းကြပြီး ဆရာတော် ဦးတေဇောဘာသထံမှ အနုမောဒနာတရားနာကြား၍ ကုသိုလ်ကောင်းမှု အစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြသည်။ ထို့နောက် ဗုဒ္ဓသာသနံစိရံတိဋ္ဌတုသုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းသည်။
ဆက်လက်၍ ရုံးရှိဆည်အတွင်းသို့ ငါးဘေးမဲ့လွှတ်ပွဲကိုပြုလုပ်ရာ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများက ငါးမြစ်ချင်းကောင်ရေ ၃၀၀၀ ကို ဘေးမဲ့လွှတ်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်