နေပြည်တော် ဧပြီ ၁၇
ပြည်ထဲရေးဝန်ကြီးဌာနမိသားစု၏ ဇီဝိတဒါနငါးလွှတ်ပွဲအခမ်းအနားကို ယနေ့နံနက် ၇ နာရီခွဲတွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ဘောဂသိဒ္ဓိရပ်ကွက် ပျဉ်းမနား-တောင်ညိုလမ်းဘေးရှိ မင်္ဂလာကန်တော်၌ ကျင်းပသည်။
အခမ်းအနားသို့ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့်ဇနီး၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်ကျော်ကျော်နှင့်ဇနီး၊ အမြဲတမ်းအတွင်းဝန် ဦးခိုင်ထွန်းဦးနှင့် ဇနီး၊ တပ်ဖွဲ့/ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ အရာရှိကြီးများနှင့်ဇနီးများ၊ တာဝန်ရှိသူများ၊ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့်ဇနီးတို့ ဦးဆောင်ကာ ရွှေဝါ ငါးကြင်း၊ ငါးမြစ်ချင်းနှင့် ငါးခုံးမအပါအဝင် စုစုပေါင်း ငါးအကောင်ရေ ၃၀၀၀ ကို မင်္ဂလာကန်တော်အတွင်း သို့ ဇီဝိတဒါနအဖြစ် ကုသိုလ်ပြုလွှတ်ပေးခဲ့သည်။
ထို့နောက် ပြည်ထဲရေးဝန်ကြီးဌာနမိသားစု၏ မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ် နှစ်ဆန်းတစ်ရက်နေ့ သက်ကြီးဘိုးဘွားများအား ကန်တော့ပွဲအခမ်းအနားကို နေပြည်တော် ရုံးအမှတ်(၈) မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ် အရိန္ဒမာခန်းမ၌ ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီးနှင့်ဇနီး၊ ဒုတိယဝန်ကြီးနှင့်ဇနီး၊ အမြဲတမ်းအတွင်းဝန်နှင့်ဇနီး၊ တပ်ဖွဲ့/ဦးစီး ဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများ၊ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များ တက်ရောက်ခဲ့ကြပြီး ပြည်ထဲရေးဝန်ကြီးဌာန ဝန်ထမ်းများ၏ အတူနေမိသားစုဝင် အသက် ၈၀ နှင့်အထက် အဘိုးအဘွား ၈၆ ဦးတို့အနက် အခမ်းအနားသို့ တက်ရောက်နိုင်သူ အဘိုး ၁၀ ဦး၊ အဘွား ၁၀ ဦး စုစုပေါင်းအဘိုးအဘွား ၂၀ တို့ကို ပြည်ထောင်စုဝန်ကြီးနှင့်ဇနီးတို့က ဦးဆောင်ကာ မြန်မာ့ဓလေ့ထုံးတမ်းအစဉ်အလာနှင့်အညီ နှစ်သစ်ကူး ကန်တော့ပစ္စည်းများဖြင့် ပေးအပ်လှူဒါန်း ကန်တော့ခဲ့ကြပြီး ကန်တော့ခံ အဘိုးအဘွားများကိုယ်စား အဘွားတစ်ဦးက ဆုတောင်းမေတ္တာ စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်