နေပြည်တော် ဧပြီ ၁၇
၁၃၈၇ ခုနှစ် မြန်မာ့နှစ်သစ်ကူးအခါသမယတွင် နိုင်ငံသူ၊ နိုင်ငံသားများ ဥပဒ်ဘေးဒဏ်ရန်အသွယ်သွယ် အန္တရာယ်အဝဝ ကင်းစင်ပပျောက်စေနိုင်ရန်အတွက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ မြန်မာ့နှစ်သစ်ကူး အန္တရာယ်ကင်း ပရိတ်တရားတော်နာ အခမ်းအနားကိုယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး၌ ကျင်းပသည်။
အခမ်းအနားသို့ နိုင်ငံတော်သြဝါဒါစရိယ၊ နေပြည်တော်ကောင်စီနယ်မြေ တပ်ကုန်းမြို့ မဟာသီဟနာဒကျောင်းတိုက် ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တအာစိဏ္ဏ အမှူးပြုသော ဆရာတော်၊ သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူး ဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး ဝန်ကြီးဌာန (၄) ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုး၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက် ကြည်ညိုကြသည်။
အခမ်းအနားမစတင်မီ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူး ဗိုလ်ချုပ်ကြီး အောင်လင်းဒွေးသည် ဗုဒ္ဓရုပ်ပွားတော်မြတ်အား မြသပိတ်ဆွမ်း တော်၊ သောက်တော်ရေချမ်း၊ သစ်သီး ပန်းမန်များ ကပ်လှူပူဇော်သည်။
ထို့နောက် နိုင်ငံတော်သြဝါဒါစရိယ၊ နေပြည်တော်ကောင်စီနယ်မြေ တပ်ကုန်းမြို့ မဟာသီဟနာ ဒကျောင်းတိုက် ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တအာစိဏ္ဏထံမှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူးနှင့် ဧည့်ပရိသတ်များက ကိုးပါးသီလ ခံယူဆောက်တည်ကြပြီး သံဃာတော်အရှင်သူမြတ်များရွတ်ပွား သရဇ္ဈာယ်တော်မူသော အန္တရာယ်ကင်းပရိတ် တရားတော် များနှင့်အနန္တရာယိက ကမ္မဝါစာများကို နာယူကြည်ညိုကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူးနှင့် တာဝန်ရှိသူများက ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များအား လှူဖွယ်ဝတ္ထုပစ္စည်းများဆက်ကပ်လှူ ဒါန်းကြသည်။
ရေစက်သွန်းလောင်းအမျှပေးဝေ
ဆက်လက်၍ ဥပ္ပါတန္တိစေတီတော် ဂေါပကအဖွဲ့ ဩဝါဒါစရိယ၊ မာရဝိဇယ ဗုဒ္ဓရုပ်ပွား တော်မြတ်ကြီး တည်ဆောက်ရေး ဩဝါဒါစရိယ ဆရာတော်၊ နေပြည်တော်ကောင်စီ နယ်မြေပျဉ်းမနားမြို့ မင်္ဂလာဇေယျုံပါဠိတက္ကသိုလ် ကျောင်းတိုက် ပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ ဝိမလဗုဒ္ဓိထံမှ တက်ရောက်လာသည့် ဧည့်ပရိသတ်များက အနုမောဒနာတရား နာကြား၍ ရေစက်သွန်းလောင်း အမျှ ပေးဝေကြသည်။
အခမ်းအနားအပြီးတွင် ဆရာတော်၊ သံဃာတော်များအား နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများက နေ့ဆွမ်းဆက်ကပ် လှူဒါန်းကြသည်။
သတင်းစဉ်