နေပြည်တော် ဧပြီ ၁၇
မြန်မာနိုင်ငံတွင်လှုပ်ခတ်ခဲ့သည့် အင်အားပြင်း မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးမှုများ၊ အသက်ဆုံးရှုံးမှုများနှင့် ထိခိုက်ဒဏ်ရာရရှိမှုများ အမြောက်အမြား ဖြစ်ပေါ်ခဲ့ခြင်း အတွက် အီသီယိုပီးယားဖက်ဒရယ်ဒီမိုကရက်တစ်သမ္မတနိုင်ငံသမ္မတ မစ္စတာတေအီအက်စ်ကီ စီလက်ဆေက နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံသို့ ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့သည်။
အဆိုပါ သဝဏ်လွှာတွင် မန္တလေးနှင့် မြန်မာနိုင်ငံ၏ အချို့နေရာများတွင် မကြာသေးခင်က လှုပ်ခတ်သွားသော ငလျင်ကြောင့် ပြည်သူအများအပြားသေဆုံးပြီး ပျက်စီး ဆုံးရှုံးခြင်း များအတွက် မိမိအနေဖြင့် များစွာစိတ်မကောင်း ဖြစ်ရပါကြောင်း၊ ယခုကဲ့သို့ ဆုံးရှုံးမှုများနှင့် ပူဆွေးနေရသည့် အချိန်တွင် မိမိအနေဖြင့် မြန်မာအစိုးရ၊ မြန်မာပြည်သူများနှင့် အသက်ဆုံးရှုံးခဲ့ရသည့် ကျန်ရစ်သူမိသားစုများနှင့် ထပ်တူဝမ်းနည်းကြေကွဲရပါကြောင်း၊ ထိခိုက်ဒဏ်ရာ ရရှိသူများ အမြန်ဆုံးသက်သာပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ် ပါကြောင်းဟု ဖော်ပြပါရှိကြောင်း သတင်း ရရှိသည်။
သတင်းစဉ်