Skip to main content

နေပြည်တော်ကောင်စီနယ်မြေ၌ မြန်မာ့ရိုးရာသင်္ကြန် (အတက်နေ့) တွင် ကုသိုလ်ကောင်းမှုများစွာဖြင့် အေးချမ်းသာယာသောမဟာသင်္ကြန်အဖြစ် ကျင်းပဆောင်ရွက်နိုင်ခဲ့

နေပြည်တော် ဧပြီ ၁၆

သင်္ကြန်၏အနက်အဓိပ္ပာယ်တွင် ပြောင်းရွှေ့ခြင်း၊ ကူးပြောင်းခြင်းနှင့် ကောင်းခြင်းမင်္ဂလာတို့ တိုးတက်ပွားများလာစေရန် ဆေးကြောသန့်စင်ခြင်းဟူ၍ ဆိုသည့်အတိုင်း သင်္ကြန်အခါသမယတွင် ခေါင်းလျှော်ခြင်း၊ ရေပက်ဖျန်းကစားခြင်းတို့သည် အဆိုးအညံ့တို့ပျောက်စေပြီး အကောင်းအသန့်တို့ရောက်စေရန် ရည်သန်ဆေးကြောကြခြင်းဟု ဆိုရမည် ဖြစ်သည်။

ယနေ့ကျရောက်သည့် မြန်မာ့ရိုးရာသင်္ကြန် (အတက်နေ့) တွင်လည်း နေပြည်တော်ကောင်စီနယ်မြေအတွင်း၌ ပြည်သူများနှင့် ဝန်ထမ်းများသည် မြန်မာမှု၊ မြန်မာ့ဟန်၊ မြန်မာ့ရိုးရာယဉ်ကျေးမှုဓလေ့စရိုက်နှင့်အညီ အတီးအမှုတ်၊ အကအခုန်၊ အပျော်အပါး တို့လွှမ်းသော သင်္ကြန်ပုံရိပ်များကို ဖယ်ရှားကာ ယဉ်ကျေးသိမ်မွေ့စွာ ကုသိုလ်ကောင်းမှုများ ပြုလုပ်ကြပြီး တစ်ဦးနှင့်တစ်ဦး မြန်မာ့ရိုးရာသင်္ကြန်အစဉ်အလာနှင့်အညီ သပြေခက်ဖြင့် ရေပက်ကစားခြင်းနှင့် နှစ်ဟောင်းမှ အဆိုးအညံ့တို့ ပျောက်စေပြီး အကောင်းအသန့်တို့ ရောက်စေရန်ရည်ရွယ်၍ သန့်စင်ဆေးကြောခြင်း အဓိပ္ပာယ်ဖော်ဆောင်ကာ ရေပက်ကစားခြင်းတို့ ဆောင်ရွက်ကြသည်။

နေပြည်တော် ပြည်သူ၊ ပြည်သားများသည်လည်း ယနေ့နံနက်ပိုင်းမှ စတင်၍ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ တန်ခိုးကြီးဘုရား စေတီပုထိုးများ၊ မြို့ပေါ်ရပ်ကွက်များရှိ စေတီပုထိုးများနှင့် ကျောင်းကန်ဇရပ်များတွင် မိသားစုအလိုက်သော်လည်းကောင်း၊ သူငယ်ချင်းအပေါင်းအသင်းများနှင့်သော်လည်းကောင်း လာရောက်ကြကာ ပန်း၊ ရေချမ်း၊ ဆီမီးများကပ်လှူပူဇော်ကြခြင်း၊ ဘာသာရေးဝတ်အသင်းအဖွဲ့များ၊ ဒေသခံပြည်သူများ၊ ဝန်ထမ်းမိသားစုများ၊ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာရောက်ကြသူများသည် တရားဘာဝနာပွားများခြင်း၊ ဝတ်ရွတ်ပူဇော်ခြင်း၊ ကုသိုလ်ဒါနဘေးမဲ့လွှတ်ခြင်း၊ အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခြင်း၊ တရားရိပ်သာများ၌ တရားစခန်းဝင်ခြင်းနှင့် စတုဒိသာကျွေးမွေးလှူဒါန်းခြင်းများကို စိတ်အေးချမ်းစွာ ဆောင်ရွက်ကြသည်။

ထို့အတူ သက်ကြီးဘိုးဘွားများကိုလည်း ခေါင်းလျှော်ပေးခြင်း၊ ခြေသည်းလက်သည်းညှပ်ပေးခြင်း၊ မြန်မာ့ရိုးရာမုန့်များကို စုပေါင်းပြုလုပ်၍ စတုဒိသာများကျွေးမွေးလှူဒါန်းခြင်း၊ ရဟန်းသံဃာများအား ဆွမ်းများလောင်းလှူခြင်း စသည့်ကုသိုလ်ကောင်းမှုများ ပြုလုပ်၍လည်း နှစ်သစ်ကို ကြိုဆိုကြသည်။

ထို့အတူ နေပြည်တော်ကောင်စီနယ်မြေအတွင်း၌လည်း အပျော်အပါး သီဆိုကခုန်မှုများမပါဝင်ဘဲ ရိုးရာယဉ်ကျေးမှုနှင့်အညီ အေးချမ်းသာယာသောသင်္ကြန် (အေးသင်္ကြန်) အဖြစ် ကျင်းပလျက်ရှိကြရာ နေပြည်တော်မြို့တော်ဝန်မဏ္ဍပ်တွင်လည်း တစ်ဦးနှင့်တစ်ဦး သပြေခက်ဖြင့်သော်လည်းကောင်း၊ ရေဖလားဖြင့်သော်လည်းကောင်း ယဉ်ကျေးသိမ်မွေ့စွာ ရေပက်ဖျန်းပေးကြပြီး စတုဒိသာမဏ္ဍပ်များ၌ အသင့်တည်ခင်းထားသည့် မြန်မာ့ရိုးရာမုန့်မျိုးစုံကိုလည်း ပြည်သူများ စားသုံးနိုင်ရန် ဝေငှလှူဒါန်းပေးကြသည်။

ထို့ပြင် နေပြည်တော် လမ်းလျှောက်သင်္ကြန်မဏ္ဍပ်၌လည်း နှစ်ဟောင်းတွင် ကိန်းအောင်းနေသည့် ဘေးဥပဒ်အန္တရာယ်များ၊ အဆိုးအညံ့များအား ပပျောက်ကင်းစင်ကာ သန့်ရှင်းခြင်းသို့ ရောက်ရှိစေရန် အဓိပ္ပာယ်ဖော်ဆောင်သည့်အနေဖြင့် ရေဖလားများဖြင့် ညီရင်းအစ်ကို မောင်နှမသဖွယ်ယဉ်ကျေးသိမ်မွေ့စွာ ရေပက်ကစားကြသည့်အပြင် ကုသိုလ်ကောင်းမှုအလှူအတန်းများအနေဖြင့် သက်ကြီးရွယ်အိုများအား ခေါင်းလျှော်ပေးခြင်း၊ ခြေသည်းလက်သည်းညှပ်ပေးခြင်းနှင့် နေ့စဉ်နံနက်နှင့် ညနေပိုင်းများတွင် ပါဝင်ဆင်နွှဲကြသည့် ပြည်သူများကို စတုဒိသာကျွေးမွေးလှူဒါန်းခြင်းမြင်ကွင်းသည်လည်း မြန်မာတို့၏ ကုသိုလ်ကောင်းမှုသဒ္ဓါတရားထက်သန်မှုကို ဖော်ကျူးလျက်ရှိသည်။

အဆိုပါ အေးသင်္ကြန်မဏ္ဍပ်များတွင် မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ကို လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်အဖြစ် ပါဝင်နိုင်ရန် ကြိုးပမ်းဆောင်ရွက်နေမှုကို ဂုဏ်ပြုသောအားဖြင့် သနပ်ခါးလိမ်းခြယ်ခြင်းကဏ္ဍလည်း ထည့်သွင်းထားရာ အများပြည်သူများ အထူးစိတ်ဝင်စားစွာဖြင့် မြန်မာ့သနပ်ခါးကို မြတ်နိုးစွာ လိမ်းခြယ်ကြသည်။

နေပြည်တော်ကောင်စီနယ်မြေအတွင်း ကျင်းပသည့် အေးသင်္ကြန်မဏ္ဍပ်များသို့ ပါဝင်ဆင်နွှဲကြသည့် အများပြည်သူများအနေဖြင့်လည်း ဟီရိဩတ္တပ္ပကင်းသော အဝတ်အစားများ ဝတ်ဆင်ကြခြင်း၊ မူးယစ်သောက်စားရန်ဖြစ်ကြခြင်း စသည့်အပြုအမူများကို ရှောင်ကြဉ်ကြကာ မြန်မာဆန်သည့် အဝတ်အစားများဖြင့် မြန်မာ့မှု၊ မြန်မာ့ဟန်များကို ထုတ်ဖော်ပြသလျက်ရှိသည်။

အလားတူ မြို့နယ်၊ ရပ်ကွက်အလိုက် စတုဒိသာများ ကျွေးမွေးခြင်း၊ သင်္ကြန်မဏ္ဍပ်ငယ်များ ဆောက်လုပ်ကာ တစ်ဦးနှင့်တစ်ဦး အေးချမ်းစွာ ရေပက်ကစားခြင်းတို့ဖြင့် အေးချမ်းသာယာသောသင်္ကြန် (အေးသင်္ကြန်အတက်နေ့) ကို ဖြတ်သန်းကြကာ နှစ်သစ်ကို စိတ်အေးချမ်းသာယာမှုနှင့်အတူ ကုသိုလ်ကောင်းမှုများပေါင်းစုကာ အတူတကွဖြတ်သန်းခဲ့ကြသည်။

သတင်းစဉ်