အတန်ငယ်ငြိမ်သက်နေသော သမဝါယမသည်ကား ကိုဗစ် - ၁၉ ကာလအတွင်းမှာ လှုပ်ခတ်လာခဲ့ချေပြီ။ အားလုံးသိကြသည့်အတိုင်းပင် ကိုဗစ် - ၁၉ ကြောင့် မြန်မာပြည်၏ စိုက်ကုန် တော်တော်များများ တရုတ်ပြည်သို့ တင်ပို့၍မရတော့။ ထွက်ရှိလာသော ထွက်ကုန်များကလည်း ဘယ်လိုလုပ်ရမည်မသိ။
သည်အတိုင်း ကြည့်နေရုံကတော့ ဘာမှဖြစ်လာမည် မဟုတ်။ ပစ္စည်းများကလည်း ရေရှည်အထားမခံသည် လည်း ရှိသည်။ အထားခံတာကလည်း ရှိသည်။ ပစ္စည်းများ ရောင်းမထွက်တော့ အချိန်ကုန်ငွေ ပုပ်ချေပြီ။ သည်အတိုင်းတာဆို နောင်နှစ်ဘယ်လိုပြန်ရင်းရပါ့ဟု တောင်သူများ သောကများနေကြရပြီ။ မိမိတို့ သွေးချွေး တို့ဖြင့် ရင်းနှီးထားရသော ထွက်ကုန်များ အဟောသိကံ ဖြစ်တာကိုလည်း အဖြစ် မခံနိုင်။ ရှုံးသည်၊ မြတ်သည် အသာထား။ စားသုံးသူလက်ထဲ အကျိုးရှိစွာ ရောက်ရှိ သွားမည်ဆိုလျှင် တောင်သူဦးကြီးများ စိတ်ချမ်းမြေ့ကြ ရမှာ အမှန်။
ယခုတော့ ကြည့်ပါဦး၊ ရှမ်းပြည်ထွက် ဂေါ်ဖီထုပ်တွေ မရောင်းနိုင်ဖြစ်နေပြီ။ မကွေးတိုင်း ဆိပ်ဖြူကြက်သွန်နီ များကလည်း ထိုနည်းလည်းကောင်း၊ ရှမ်းပြည်မှ မဟုတ်၊ စိုက်ပျိုးရေးထွက်ကုန်ဖြင့် အဓိက အသက်မွေးဝမ်း ကျောင်းပြုနေကြသော အနယ်နယ်အရပ်ရပ်ရှိ တောင်သူ ဦးကြီးများလည်း အခက်အခဲရှိကြမည်ဖြစ်သည်။
ရှမ်းပြည်နယ်မှ တောင်သူဦးကြီးများမှာ အဆင်မပြေမှုများ၊ ညည်းညူသံများ ကြားသိနေရသောအခါ ကမ္ဘောဇ ဘဏ်နာယက ဦးအောင်ကိုဝင်းက တောင်သူများ အရင်းအနှီး ပြန်လည်ရစေခြင်းငှာ၊ တောင်သူများ ထံမှ ဂေါ်ဖီထုပ်များဝယ်၍ လှူဒါန်းခဲ့သည်ဟု ဆိုပါသည်။ အလားတူ ရှမ်းပြည်နယ် သမဝါယမအသင်းစုချုပ်က ကုန်ပစ္စည်းများ လက်ခံဖြန့်ဖြူးပေးနိုင်မည့် တိုင်းဒေသ ကြီး/ ပြည်နယ်သမဝါယမ အသင်းစု ချုပ်များနှင့် ချိတ်ဆက်၍ ပေးပို့ခဲ့ပါသည်။ ရှမ်းပြည်နယ်သမဝါယမ အသင်းစုချုပ်က ပေးပို့လိုက်သည်ဆိုသော်လည်း ကုန်မှာ ယူထားသော တိုင်းဒေသကြီး/ပြည်နယ် အသီးသီးမှ သမဝါယမ အသင်းစုချုပ်များက သယ်ယူစရိတ်ခံယူကြ ရသည်သာ။ ၎င်းတို့မှတစ်ဆင့် သက်ဆိုင်ရာ မြို့နယ်သမဝါယမအသင်းစုများက ကုန်အရေအတွက် အချိန် အလိုက် အချိုးကျ ကျခံကြရမည် ဖြစ်သည်။
တစ်သွေးတည်း တစ်သားတည်း စိတ်ဓာတ်
ရှုံးသည်၊ မြတ်သည် ပဓာနမထား။ အရေးကြီးက သွေးနီးကြဆိုသလိုပင် သမဝါယမသည် အခက်တွေ့နေ သော တောင်သူဦးကြီးများအတွက် တစ်ဖက်တစ်လမ်းမှ တာဝန်ယူထမ်းရွက်လိုက်ခြင်းပင်။ တောင်သူ ဦးကြီးများ သည် သမဝါယမအသင်းသားများ ဖြစ်ကောင်းမှဖြစ်မည်။ သည်လိုအတိဒုက္ခရောက်နေချိန်တွင် တစ်သွေးတည်း တစ်သားတည်း စိတ်ဓာတ်ဖြင့် သမဝါယမအသိ စိတ်ဓာတ်ဖြင့် ဖြန့်ဖြူးပေးခြင်းသာဖြစ်သည်။
အရောင်မဆိုး၊ အကျိုးမမျှော်ကိုးသည့် သမဝါယမ သည် စားသုံးသူ ပြည်သူများ၊ သမဝါယမ အသင်းသားများ လက်ဝယ်အရောက် စေတနာဖြင့် ဝေငှခြင်းများပြုနိုင် ခဲ့သည်။ တစ်နည်းဆိုရသော် အိပ်မော ကျနေသော သမဝါယမအသင်းသားများ၏ မှတ်ဉာဏ်ကို လှုပ်ခတ် နှိုးဆွလိုက်ခြင်းပင်။
သည့်နောက်တော့ မကွေးဆိပ်ဖြူက ကြက်သွန်နီများကို ရှမ်းပြည်နယ် သမဝါယမအသင်းစုချုပ်သို့ လည်းကောင်း၊ ရှမ်းပြည်နယ် သမဝါယမအသင်းစုချုပ်မှ မကွေးတိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်သို့ ရှမ်းပြည်ဒေသထွက် ကြက်သွန်ဖြူ၊ အာလူးတို့ကို အပြန် အလှန်ကုန်စည်စီးဆင်းခြင်းဖြင့် သမဝါယမအခန်းကဏ္ဍ ကို နှိုးကြားစေလိုက်သည်။ စျေးနှုန်းလည်း သက်သာ၊ အချိန်လည်းမှန်သော ကုန်ပစ္စည်းများကို လျင်လျင် မြန်မြန် ဖြန့်ဖြူးနိုင်ရန် အရေးကြီးပါသည်။ ကုန်ပစ္စည်း များက မိုးထဲလေထဲက ရောက်ရှိလာသည် မဟုတ်ပါလား။
ထို့ကြောင့်လည်း ကုန်ပစ္စည်းများ မရောက်လာ ခင်ကတည်းက ဝယ်ယူလိုသော အခြေခံသမဝါယမ အသင်းများနှင့် ချိတ်ဆက်ထားပြီးဖြစ်သည်။ အခြေခံ သမဝါယမအသင်းဟုဆိုရာတွင် ရောင်းဝယ်ရေး သမဝါယမ အသင်းသာမဟုတ်၊ ရပ်ကွက်/ကျေးရွာကိုယ်စားပြုအသင်း များ၊ လက်လုပ် လက်စား ငွေစုငွေချေး သမဝါယမ အသင်းများ၊ အသေးစားငွေစုငွေချေး သမဝါယမအသင်းများ လည်း ပါဝင်ပေသည်။
သည်လို ဝယ်ယူအောင်လည်း အခြေခံအသင်းများကို စည်းရုံးရပါသည်။ အမှန်ဆိုရပါလျှင် အခြေခံသမဝါယမ အသင်း တော်တော်များများသည် ငွေစုငွေချေးသမဝါယမ အသင်းများမှတစ်ပါး အသင်းဆိုင် မြေနေရာ ငှားရမ်းခြင်း၊ ဆိုင်ခန်းငှားရမ်းခြင်းဖြင့်သာ မျောပါနေကြသည်က များပါသည်။
ယခုလည်း ကြည့်လေ၊ မခင်မွှေးတို့မြို့နယ်က ရောက်ရှိလာသော ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ အာလူးတို့ကို ဆိုင်အရောက်ပို့စနစ်ဖြင့် ဖြန့်ဖြူးရောင်းချ ပေးခဲ့သည်။
သမဝါယမအပေါ် ယုံကြည်အားကိုးမှု
သည်တော့လည်း လျင်မြန်၊ မြန်ဆန်စနစ်ဖြင့် အရောက်ပို့လိုက်ခြင်းက ပို၍အကျိုးရှိပေလိမ့်မည်။ စျေးနှုန်း သက်သာ၊ အချိန်မှန်ကန်စွာ ရောက်ရှိလာသော ပစ္စည်းကို အသင်းသားများ စားသုံးရခြင်းသည် ငြိမ်သက် နေသော သမဝါယမအပေါ် ယုံကြည်အားကိုးမှုများ ရှိလာလိမ့်မည်ဟု မခင်မွှေး တွေးထင်မိပါ၏။ ဤသို့ ဆောင်ရွက် ပေးခြင်းအားဖြင့် ကုန်ပစ္စည်းမှာယူလိုသော အသင်းများလည်း ရှိလာသည်။ ထိုသို့ တကူးတက သွားရောက်ပို့ဆောင်ပေးရသည့်အတွက် မြို့နယ်သမဝါယမအသင်းစုအတွက် အရှုံးကာမိစေခြင်းငှာ၊ စရိတ်အနည်းငယ် တင်ခဲ့ရပါသည်။ အခြေခံသမဝါယမ အသင်းများသည်လည်း စိတ်ပါဝင် စားလာသည်ဟု ဆိုရ ပေမည်။ အသင်းများလှုပ်ရှားလာခြင်းသည် ကောင်းမွန် သောလက္ခဏာပင် မဟုတ်ပါလော။ အသင်းများပါဝင် လှုပ်ရှားလာခြင်းအားဖြင့် အသင်းသားများလည်း ပါဝင်လာနိုင်ပါသည်။ သမဝါယမအသင်းသား မရှိလျှင် သမဝါယမအသင်း မဖြစ်နိုင်။ သမဝါယမအသင်းမရှိလျှင် သမဝါယမအသင်းစုများလည်း မရှိနိုင်။ သမဝါယမ အသင်းစုမရှိလျှင် သမဝါယမအသင်းစုချုပ်လည်း ရှိနိုင် မည်မဟုတ်။ သမဝါယမအသင်းစုချုပ်များ မရှိလျှင် ဗဟို သမဝါယမအသင်းသည်လည်း ရှိနိုင်ပါမည်လား။ မခင်မွှေး တွေးမိတာပါ။
အသင်းသားသည် တစ်ဦးတစ်ယောက်မှ စ၍ ဖွဲ့စည်း ရပါသည်။ ဤသို့ အသင်းသားများ စိတ်ပါဝင်စားလာ အောင် စားသုံးသူများ၏ လိုအပ်ချက်၊ အကျိုးစီးပွားကို ဖြည့်စွမ်းနိုင်မှသာ အသင်းဟူ၍ ရေရှည်တည်တံ့ပါမည်။
သမဝါယမဦးစီးဌာနနှင့် သမဝါယမအသင်းစုဟူသည် ခေါင်းနှင့်ပန်းသဖွယ်ဖြစ်သဖြင့် အတူတကွ ပူးပေါင်း ဆောင်ရွက်ကြမည်။
ပထမကိုဗစ်ကာလတုန်းက မခင်မွှေးတို့နေထိုင် ရာဝင်းရှိ သက်ဆိုင်ရာလူကြီးများက လကုန်ပေးစနစ်ဖြင့် စားသောက်ကုန်များ ရောင်းချပေးခဲ့ဖူးသည်။ ခိုင်မာသော အလုပ်သမားများ ဖြစ်သောကြောင့် လကုန်သည်နှင့် ကြွေးမြီများကောက်ခံခဲ့သည်။ သူတို့လည်း အခက်အခဲ ဖြစ်နေချိန်ဆိုတော့ ဝမ်းသာအားရ အားပေးခဲ့ကြသည် လေ။
သည်အတွေ့အကြုံလေးကို မခင်မွှေးက ကျင့်သုံး လိုက်၏။ အမြတ်ကို အဓိက မထား။ စရိတ်စကအတွက် တော့ ထည့်တွက်ရသည်။ သည့်အတွက် အကျိုးအမြတ် ကတော့ မခင်မွှေးအတွက် တစ်လသုံးရန် ကုန်ပစ္စည်းများ လက်ဝယ်ကျန်ရစ်ခဲ့သည်။ သည်တစ်လအတွက်တော့ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ အာလူးဝယ်မစားရတော့ပြီ။ အလုပ်လုပ်သောအကျိုးကို မခင်မွှေး သဘောပေါက် သွားပြီ။ အရင်းအနှီး ကလည်း မစိုက်ရ။ မြို့နယ်သမဝါယမ အသင်းစုက လကုန်ထိ ဆိုင်းပေးခဲ့သည့်အတွက် မခင်မွှေး စိုက်ထုတ်လိုက်သည်က ဝါယမသာဖြစ်သည်။ သည့်ထက် ပိုရောင်းလျှင် ပိုအမြတ်အစွန်း မကျန်နိုင် ပါပြီကော။ သမဝါယမဟူသည်လည်း အတ္တလည်းမဟုတ်၊ ပရဟိတ လည်း မဟုတ်။ အတ္တနှင့်ပရဟိတ ပေါင်းစပ်ထားခြင်းသာ ဖြစ်သည်။ ဆီရောင်းလျှင် ဆီခွက်ထဲကျန်သည်ကိုတော့ ပိုင်ဆိုင်ခွင့်ရမည်မှာ အမှန်ပင်။
သည်နေရာတွင် မခင်မွှေး အတွေးတစ်ခုဝင်ပါ၏။ မခင်မွှေးသည် အခြေခံစားကုန်ရောင်းချသော အသင်း၏ ဥက္ကဋ္ဌဆိုပါတော့။ မိမိအသင်းတိုးတက်အောင် ဤသို့ မစွမ်းဆောင်သင့်ဘူးလား။ မြို့နယ် သမဝါယမ အသင်းစုမှ အခြေခံဟင်းများကို စားသောက်ကုန်များလက်ကား စျေးဖြင့် ရောင်းချပေးလျှင်ကော။ သို့တည်းမဟုတ် အမှန် တကယ် ရောင်းချလိုသည့် အခြေခံသမဝါယမအသင်း များအတွက် ချေးငွေများ ပံ့ပိုးပေးမည်ဆိုပါလျှင် အသင်း များ သက်ဝင်လှုပ်ရှားလာပေလိမ့်မည်။ မြို့နယ်သမဝါယမ အသင်းစုသည် ငွေချေးပေးရန် အခြေအနေရှိကောင်း ရှိချင်မှ ရှိပေလိမ့်မည်။ မြို့နယ်သမဝါယမအသင်းစုမှလည်း တိုင်းသမဝါယမအသင်းစုချုပ်များသို့ ဆက်လက်တင်ပြ ပေးမည်ဆိုလျှင် တိုးတက်ရွေ့လျားနိုင်ပါသည်။
တိုင်းသမဝါယမအသင်းစုချုပ်များမှလည်း ချေးငွေထုတ်ပေးခြင်းသော်လည်းကောင်း၊ အနယ်နယ် အရပ်ရပ်မှ ပေးပို့လာသောကုန်များကို ပွဲရုံသဖွယ် စဉ်ဆက်မပြတ် ဖြန့်ဖြူးပေးနိုင်မည်ဆိုပါလျှင် တစ်ဆင့်ခံ ကုန်သည်များအား အမြတ်ပေးဝယ်ခြင်းမှ ကင်းဝေးသွားပေလိမ့်မည်။ ဤသို့ဆိုပါလျှင် သမဝါယမအသင်း များအတွက် အမြတ်ပိုကျန်လာမည်ဖြစ်သည်။
ကုန်စည်များ ချိတ်ဆက်ပေးလျက်ရှိ
ယခုဆိုလျှင် သမဝါယမသတင်းနှင့် ပညာပေးရေးမှ သမဝါယမဦးစီးဌာနများအား ဖိတ်ခေါ်ကာ ကုန်စည်များ ချိတ်ဆက်ပေးလျက် ရှိပါသည်။ မကြာသေးမီက ရှမ်းပြည်နယ်မှ မြေပဲဆန်အနီနှင့် အဖြူများ ရောင်းချ လိုကြောင်း တင်ပြလာခြင်းအပေါ် ချိတ်ဆက်ပေးခဲ့ရာ ညောင်ဦးမြို့နယ်အတွင်း သမဝါယမအသင်းပိုင် ဆီစက်မှ ပိဿာချိန် ၄၀၀၀ ဝယ်ယူနိုင်ခဲ့ပါသည်။ အသင်းပိုင် ဆီစက်မှ မြေပဲဆီစစ်စစ်ရရှိစေပြီး ပြင်ပပေါက်စျေး တစ်ပိဿာငွေကျပ် ၆၀၀၀ ထက် လျှော့၍ ငွေကျပ် ၅၆၀၀ စျေးဖြင့် ရောင်းချပေးနိုင်ခဲ့ပါသည်။
ဤသို့ဆိုပါလျှင် သမဝါယမလုပ်ငန်းများ မအောင် မြင်သလောဟု မေးလာပါက အောင်မြင်နေသော အသင်းများစွာ ရှိနေသည်ဟု ဖြေပါမည်။ သာဓကပြရလျှင် ရန်ကုန်တိုင်းတွင် ခရမ်းမြို့နယ် ကုန်ပဒေသာ ဆိုင်၊ ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ်ရှိ စိန်နဂါးစက်မှုလက် မှုကုန်ထုတ်သမဝါယမအသင်းမှ သဘာဝဓာတ်ငွေ့အသုံး ပြု၍ မီးခံအုတ်နှင့် မီးခံမြေမှုန့်များ၊ လျှပ်စစ်သုံးကြွေသီး မျိုးစုံ ပစ္စည်းများ၊ ဘိုင်အိုဒီဇယ် သုံး ဖန်ပုလင်းများ၊ ဆေးဝါးစက်ရုံသုံး ဆေးပုလင်းများ၊ အလှဆင်ဖန်ထည် ပစ္စည်းများ ထုတ်လုပ်ပြီး နိုင်ငံပိုင်စက်ရုံ၊ အလုပ်ရုံများ၊ ဆေးဝါးစက်ရုံများနှင့် ပုဂ္ဂလိကစက်ရုံများသို့ ဖြန့်ဖြူး ရောင်းချခြင်း၊ အင်းစိန်မြို့နယ်မှ ဆေးဝါးကျွမ်းကျင်သူများ သမဝါယမအသင်းမှ ဆေးဝါးများ ထုတ်လုပ်ရောင်းချ ပေးခြင်း၊ ကြည့်မြင်တိုင်မြို့နယ်ရှိ သီရိစန္ဒာသမဝါယမ အသင်းမှ ပြည်တွင်း ပြည်ပကုမ္ပဏီအဖွဲ့အစည်းများ က ကုန်ကြမ်းပေးအပ်နှံလာသော အထည်များအား လုပ်ခပေး CMP စနစ်ဖြင့် လက်ခံချုပ်လုပ်ပေးခြင်းဖြင့် ပြည်တွင်းပြည်ပ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးခြင်း၊ ပြည်ပပို့ကုန် တင်ပို့နိုင်ခြင်းဖြင့် နိုင်ငံခြားဝင်ငွေရအောင် ဆောင်ရွက်ပေးခြင်း၊ သည့်အပြင် ရှမ်းပြည်နယ် လွိုင်လင်ခရိုင်အတွင်းရှိ Green Gold ကော်ဖီစိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းမှ ပြင်သစ်နိုင်ငံသို့ အရည်အသွေးပြည့်မီ ကော်ဖီ တန်ချိန် ၁၉ ဒသမ ၂ တန် တင်ပို့နိုင်ခြင်းဖြင့် နိုင်ငံခြား ဝင်ငွေရရှိ အောင် ဆောင်ရွက်ပေးခြင်း၊ ပြည်တွင်းအနေဖြင့် ကျိုက်ထိုမြို့နယ် သမဝါယမအသင်းစုမှ နှစ်လတ်သီးနှံနှင့် ရာသီပေါ်သီးနှံများ စိုက်ပျိုးခြင်း၊ တနင်္သာရီ တိုင်းမှ ရေထွက်ပစ္စည်းများကို စားသုံးသူလက်ဝယ်အရောက် ရောင်းချပေးခြင်း၊ ကန်ကြီးထောင့်မြို့နယ် သမဝါယမ အသင်းများမှ ပေါ်ဆန်းမွှေးမျိုးစေ့ ထုတ်လုပ်စိုက်ပျိုးခြင်း၊ မေမြို့မြို့မစျေးကြီးမှ ငွေစုငွေချေးလုပ်ငန်း၊ ညောင်ဦး မြို့နယ်ရှိ သယ်ယူပို့ဆောင်ရေးလုပ်ငန်း၊ နေပြည်တော်ရှိ သမဝါယမ အသင်းများက လယ်ယာအထောက်အကူပြု ဝန်ဆောင်မှုလုပ်ငန်းများဖြင့် နိုင်ငံတော်၏ လယ်ယာ ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးလျက်ရှိ ခြင်း၊ ရပ်စောက်မြို့နယ်မှ ရွှေချင်းစိမ်းမျိုးစေ့ ထုတ်လုပ် ရောင်းချခြင်း၊ မြောင်းမြမြို့နယ်ရှိ မြမျိုးသန့်မျိုးစေ့ သမဝါယမအသင်းက မျိုးစေ့စပါးများ ထုတ်လုပ်ရောင်းချ ခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။
အောင်မြင်နေသော သမဝါယမပုံရိပ်များ
ဤကဲ့သို့ အောင်မြင်နေသော သမဝါယမပုံရိပ်များကို မြင်တွေ့ကြားသိနေရသောအခါ အလွန် ဝမ်းသာပီတိဖြစ် ရပါသည်။ မြန်မာနိုင်ငံအနှံ့အပြားရှိ လက်လုပ်လက်စား သမဝါယမအသင်းများအား
ချေးငွေများ ထုတ်ချေးပေးနိုင်ခဲ့သလို မွေးမြူရေးလုပ်ငန်းများကိုလည်း ချေးငွေများ ထုတ်ချေးပေးလျက် ရှိပါသည်။ အမှန်အကန်လုပ်ဆောင်သော သမဝါယမ အသင်းများအနေဖြင့် အကျိုးစီးပွား ဖြစ်ထွန်းတာ အမှန်ပင်။
ဥပမာ ပြရပါလျှင် ရှမ်းပြည်နယ် နောင်ချိုမြို့နယ် အသင်းစုမှ Exim Bank ချေးငွေများ ထုတ်ချေးနိုင်ခြင်းဖြင့် ကိုယ်ပိုင်မြေအဆောက်အအုံမရှိသော အခြေအနေမှ အသင်းပိုင်မြေနှင့် အဆောက်အအုံ ဆောက်လုပ်နိုင်ခြင်း များ လုပ်ဆောင်နိုင်ခဲ့ပါသည်။ ဤကဲ့သို့ အားနည်းချက်၊ အားသာချက်များ ရေးသားတင်ပြခြင်းအပေါ် မျက်လုံး စိမ်းဖြင့် မကြည့်ပါဘဲ၊ မိမိတို့အသင်းနှင့် အသင့်လျော်ဆုံး လုပ်ငန်းများဖြင့် စွမ်းဆောင်ကြစေလိုပါသည်။
ဤသို့ဆိုလျှင် ဆိုင်ခန်းငှားရမ်းခလေး တစ်ခုတည်း ပေါ် မှီခိုပြီး ဝန်ထမ်းလစာ၊ အမှုဆောင် လစာများ ရယူနေ သော သမဝါယမအသင်းများလည်း ပြောင်းလဲချိန်တန်ပြီ ဟု ဆိုချင်ပါသည်။ ငိုက်မြည်းနေသော သမဝါယမဝန်ထမ်း များသည် နိုးထချိန်တန်ပါပြီ။ မခင်မွှေး မြင်သမျှ၊ တွေ့ သမျှ ရေးသားတင်ပြခြင်းအပေါ် မျက်လုံးစိမ်းဖြင့် မကြည့်ပါဘဲ မိမိတို့အသင်းနှင့် အသင့်လျော်ဆုံး အလုပ်များဖြင့် စွမ်းဆောင်ကြ စေချင်ပါသည်။
နှစ်တစ်နှစ်၏ အရပ်ရပ်ဆိုင်ရာ အစည်းအဝေး ပြုလုပ်၍ မခင်မွှေးအား ဖိတ်ကြားခံရတိုင်း အချို့သော အသင်းများကို မခင်မွှေး အကြံပြုစကားဆိုလေ့ ရှိပါ သည်။
ဥပမာ - အမှန်တကယ် ဝင်ငွေလိုအပ်နေသော အိမ်နေရင်း ဝင်ငွေရရှိနိုင်သော စက်ချုပ်လုပ်ငန်းကို လုပ်ကိုင်လိုသော အသင်းသားရှိသည် ဆိုပါတော့၊ ထိုအသင်းသားအား အပ်ချုပ်စက်တစ်လုံးကို အရစ်ကျ စနစ်ဖြင့် ရောင်းချပေးလျှင် မဖြစ်နိုင်ဘူးလား။ ဆိုင်ကယ် ကယ်ရီဆွဲနေသော အသင်းသားတစ်ဦးကို ကိုယ်ပိုင် ဆိုင်ကယ်လေးဖြစ်လာအောင် နေ့သွင်းစနစ်ဖြင့် ဆိုင်ကယ်ဝယ်ပေးလျှင်ကော အသင်းဝင်ငွေမတိုးနိုင် ပေဘူးလား။ ကိုယ်ပိုင်အိမ်ဆိုင်လေး တည်ချင်သော အသင်းသားတစ်ဦးကို ချေးငွေများအရစ်ကျချေးပေးလျှင် မဖြစ်နိုင်ပေဘူးလား။
အဝေးကြီး၊ အကြီးကြီး မစဉ်းစားပါဘဲ တစ်နိုင်တစ်ပိုင်လေး စတင်ရုံဖြင့် အကျိုးအမြတ် စတင်ရရှိလာ နိုင်ပါလိမ့်မည်။ သမဝါယမတစ်သင်းမှစ၍ အနယ်နယ် အရပ်ရပ်ရှိ သမဝါယမအသင်းများအထိ သမဝါယမ အသိစိတ်ဓာတ်ဖြင့် စွမ်းဆောင်ကြမည်ဆိုလျှင် သမဝါယမရေစီးကြောင်းသည် စဉ်ဆက်မပြတ် စီးဆင်းနေသော မြစ်တစ်စင်းအဖြစ် ရှင်သန်နေပေလိမ့်မည်ဟု မခင်မွှေး ယုံကြည်မိပါကြောင်း။ ။
ခိုင်လွမ်းဝေ (ကန္ဒရဝတီ)