စီးပွားရေးတိုးတက်ဖွံ့ဖြိုးမှုအညွှန်းကိန်းများတွင် ငွေဖောင်းပွခြင်း၊ -စားသုံးကုန်ဈေးနှုန်းကြီးမြင့်ခြင်း၊ ထုတ်ကုန် ထွက်ကုန်ပစ္စည်းတို့၏ ဈေးနှုန်းကြီးမြင့်ခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းနှင့် အလုပ်လက်မဲ့နှုန်း စသည်တို့ကအခြေခံလူတန်းစားတို့တိုက်ရိုက် -ထိခိုက်ရသည့် ပြဿနာများ ဖြစ်၏။
ယနေ့ကြုံတွေ့ရသော ကိုဗစ်ရောဂါကမ္ဘာပေါ်သို့ ရုတ်တရက် ကျရောက်လာသည့်အခါ လူတို့၏အသက်ရှင် သန်ရေး ဝေဒနာတို့မှ ကင်းဝေးရေးစသည့် ကျန်းမာရေးဆိုင်ရာ ရုန်းကန်ရသည်တို့ သာမက စီးပွားရေး လုပ်ငန်းများ ရပ်ဆိုင်းရမှုကြောင့် အလုပ် လက်မဲ့များပေါ်ပေါက်လာရမှုနေ့စဉ်ဝင်ငွေနှင့် နေထိုင်စားသောက် ရေးကအစ အခြေခံလူတန်းစားတို့အကြား ထိခိုက်မှုများကလည်း ကြီးမားသော စိန်ခေါ်မှုများပင် ဖြစ်ပါ၏။
များစွာသော စက်ရုံအလုပ်ရုံများကို ယာယီအားဖြင့် ပိတ်ထားရ၏။ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း၊ ပြည်တွင်းခရီးသွားလုပ်ငန်း များဆိုလျှင် လုံးဝရပ်ဆိုင်းသွားသလောက်ဖြစ်ခဲ့ပြီ။ တစ်နယ်မှ တစ်နယ်သို့ ရောဂါပိုး ကူးစက်ပြန့်ပွားမှုအန္တရာယ်ကို စိုးရိမ်ရသည့် အတွက် လမ်းပန်းဆက်သွယ်ရေး အခက်အခဲများ ကလည်း များစွာပေါ်ပေါက်လာ၏။ အပန်းဖြေခရီးစဉ် ဟူသည်မရှိတော့။ မိသားစု မဖြစ်မနေသွားရ သည်ကလွဲ၍ ဘုရားဖူးခရီးစဉ်၊ အလည် အပတ်ခရီးစဉ်ဟူ၍ မရှိတော့။ ဆေးကုသရေး အတွက် သွားလာ ရသည်များ၊ စီးပွားရေးလုပ်ငန်းများအတွက် သွားလာရသည်များ သည်လည်း ရပ်တန့်သွား၊ ခက်ခဲသွား ဖြစ်ရလေသည်။ ။
ယင်းတို့နှင့်အတူ နိုင်ငံတစ်ဝန်း ကုန်စည်စီးဆင်းမှု အရှိန် သည်လည်း တုံ့နှေးသွားခဲ့လေရာ အခြေခံစားကုန် များကုန်သွယ် ဖြန့်ဝေရေးအကျပ်အတည်းဖြစ်ရလေသည်။ အခြေခံစားကုန်တို့၏ ကုန်စည်စီးဆင်းမှု လျင်မြန်ခြင်း၊ ချောမွေ့သွက်လက်ခြင်းတို့က ကုန်ဈေးနှုန်းတည်ငြိမ်ရေးအတွက်များစွာသက်ရောက်မှုရှိသည် ဖြစ်ရာ ကုန်စည်စီးဆင်းမှု တုံ့နှေးသွားသည်နှင့် ပြည်သူလူထု အတွက် အခက်အခဲအကျပ်အတည်းများ စတင်ကြုံတွေ့ရတော့ မည်ဖြစ်၏။
ကုန်ဈေးနှုန်းတည်ငြိမ်မှုသည် အထက်တွင်ပြောခဲ့သလို အခြေခံပြည်သူလူထု၏ နေ့စဉ်စားဝတ်နေရေးနှင့် တိုက်ရိုက် -ပတ်သက်နေသည့်အားလျော်စွာ တာဝန်ရှိသူများက အလေးအနက်ထား စဉ်းစားစီမံကြရပါသည်။ မူလကုန်သွယ်မှုစနစ်မှာကတည်းက ပစ္စည်းတင်ကုန်ကားများသည်တစ်မြို့ပြီးတစ်မြို့၊ တစ်နယ်ပြီး တစ်နယ်ကို အဆင့်ဆင့်သောစနစ်များဖြင့် ဖြတ်သန်း ရသည်ဖြစ်ရာ ရံဖန်ရံခါတွင် မသေချာ မရေရာသည့် အခက်အခဲ များကို ကြုံရလေ့ရှိ၏။ ထို့ကြောင့် မူလထွက်ကုန်ပစ္စည်းတန်ဖိုး သည် ခရီးစဉ်အဆင့်ဆင့်တွင် တစ်ဆင့်ချင်း မြင့်မားလာရလေ့ရှိ သဖြင့် ကုန်ဈေးနှုန်း တည်ငြိမ်မှုကို ချိန်ဆ၍မရဖြစ်ရသည်လည်းရှိ၏။
ယခုလို ကိုဗစ်ကပ်ရောဂါနှင့် ကြုံရချိန်တွင် ကူးသန်းသွားလာရေးက ပိုမိုခက်ခဲလာသည်ဖြစ်ရာ ကုန်စည်စီးဆင်းမှုကလည်း ပိုမိုခက်ခဲလာတော့သည်။ ထို့ပြင် မြို့အသီးသီးကို ဖြတ်သန်းသွားလာ နေရခြင်းဖြစ်သောကြောင့် ကုန်တင်ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက်များကို ကိုဗစ်-၁၉ ဗိုင်းရပ်စ်ရောဂါပိုး ကူးစက်ခံထား ရမှုရှိမရှိကိုလည်း မဖြစ်မနေ စစ်ဆေးရပါသည်။ ထိုသို့စစ်ဆေးရေး လုပ်ငန်းစဉ်များတွင် နှောင့်နှေးကြန့်ကြာမှုများရှိသည်နှင့်အမျှ ကုန်ပစ္စည်းများ အချိန်မီမရောက်မှု ပျက်စီးဆုံး ရှုံးမှုများ ရှိလာ နိုင်၏။ ထို့ကြောင့် ကိုဗစ်ရောဂါပိုးကို အမြန်စစ်ဆေးပေးနိုင်သည့် (Rapid Test Kit) များကို အသုံးပြုနိုင်ရေး၊ သက်သာသော စမ်းသပ်စစ်ဆေးခများဖြစ်ရေး၊ တိုင်းဒေသကြီးများ၊ ပြည်နယ် များကြားတွင် အထက်ပါလုပ်ငန်းများကို ညှိနှိုင်းပေါင်းစပ် အလုပ် လုပ်ခြင်း စသည်တို့ဖြင့် ကုန်စည်စီးဆင်းမှု သွက်လက် လျင်မြန် ချောမွေ့ရေးကို ကောင်းမွန်စေနိုင်မည်ဟု နားလည်ပါသည်။
ကုန်စည်ကူးသန်းသွားလာမှု လွယ်ကူချောမွေ့ရေးတွင် ကုန်သွယ်ရေးလုပ်ငန်းသက်သက်မျှမက ကျန်းမာရေး ဆိုင်ရာ လုံခြုံစိတ်ချရမှုတို့ကိုပါအတူတွဲ စဉ်းစားစီမံကြခြင်းဖြင့် ပြည်သူ လူထု၏ အခြေခံစားသုံးကုန် ကုန်ဈေးနှုန်းများ တည်ငြိမ်ရေးတွင် အထောက်အပံ့ကောင်းများ ဖြစ်စေမည်ဟု ယုံကြည်ပါကြောင်း တင်ပြ လိုက်ပါသည်။