နေပြည်တော် အောက်တိုဘာ ၉
ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးခြင်းနှင့် တရားစွဲဆိုခြင်းများ ဆောင်ရွက်ရေးအဖွဲ့၏ ပဉ္စမအကြိမ် အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး အစည်း အဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် အဖွဲ့ဥက္ကဌ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး က ယနေ့ကျင်းပ သည့် ပဉ္စမအကြိမ်အစည်းအဝေးသည် ကိုဗစ်-၁၉ ကူးစက်ပြန့်နှံ့မှုကြောင့် ပုံမှန်ကျင်းပရမည့် အချိန်ထက် နှောင့်နှေးမှုရှိခဲ့ပါကြောင်း၊ သို့သော် လစဉ်လုပ်ငန်းဆောင်ရွက်မှု၊ တိုးတက်မှု၊ တင်ပြမှုများနှင့်စပ်လျဉ်း၍ ပူးပေါင်းစုံစမ်းအရေး ယူဆောင်ရွက်ရေးအဖွဲ့ (Task Force) နှင့် မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့တို့အကြား အဆက်အသွယ်မပြတ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ စတုတ္ထအကြိမ် အစည်းအဝေး ဆုံးဖြတ်ချက်များနှင့်အညီ သတ်မှတ် ကာလအတွင်း ဦးစားပေးအမှုများကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေး တရားစွဲတင်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ဆောင် ရွက်ရာတွင် အခင်းဖြစ်ကျေးရွာများသို့ သွားရောက်ခြင်း၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရွာသားများ၊ သက်သေများ ကို စုံစမ်းစစ်ဆေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း၊ တရားခံများ စုံစမ်းစစ်ဆေး ဆဲဖြစ်ကြောင်း၊ အချို့တရားခံများ စုံစမ်းဖော်ထုတ်နိုင်သော်လည်း တရားခံပြေး များဖြစ် လျက်ရှိပါကြောင်း၊ အဖွဲ့အနေ ဖြင့် တရားခံများ စုံစမ်းဖော်ထုတ်နိုင်ရေးနှင့် တရားရုံးသို့ တရားစွဲဆို တင်ပို့နိုင်ရေး ဆောင်ရွက်ကြ ရမည်ဖြစ်ကြောင်း၊ လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်(ICOE)၏ အစီရင်ခံစာပါ ပြစ်မှုများအား စုံစမ်းစစ်ဆေး ဖော်ထုတ်ပြီး ပြစ်မှုကျူး လွန်သူများကို တရားစွဲဆို တင်ပို့ခြင်းဖြင့် တရား ဥပဒေစိုးမိုးရေးနှင့် တရားစီရင်ရေး၏ ထိရောက် သောကုစားမှုများ ဆောင်ရွက်ပေးနိုင်မည်ဖြစ် ကြောင်း ပြောကြားသည်။
အဆိုပါအစည်းအဝေးသို့ ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးခြင်းနှင့် တရားစွဲဆိုခြင်းများ ဆောင်ရွက်ရေးအဖွဲ့ ဒုတိယဥက္ကဌ၊ အဖွဲ့ဝင်များနှင့် အခြားဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြ သည်။
(သတင်းစဉ်)