နေပြည်တော် အောက်တိုဘာ ၉
ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်ရှိ သဖန်းဆိပ်ဆည်ရေသောက်ဧရိယာတွင်ပါဝင်သည့် ရွာသာ ကြီးကွင်း၊ သရက်ကြီးကျေးရွာအုပ်စုရှိ မိုးစပါးစိုက်ခင်းများသို့ သဖန်းဆိပ်ဆည်ရေပေးဝေနေမှု များအား စစ်ကိုင်းတိုင်းဒေသကြီး၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန(ဆည် မြောင်း)၊ ညွှန်ကြားရေးမှူး ဦးစိုးနိုင်နှင့် တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနတို့မှ တိုင်းဒေသကြီး အဆင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက ရွာသာကြီး၊ သရက်ကြီး၊ ပေါက်တော၊ တကောင်း ဒေါင့်နှင့် ဘုရားပြန်ကျေးရွာများရှိ မိုးစပါးစိုက်ခင်းများသို့ လှတောမြောင်းခွဲ၊ လက်တံ(၅)(ခ)မှ ဆည်ရေပေးဝေနေမှုကို ကြည့်ရှုစစ်ဆေးသည်။
ဝက်လက်မြို့နယ်တွင် သဖန်းဆိပ်ဆည်ရေသောက်ဧရိယာ ဧက (၉၅၀၀၀) ခန့်ရှိပြီး ၂၀၁၉-၂၀၂၀ ခုနှစ်တွင် မိုးစပါးဆည်ရေသောက်(၈၈၁၆၆)ဧကနှင့် မိုးကောင်းသောက်ဧက(၄၀၀၀၀) စိုက်ပျိုးနိုင်ခဲ့ပြီး CERP အစီစဉ်ဖြင့် မိုးစပါးမျိုးစေ့ထုတ်ဧက(၁၆၀၀) စိုက်ပျိုးထားကြောင်း သိ ရသည်။ သဖန်းဆိပ်ဆည်ဧရိယာအတွင်း ယခုလက်ရှိအချိန်အထိ မိုးစပါး (၄)သိန်း(၄)သောင်းခန့် စိုက်ပျိုးထားပြီး လက်ရှိဆည်ရေပမာဏ (၇)သိန်း(၆)သောင်းဧကပေ ရှိသောကြောင့် မိုးစပါး အောင်ရေလုံလောက်စွာပေးသွင်းနိုင်မည့် အခြေအနေရှိသော်လည်း တောင်သူများအနေဖြင့် ဆည်ရေအားအလေအလွင့်မရှိစေရေးနှင့် ရေချွေတာသုံးစွဲကြစေရေး အတွက် စိုက်ပျိုးရေးဦးစီး ဌာနနှင့် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဝန်ထမ်း များမှပူးပေါင်း၍ အသိပညာ ပေးခြင်း လုပ်ငန်းများအား ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ကွင်းဆင်းရာတွင် တိုင်းဒေသကြီးနှင့်ခရိုင်အဆင့် တာဝန်ရှိသူများနှင့်အတူ သရက်ကြီးကျေးရွာအုပ်စု၊ ထုံးဘိုကျေးရွာအုပ်ချုပ်ရေးမှူး၊ ပေါက်တောကျေးရွာအုပ်ချုပ်ရေးမှူး၊ တကောင်းဒေါင့်ကျေးရွာ အုပ်ချုပ်ရေးမှူး၊ ဘုရားပြန်ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ရေသုံးစွဲသူ တောင်သူများလိုက်ပါကြည့်ရှုခဲ့ပြီး ဝက်လက်မြို့နယ်အတွင်း အဓိကဆည်ရေပေးဝေနေသော လှတော မြောင်းခွဲ နှင့် မုဆိုးခြုံ မြောင်းခွဲတို့မှ ဆည်ရေများ စနစ်တကျ ရယူနိုင်ရေး၊ ရေစီးရေလာ ကောင်းမွန်စေရေးအတွက် လိုအပ်သည့်နေရာများတွင် ရေမြောင်းများချဲ့ထွင်ရေး လုပ်ငန်းများ အား စိုက်ပျိုးရေးဦးစီးဌာနနှင့် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနဝန်ထမ်းများ၊ ရေသုံးစွဲသူတောင်သူများ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
ညီညီသန်း(နေပြည်တော်)