Skip to main content

မြန်မာ-အိန္ဒိယ IT ကဏ္ဍ ပူးပေါင်းမြှင့်တင်ရေးဆိုင်ရာ MoU သက်တမ်းတိုးမြှင့်စာလဲလှယ်ခြင်းအခမ်းအနား ကျင်းပ

နေပြည်တော် မတ် ၂၂

မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံအကြား သတင်းအချက်အလက်နည်းပညာ (IT) ကဏ္ဍ ပူးပေါင်းမြှင့်တင်ရေးဆိုင်ရာနားလည်မှု စာချွန်လွှာ (MoU) သက်တမ်းတိုးမြှင့်စာလဲလှယ်ခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဝန်ကြီးရုံး၌ကျင်းပသည်။

ဦးစွာ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျကမိမိတို့ နှစ်နိုင်ငံသည် အိမ်နီးချင်းကောင်း နိုင်ငံများဖြစ်သည်နှင့်အညီ ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မှု သက်တမ်းတိုးမြှင့် နိုင်မှုကို အထူးဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ ယနေ့ခေတ် Digital Transformation ဆိုင်ရာ IT ဖွံ့ဖြိုးမှုတိုးတက်မှုအရွေ့များ မြန်ဆန်လျက်ရှိသည်ကို အမီလိုက်ပါနိုင်အောင် ဆောင်ရွက်ရာတွင် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုသည် အရေးပါသောအခန်းကဏ္ဍမှပါဝင်ကြောင်း၊ ယနေ့လဲလှယ်မှုမှ AI၊ Cybersecurity၊ Big Data၊ Cloud Computing စသည့် ထွန်းသစ်စ IT နည်းပညာများဆိုင်ရာ လူ့စွမ်းအားရင်းမြစ်များ မွေးထုတ်ခြင်း၊ သုတေသနအတွေ့အကြုံများ ဖလှယ်ခြင်း၊ စွမ်းရည်များ မြှင့်တင်ခြင်းတို့တွင် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုမြှင့်တင်နိုင်ပြီးဒေသတွင်း ဒစ်ဂျစ်တယ်ရပ်ဝန်းတည်ထောင်မှုနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူပြုမည်ဟု ယုံကြည်မျှော်လင့်ပါကြောင်း ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Mr. Abhay Thakur က အမှာ စကားပြောကြားပြီး ဒုတိယဝန်ကြီးနှင့် အိန္ဒိယနိုင်ငံသံအမတ်ကြီးတို့သည် MoU သက်တမ်းတိုးမြှင့်စာများကို အပြန်အလှန်လဲလှယ်ခဲ့ကြသည်။

အဆိုပါ MoU ကို ၂၀၀၇ ခုနှစ်တွင် စတင်ရေးထိုးခဲ့ပြီး ယခုသက်တမ်းတိုးမှုသည် ပဉ္စမအကြိမ် သက်တမ်းတိုးခြင်းဖြစ်ကာ India- Myanmar Center for Enhancement of IT Skills (IMCEITS) သင်တန်းစင်တာကို သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာနရှိ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ သုတေသနဌာနနှင့် အိန္ဒိယနိုင်ငံရှိ Center for Development of Advanced Computing (C-DAC) တို့ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သည်။ ယင်းသင်တန်းစင်တာမှ ၂၀၂၁ ခုနှစ်တွင် AI နှင့် Big Data သင်တန်းများ စတင်ဖွင့်လှစ်နိုင်ခဲ့ပြီး ထွန်းသစ်စ IT နည်းပညာသင်တန်းများကို ဆက်လက်မြှင့်တင် ဖွင့်လှစ်သွားရန်ရှိသည်။ သင်တန်းစင်တာမှ ၂၀၂၄ ခုနှစ်တွင် သင်တန်းအမှတ် စဉ် ၂၇ အထိ ဖွင့်လှစ်နိုင်ခဲ့ပြီး သင်တန်းဆင်း IT ပညာရှင် ၂၈၇၃ ဦးအထိ မွေးထုတ်နိုင်ခဲ့ကာ အလုပ်အကိုင်ရရှိမှု ၉၈ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

သတင်းစဉ်