Skip to main content

ဝါးအခြေပြုတန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး အသိပညာ၊ နည်းပညာပေး ဆွေးနွေးပွဲကျင်းပ

နေပြည်တော် မတ် ၂၂

ဝါးအခြေပြုတန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး အသိပညာ၊ နည်းပညာပေးဆွေးနွေးပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် စက်မှုဝန်ကြီးဌာန ရုံးအမှတ် (၃၀) အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆွေးနွေးပွဲသို့ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် Virtual စနစ်ဖြင့် တက်ရောက်ပြီး စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ မွန်ပြည်နယ်ရှမ်းပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ ဝါးလုပ်ငန်းရှင်များ၊ ဘမ်ဘူးဝါးကုန်ထုတ် သမဝါယမအသင်းနှင့် စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်သည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နိုင်ငံအတွင်းရှိ အခြားသောပြည့်ဖြိုးမြဲ အခြေခံသယံဇာတများမှ တန်ဖိုးမြှင့်ထုတ်ကုန်များဖြစ်သည့် သစ်၊ ဝါး၊ ကြိမ်၊ ရော်ဘာအခြေခံသည့် တန်ဖိုးမြှင့်ထုတ်ကုန်လုပ်ငန်းများ ထုတ်လုပ်ခြင်းကို အားပေးဆောင်ရွက်နိုင်ရေး အကောင်အထည်ဖော်ဆောင်ရွက်ရန် လမ်းညွှန်မှုပြုခဲ့ကြောင်း၊ ဝါးမှ ဝါးလက်မှုထုတ်ကုန်၊ ဝါးမီးသွေး၊ ဝါးရှာလကာရည်၊ မျှစ်ချဉ်၊ မျှစ်ခြောက်နှင့် ဝါးနှင့်ပြုလုပ်သည့် အသုံးအဆောင်ပစ္စည်းများ စသည့်ဝါးအခြေပြု တန်ဖိုးမြှင့်ထုတ်ကုန်များ ပိုမိုထုတ်လုပ်လာနိုင်ပြီး ဈေးကွက်တိုးတက်ရရှိ စေရေးအတွက် တန်ဖိုးမြှင့်ကွင်းဆက်တစ်လျှောက် လုပ်ငန်းအစီအမံများ၊ တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး အသိပညာ၊ နည်းပညာများ ဖော်ထုတ်မျှဝေပေးနိုင်ရေးအတွက် ယနေ့အခမ်းအနားကို ကျင်းပရခြင်းဖြစ်ကြောင်း။

ဝါးစိုက်ပျိုးရေးအသင်း၊ လက်မှုအနုပညာအသင်းများနှင့်တကွ သက်ဆိုင်ရာဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများကလည်း ဝါးအခြေပြုတန်ဖိုးမြှင့် ထုတ်ကုန်များ ပိုမိုထုတ်လုပ်လာနိုင်ပြီး ဈေးကွက်တိုးတက်ရရှိစေရေးအတွက် တန်ဖိုးမြှင့်ကွင်းဆက်တစ်လျှောက် လုပ်ငန်းအစီအမံများ၊ Valued Added ထုတ်ကုန်များထုတ်လုပ်နိုင်ရေး အသိပညာ၊ နည်းပညာများ၊ အထောက်အကူပြုအချက်များကို ဖော်ထုတ်ဆွေးနွေးပေးကြရန်လိုကြောင်း ပြောကြားသည်။

ထို့နောက် မွန်ပြည်နယ်မှ Roar ဝါးတူလုပ်ငန်းရှင် ရှမ်းပြည်နယ် Pounama Bamboo Construc-tion Ltd. မှ ဝါးလုပ်ငန်းရှင်၊ ဧရာဝတီတိုင်းဒေသကြီး ကြိမ်ဝါးလက်မှုအချောထည်များအသင်း၊ ဘမ်ဘူး ဝါးကုန်ထုတ်သမဝါယမအသင်း (နေပြည်တော်)၊ Narain Dara Co., Ltd. မှ မျှစ်ခြောက် ပြည်ပပို့ကုန်လုပ်ငန်းရှင်တို့က ကုန်ကြမ်းရရှိမှု၊ ထုတ်လုပ်မှု၊ ဈေးကွက်နှင့် လိုအပ်ချက်များကိုလည်းကောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စီမံကိန်းဦးစီးဌာနက မျှစ်နှင့်ဝါး အခြေခံတန်ဖိုးမြှင့် ထုတ်ကုန်များထုတ်လုပ်သည့် လုပ်ငန်းငယ်များထူထောင်နိုင်ရေး ပံ့ပိုးဆောင်ရွက်ချက်များကိုလည်းကောင်း၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ဝါးတန်ဖိုးမြှင့်ထုတ်လုပ်နိုင်ရေး ပံ့ပိုးကူညီပေးမှုများကိုလည်းကောင်း၊ အမှတ် (၃) အကြီးစားစက်မှုလုပ်ငန်းက ပျော့ဖတ်စက္ကူထုတ်လုပ်မှုဆိုင်ရာ သိကောင်းစရာများကိုလည်းကောင်း၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာနမှ ဘာသာရပ်ဆိုင်ရာပညာရှင် တစ်ဦးက ဝါးမှတန်ဖိုးမြှင့်ထုတ်ကုန်များဖြစ်သည့် ဝါးမီးသွေး၊ ဝါးရှာလကာရည် စသည့်လူသုံးကုန်ထုတ်လုပ်မှုနှင့် ဈေးကွက်ဆိုင်ရာများကိုလည်းကောင်း ဆွေးနွေးတင်ပြကြကာ တက်ရောက်လာသူများက သိရှိလိုသည်များကို ဆွေးနွေးမေးမြန်းကြပြီး စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်