Skip to main content

ကျောက်ကြီးမြို့နယ်၊ ကျိုက်ထိုမြို့နယ်နှင့် ကလေးမြို့နယ်တို့ရှိ ကျေးရွာများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက တိုက်ခိုက်ခြင်းကြောင့် ပြည်သူနှစ်ဦး ဒဏ်ရာရရှိပြီး နေအိမ်များပျက်စီးခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများ ရေးသားလျက်ရှိ

နေပြည်တော် မတ် ၂၁

ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ်၊ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်တို့ရှိ ကျေးရွာများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် ပြည်သူနှစ်ဦး ဒဏ်ရာရရှိပြီး နေအိမ်များ ပျက်စီးခဲ့ကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန် ရေးသားဖြန့်ဝေလျက်ရှိကြောင်း သိရှိရသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာမြို့နယ်များမှ လုံခြုံရေးတာဝန်ရှိသူများအား ဆက်သွယ်မေးမြန်းခဲ့ရာ အဆိုပါမြို့နယ်များအတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များအား အကြမ်းဖက်သမားများက လက်နက်ကြီးများ၊ ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများကြောင့် ကျေးရွာများရှိ နေအိမ်များ ပျက်စီးခြင်း၊ ဒေသခံပြည်သူများ ထိခိုက်ဒဏ်ရာရရှိခြင်းများ ရှိကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် စစ်ရေးပစ်မှတ်မဟုတ်သည့် ကျေးရွာ/ ရပ်ကွက်များအား ပစ်ခတ်တိုက်ခိုက်ခြင်းမရှိကြောင်း၊ အကြမ်းဖက်မှုကို မလိုလားသည့် ဒေသခံပြည်သူများ၏ လျှို့ဝှက်သတင်းပေးမှုအရ အကြမ်းဖက်သမားများ အမှန်တကယ်နေထိုင်ကြောင်း စိစစ်အတည်ပြုပြီးမှသာ အကြမ်းဖက်နှိမ်နင်းရေးလုပ်ငန်းများကို ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်ဖျက်မီဒီယာများက အကြမ်းဖက်သမားများ၏ အကြမ်းဖက်လုပ်ရပ်များကို ဖုံးကွယ်ရန်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် ပြည်သူလူထုက အထင်အမြင်လွဲမှားစေရန် လူမှုကွန်ရက်မှတစ်ဆင့် အခြေအမြစ်မရှိသည့် ဓာတ်ပုံများကို အသုံးပြု၍ သတင်းအမှားများဖြင့် လုပ်ကြံရေးသားဝါဒဖြန့်ဝေခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်