နေပြည်တော် အောက်တိုဘာ ၈
“၀”အမျိုးသားပါတီ ဥက္ကဋ္ဌ ဦးဆိုင်ပေါင်းနပ်က ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ်ဟောပြောချက်စာမူအား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှတစ်ဆင့် ပေးပို့လာပါသည်။
အဆိုပါ ဟောပြောချက်စာမူ အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -
လေးစားအပ်ပါသော မဲဆန္ဒရှင်မိဘပြည်သူညီအစ်ကိုမောင်နှမအပေါင်းတို့ ခင်ဗျား-
မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေကြောင်းနဲ့ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်း ချမ်းမြေ့ကြပါစေလို့ ရှေးဦးစွာ ဆုတောင်းမေတ္တာပို့သရင်း ဂါရဝတရားနှင့်အတူ လှိုက်လှဲစွာ နှုတ်ခွန်းဆက်သအပ်ပါတယ်။ ကျွန်တော်က ရှမ်းပြည်နယ် မြောက်ပိုင်း၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းမှ “ဝ”အမျိုးသားပါတီ ဥက္ကဋ္ဌ ဦးဆိုင်ပေါင်းနပ် ဖြစ်ပါတယ်။
အခုလိုမင်္ဂလာရှိတဲ့အချိန်ခါသမယမှာ ပြည်ထောင်စုမြန်မာနိုင်ငံတော်ရဲ့ တတိယအကြိမ်မြောက် အထွေထွေရွေးကောက်ပွဲကြီး ပြုလုပ်ကျင်းပရမည့် နေ့ရက်ကာလ လက်တစ်ကမ်းသာ လိုတော့သည့် အချိန်မှာ အခုလိုအများပြည်သူများအတွက် မင်္ဂလာ စကားများဖြစ်တဲ့ မိမိ “ဝ”အမျိုးသားပါတီရဲ့ နိုင်ငံရေးမူဝါဒ၊ သဘောထားနှင့် လုပ်ငန်းစဉ်တွေကို နိုင်ငံပိုင်ရေဒီယိုနှင့် ရုပ်မြင်သံကြားမှ ပြောကြား တင်ပြရသည့်အတွက် ဆောင်ရွက်ပေးသည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌကြီးနှင့်တကွ ကော်မရှင် အဖွဲ့ဝင်များ အားလုံးကို အထူးကျေးဇူး ဥပကာရတင်ရှိပါကြောင်း လေးစားစွာ ဖော်ပြ အပ်ပါတယ်။
လေးစားအပ်ပါသော မဲဆန္ဒရှင်မိဘပြည်သူညီအစ်ကိုမောင်နှမ အပေါင်းတို့ ခင်ဗျား-
ကျွန်တော်များ “ဝ”ပါတီဝင်များက “ဝ”အမျိုးသားပါတီ ဖွဲ့စည်း တည်ထောင်ရခြင်းမှာ မိမိ“ဝ”နယ် ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်ထောင်စု မြန်မာနိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးကို အများပြည်သူ ဝိုင်းဝန်းတည်ဆောက် ကြရာတွင် “ဝ”တိုင်းရင်းသား လူမျိုးတို့သည်လည်း “အုတ်တစ်ချပ် သဲတစ်ပွင့်” အဖြစ် ပါဝင်ဆောင်ရွက်လိုသည့် အမျိုးသားအသိစိတ်ဓာတ်ဖြင့် ဖွဲ့စည်း တည်ထောင်ခြင်းဖြစ်ပါတယ်။ ထိုသို့ဖြစ်သည့်အတွက် ပါတီလုပ်ငန်းများ တိကျမှန်ကန်မှုကို ရှေးရှုပြီး ပါတီရည်ရွယ်ချက်၊ ရည်မှန်းချက်များနဲ့မူဝါဒ၊ သဘောထားလုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်လျက်ရှိပါတယ်။ အဲဒီအချက်များကို တစ်ခုချင်း မရှင်းလင်းခင်မှာ ရှေးဦးအနေနဲ့ “ဝ”ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်းရဲ့ နယ်မြေဒေသ အကြောင်းအရာ၊ အနေအထားနဲ့သဘော သဘာဝ အကျဉ်းမျှရှင်းလင်းတင်ပြ မိတ်ဆက်ပေးမှသာလျှင် ကျွန်တော်များ “ဝ”အမျိုးသားပါတီမှ လိုက်နာကျင့်သုံးရန် ချမှတ်ထားတဲ့ ပါတီမူဝါဒ၊ သဘောထားများ၊ လုပ်ငန်းစဉ်များအပေါ် အများပြည်သူက ပိုမိုထင်ဟပ် သိရှိနိုင်လိမ့်မယ်လို့ ထင်မြင်ယုံကြည်သည့် အားလျော်စွာ တစ်ဆက်တည်းမှာပဲ အနည်းငယ် ရှင်းလင်းတင်ပြသွားမည့် အကြောင်း ဖော်ပြအပ်ပါတယ်။
လေးစားအပ်ပါသော မဲဆန္ဒရှင်မိဘပြည်သူညီအစ်ကိုမောင်နှမအပေါင်းတို့ ခင်ဗျား-
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းသည် ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် တည်ရှိပါတယ်။ “ဝ”တိုင်းရင်းသားလူမျိုးများသည် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ (တောင်ပိုင်း)နှင့် (အရှေ့ပိုင်း) ဒေသများအထိ ပျံ့နှံ့နေထိုင်လျက်ရှိပါတယ်။အဆိုပါ “ဝ”နယ်များကို နယ်ချဲ့အင်္ဂလိပ်ခေတ်က အင်္ဂလိပ်ဘာသာစကားဖြင့် “ဝ”စတိတ်(Wa State) ဟု ခေါ်ဆိုပြီး မြန်မာနိုင်ငံ လွတ်လပ်ရေးရလာပြီးနောက် ပဒေသရာဇ် ရှမ်းပြည်နယ်စု များတွင် ပါဝင်စေပြီး ပြည်ထောင်စုမြန်မာ နိုင်ငံတော်၏ ပြည်ထောင်စုအဖွဲ့ဝင် ရှမ်းပြည်နယ်ဝင် နယ်တစ်နယ် အဖြစ် ဖွဲ့စည်းလာခဲ့ပါတယ်။ ထို့နောက် ၂၀၀၈ ခုနှစ်တွင် အဆိုပါ “ဝ”နယ်ကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ၌ ရှမ်းပြည်နယ်ရှိ ဟိုပန်၊ မိုင်းမောနှင့် ပန်ဝိုင်မြို့နယ်များကို ဟိုပန်ခရိုင်ဟူ၍ လည်းကောင်း၊ မက်မန်း၊ ပန်ဆန်း(ပန်ခမ်း)နှင့် နားဖန်းမြို့နယ်များကို မက်မန်းခရိုင် ဟူ၍လည်းကောင်း၊ ခရိုင်နှစ်ခရိုင်ဖွဲ့ပြီး “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း (Wa Self- Administered Division)ဟု ခေါ်တွင်ရန် ဖွဲ့စည်းသတ်မှတ်လာပါသည်။
အဆိုပါတိုင်းတွင် တိုင်းရင်းသားမျိုးနွယ်စုပေါင်း (၁၈)မျိုး စုပေါင်း နေထိုင်လျက်ရှိကြပြီး လွန်ခဲ့သည့် နှစ်ပေါင်း ၄၀၀၀ ကျော်ခန့်ကတည်းက စတင်အခြေချနေထိုင်လာခဲ့ကြောင်း လေ့လာသိရှိရပါတယ်။ ယင်းဒေသသည် တောတောင်ထူထပ်ပေါများပြီး တောင်တန်းကြီးများ မြင့်မားမတ်စောက်သည်က များပြားသဖြင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲကြမ်းတမ်းလျက် ရှိပါတယ်။ ဒါကြောင့် ဒေသအတွင်း လူသူသွားလာမှု မရှိသလောက် ကင်းမဲ့တဲ့အတွက် တစ်မြေတည်းနေ တစ်ရေတည်းသောက်ကြတဲ့ တိုင်းရင်းသားလူမျိုးများ အချင်းချင်းကသော် လည်းကောင်း၊ နယ်ခြားမြေခြား တိုင်းတစ်ပါးသားများ ကသော်လည်းကောင်း၊ တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ကူးလူးဆက်ဆံမှု၊ ပူးပေါင်းဆောင်ရွက်မှုများနဲ့ အတွေ့အကြုံရယူမှု၊ အပြန်အလှန်ဆက်သွယ်မှု ဖလှယ်မှုမရှိခဲ့သည့်အတွက် တစ်ကိုယ်တော် အထီးကျန် ဘဝအနေအထားသို့ ဆိုက်ရောက်ခဲ့ရပါတယ်။
သို့ဖြစ်ပါ၍ ပညာမျက်စိ အလင်းပိတ်သည်နှင့်အမျှ တစ်မျိုးသားလုံးရဲ့ ပညာဗဟုသုတ ခေါင်ခိုက်ကာ လူမှုစီးပွားရေးဘဝ အဘက်ဘက်က နိမ့်ဆင်း နစ်မြုပ်ပြီး ဆင်းရဲတွင်းနက် လာရခြင်းဖြစ်သည်ဟု လေ့လာတွေ့ရှိရပါတယ်။ ဒါကြောင့် ကျွန်တော်များ “ဝ”အမျိုးသားပါတီက အခြေအနေအရပ်ရပ် လျင်မြန်စွာပြောင်းလဲတိုးတက်လာသော ယနေ့ခေတ်အခါသမယမှာ ဘဝဖြတ်သန်း လာခဲ့သည့် အတိတ်ကာလအဖြစ်အပျက်ပေါ် သင်ခန်းစာယူပြီး အနာဂတ်ကို ချိန်ထိုးရှေးရှုရသလို ပစ္စုပ္ပန်ကာလ၏ ဖြစ်ပျက်မှုကိုလည်း ဆင်ခြင်ပြီး မိမိ ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့ကို ဦးထိပ်ပန်ဆင် ထိန်းသိမ်းရမည်မှာ နိုင်ငံသားတိုင်း၏ တာဝန်ဝတ္တရား ဖြစ်သလို ကျွန်တော်များ “ဝ”အမျိုးသားအနေဖြင့်လည်း ပါတီ၏ မူဝါဒ သဘောထားများ၊ လုပ်ငန်းစဉ်များ ချမှတ်ရာတွင် မြန်မာနိုင်ငံ၏ ပကတိအခြေ အနေနှင့် အချိန်အခါပေါ်မူတည်၍ တိုးတက်ပြောင်းလဲ ဖြစ်ပေါ်လာမှုနှင့် အစဉ်လိုက်လျောညီ ထွေမှုရှိသည့် မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ်တို့ကို ဦးတည်ချမှတ်ဆောင်ရွက်ရမည်သာဖြစ်ကြောင်း လေးစားစွာ တင်ပြအစီရင်ခံအပ်ပါသည်။
လေးစားအပ်ပါသော မဲဆန္ဒရှင်မိဘပြည်သူညီအစ်ကိုမောင်နှမအပေါင်းတို့ ခင်ဗျား-
အဲဒီမူဝါဒ၊ သဘောထားနှင့်လုပ်ငန်းစဉ်များမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။ ၎င်းတို့မှာ -
ပါတီအမည်
၁။ မြန်မာဘာသာစကားဖြင့် အမည်မှာ “ဝ” အမျိုးသားပါတီဟုခေါ်တွင်ပြီး အင်္ဂလိပ်ဘာသာစကားမှာ Wa National Party (W.N.P)ဟု ခေါ်တွင်ပါသည်။ “ဝ”ဘာသာစကားမှာ(PATi Ceu Pui Vax)ဟု ခေါ်ဆိုပါသည်။
ပါတီ၏ရည်ရွယ်ချက်၊ ရည်မှန်းချက်
၂။ - ပြည်ထောင်စုမြန်မာနိုင်ငံတော်မပြိုကွဲရေး၊
- တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊
- အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး၊
- အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ထာဝရငြိမ်းချမ်းရေးရရှိရန်တည်ဆောက်ရေး၊
- တရားဥပဒေစိုးမိုးရေး၊
- တိုင်းရင်းသားလူမျိုးများ၏ မူလအခွင့်အရေးတန်းတူရရှိရေး၊
- တိုင်းရင်းသားလူမျိုးများ၏ ဘာသာ၊ စာပေ၊ ယဉ်ကျေးမှု၊ ဘာသာ စကား ပြုစုပျိုးထောင်ရေးနှင့် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေးတို့ ဖြစ်ပါသည်။
ပါတီ၏မူဝါဒသဘောထား
၃။ ပါတီ၏မူဝါဒသဘောတရားသည် “ဆိုရှယ်ဒီမိုကရက်တစ်ဇင်း (Social Demo Cratism)”ဖြစ်ပါတယ်။ ဒီဝါဒမှာ လက်ဝဲလက်ယာ အစွန်းနှစ်ဖက် သွေဖည်မှုသဘောတရားကိုရှောင်ရှား၍ မိမိတို့၏ နိုင်ငံအခြေအနေ၊ ရေမြေ သဘာဝ၊ ရာသီဥတု ထုံးတမ်းစဉ်လာယဉ်ကျေးမှုပကတိ ဖြစ်ရပ်မှန်အခြေအနေများနှင့် လိုက်လျောညီထွေမှုရှိအောင် ရယူကျင့်သုံးအပ်သော မူဝါဒသဘော တရား ဖြစ်ပါတယ်။
ပါတီ၏လုပ်ငန်းစဉ်
၄။ ပါတီ၏လုပ်ငန်းစဉ်များဆိုင်ရာ သဘောတရားများမှာ အောက်ပါအတိုင်း ဖြစ်ပါတယ်။
“ဝ” အမျိုးသားပါတီအား ကျစ်လျစ်တောင့်တင်းခိုင်မာသည့် ပါတီအဖြစ်တည်ဆောက်ရန်နှင့် ပြည်သူများအား အလုပ်အကျွေးပြုသည့် ပါတီဖြစ်အောင် တည်ဆောက်ရေး၊ မိမိတို့ပါတီသည် ရည်ရွယ်ချက်၊ ခံယူချက်၊ ယုံကြည်ချက်၊ အတွေးအခေါ်၊ အမြော်အမြင်ချင်းတူညီသော မည်သည့် နိုင်ငံရေးပါတီ အဖွဲ့ အစည်းများနှင့်မဆို တန်းတူရည်တူ ရင်းနှီးပွင့်လင်းစွာ ဆက်ဆံပြီး အခါ အားလျော်စွာ ပေါင်းစည်းခြင်း၊ မဟာမိတ်ဖွဲ့ခြင်းများ ပြုလုပ်သွားမည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ အကျိုးစီးပွားများကို ဖြစ်ထွန်း စေသော လုပ်ငန်းရပ်များ ဆောင်ရွက်ရာတွင် မည်သည့်နိုင်ငံရေးပါတီ၊ မည်သည့်အဖွဲ့အစည်းနှင့်မဆို ပူးပေါင်းဆောင်ရွက်သွားမည်ဟု တည်ကြည်ဖြောင့်မတ်စွာ ခံယူထားပါသည်။
- နယ်သူ၊ နယ်သားများအား “ဝ”နယ်ဒေသ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးလုပ်ငန်းများတွင် အစဉ်နိုးကြားတက်ကြွစွာ ပါဝင်ဆောင်ရွက်လေ့ရှိသည့် ပြည်သူပြည်သားများအဖြစ် စည်းရုံးလေ့ကျင့် ပြုစု ပျိုးထောင်ပေးရေး၊
- နယ်မြေဒေသအတွင်းရှိ မိဘ ပြည်သူများ၏ ဘက်စုံ စီးပွားရေး တိုးတက်ဖွံ့ဖြိုးရန် နှင့် လူနေမှု အဆင့်အတန်း တိုးတက်မြင့်မားလာစေရန် အစဉ်စူးစမ်း လေ့လာပြီး ကူညီဆောင်ရွက်သွားရေး၊
- တောင်သူလယ်သမားများနှင့် အလုပ်သမားများ၏ ရပိုင်ခွင့်နှင့် ရရန်ပိုင်ခွင့်များ ရရှိခံစားခွင့် အပြည့်အဝ ရရှိရေး အစဉ် ကူညီဆောင်ရွက်ပေးရေး၊
- ဒေသအတွင်း ရင်းနှီးမြှုပ်နှံမှုပြုသော စီးပွားရေးလုပ်ငန်းရှင်ကြီးများ၏ ရင်းနှီးမြှုပ်နှံမှု အကျိုးအမြတ်များကို ဥပဒေနှင့်အညီ အာမခံချက်ရှိရန် ဆောင်ရွက်ပေးရေး၊ အားပေးကူညီရေး၊
- မြန်မာနိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် အခြားလုပ်ငန်းကဏ္ဍများတွင်အမျိုးသမီးများ ပိုမိုတက်ကြွစွာ ပါဝင်ဆောင်ရွက်နိုင်ရေးအတွက် တိုးမြှင့်အားပေးရေး၊
- လူငယ်များအား ဗလငါးတန်နှင့်ပြည့်စုံပြီး အကျင့်စာရိတ္တနှင့် စပ်ဆိုင်သော အရှေ့တိုင်းရိုးရာ ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း စဉ်လာများကို လိုက်နာကျင့်သုံးတတ်သည့် အလေ့အထမြဲမြံအောင် ပြုစုပျိုးထောင် သင်ကြားပေးရေး ဆောင်ရွက်မည်။
- အနာဂတ်ကာလမှာ တိုင်းပြည်၏ ခေါင်းဆောင်များဖြစ်ကြမည့် ကျောင်းသားလူငယ်များအား ရိုးစင်းဖြူစင်မေတ္တာဖြင့် အရင်းပြု သင်ကြားပေးသော ကျောင်းဆရာ/ဆရာမများနှင့် ပညာရေး ဝန်ထမ်းများ၏ လုပ်ခလစာများ ထိုက်တန်စွာ တိုးမြှင့်ပေးရေးနှင့် အထူးသဖြင့် ဝေးလံခေါင်သီသော နယ်စပ်အရပ်ဒေသသို့ သွားရောက် တာဝန်ထမ်းဆောင်ကြရသည့် ဆရာ/ဆရာမများအား အထူးသက်သာ ချောင်ချိရေးလုပ်ငန်းများ ပြုလုပ်ပေးရန် ဆောင်ရွက်မည်။
- နိုင်ငံတော်တွင် နိုင်ငံသားတိုင်း အခြေခံမူလတန်းကျောင်းပညာ မသင်မနေရရေးနှင့် အခမဲ့ သင်ကြားခွင့်ရရှိရေး အားပေးသည်။
- တိုင်းရင်းသားလူမျိုးများ၏ အခြေခံလူ့အခွင့်အရေးများနှင့် လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ တန်းတူညီမျှခြင်း အစရှိသော မရှိမဖြစ် လူ့အခွင့်အရေးများ ရရှိခံစားနိုင်ရေး ဆောင်ရွက်မည်။
- ကျန်းမာရေးကဏ္ဍတွင် ပြည်သူများခေတ်မီနည်းစနစ်ဖြင့် အခမဲ့ သို့မဟုတ် သက်သာချောင်ချိစွာ ဆေးဝါးကုသခွင့်ရရှိရေး ကြိုးစား ဆောင်ရွက်မည်။
- တိုင်းရင်းသားလူမျိုးများ၏ စာပေယဉ်ကျေးမှု၊ ရိုးရာဓလေ့ထုံးတမ်း စဉ်လာများ၊ အနုပညာများ တိုးတက်ဖွံ့ဖြိုးရှင်သန်လာအောင် ထိရောက်စွာကူညီပေးရေး။
- တိုင်းရင်းသားလူမျိုးများသည် မိမိနှစ်သက်ယုံကြည်ကိုးကွယ်သည့် ဘာသာတရားများကို ပိုမိုလွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်နှင့် ဘုရားကျောင်းကန်များ တည်ဆောက်ခွင့်ရရှိရေး ကူညီဆောင်ရွက်မည်။
- တိုင်းရင်းသားလူမျိုးတို့သည် ပြည်ထောင်စုစိတ်ဓာတ်မွေးမြူလျက် စည်းလုံးညီညွတ်စွာ အတူတကွ ယှဉ်တွဲနေထိုင်ရေး၊ အချင်းချင်း အပြန်အလှန်ချစ်ကြည်လေးစားရေး၊ ရိုင်းပင်းကူညီရေး၊ အေးအတူ ပူအမျှ ဥမကွဲသိုက်မပျက် ပေါင်းသင်းဆက်ဆံရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေး အစဉ်အလာများ ပိုမိုဖြစ်ထွန်း တိုးတက်တည်တံ့အောင် ကြိုးပမ်းဆောင်ရွက်မည်။
- နိုင်ငံတော်က အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ထာဝရ ငြိမ်းချမ်းရေးရရှိအောင် ဆောင်ရွက်မှု လုပ်ငန်းတွင် အောင်မြင်မှု ရရှိရေးအတွက် ကျရာအခန်းကဏ္ဍမှ အားကြိုးမာန်တက်ပါဝင် ဆောင်ရွက်သွားရေးတို့ ဖြစ်ပါသည်။
လေးစားအပ်ပါသော မဲဆန္ဒရှင်မိဘပြည်သူညီအစ်ကိုမောင်နှမအပေါင်းတို့ ခင်ဗျား-
၅။ နိဂုံးချုပ်အားဖြင့် မဲဆန္ဒရှင်မိဘပြည်သူညီအစ်ကိုမောင်နှမများရဲ့ ဖြူစင် မြင့်မြတ်မွန်မြတ်တဲ့ မေတ္တာစေတနာ၊ သဒ္ဓါမှုဖြင့် ချီးမြှင့်အားပေးမယ့် အသင်တို့ရဲ့ အသည်းနှလုံးအကြားက တန်ဖိုးဖြတ်မရတဲ့ ထောက်ခံမဲများအတွက် ကြိုတင်အထူးကျေးဇူး တင်အပ်ပါကြောင်း ပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ် ခင်ဗျား။