မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ အောက်တိုဘာ ၈ ရက် ညနေ ၆ နာရီခွဲတွင် ထုတ်လွှင့်ပြသခဲ့သည့် ကိုဗစ်-၁၉ အကြောင်း သိကောင်းစရာ အမေး/အဖြေအစီအစဉ်ကို ပြည်သူများ သိရှိ နိုင်ရန်အတွက် ပြန်လည်ဖော်ပြလိုက်ပါသည်-
အစီအစဉ်မှူး ။ ။ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ ဖြစ်ပွားမှုနှုန်းဟာ ကမ္ဘာနဲ့တစ်ဝန်းမှာလည်း မြင့်တက်လာနေတာနဲ့အမျှ ပြည်သူတွေကြားမှာလည်း ကိုဗစ်-၁၉ ရောဂါနဲ့ ပတ်သက်လို့ လွဲမှားတဲ့ အယူအဆတွေနဲ့ သတင်းရိုက်ခတ်မှုတွေဟာ တဖြည်းဖြည်းနဲ့ များပြားလာနေတာကိုလည်း တွေ့ရှိလာရပါတယ်။
ဒါကြောင့် မိဘပြည်သူတွေအနေနဲ့ မှန်ကန်တဲ့ သတင်းအချက်အလက်တွေရရှိပြီး ရောဂါကာကွယ်ရေး အတွက် လုပ်ဆောင်သင့်တဲ့အရာတွေကို မှန်မှန်ကန်ကန် တိတိကျကျနဲ့ လိုက်နာဆောင်ရွက်ကြစေဖို့၊ ကိုဗစ်-၁၉ ရောဂါနဲ့ ပတ်သက်လို့ မိဘပြည်သူတွေ မေးမြန်းလာတဲ့ မေးခွန်းတွေကို နည်းပညာပိုင်း ဆိုင်ရာ ကူညီပံ့ပိုးအကြံပြု အားဖြည့်ဆောင်ရွက်ရေးအဖွဲ့က ပါမောက္ခကြီးတွေနဲ့ သမားတော်ကြီးတွေက ဖြေကြားဆွေးနွေးပေးနေတာ ဖြစ်ပါတယ်။
ဒီနေ့အတွက် မေးခွန်း မေးမြန်း၊ ဖြေကြား ဆွေးနွေးမှုမှာ နည်းပညာပိုင်းဆိုင်ရာ ကူညီပံ့ပိုး အကြံပြု အားဖြည့် ဆောင်ရွက်ရေးအဖွဲ့ဝင် ပါမောက္ခဒေါက်တာစိုးလွင်ငြိမ်း (ညွှန်ကြားရေးမှူးချုပ် - ငြိမ်း)၊ ရန်ကုန်တိုင်းဒေသကြီး ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ဝင် ပါမောက္ခ ဒေါက်တာ ဇော်သန်းထွန်း(ညွှန်ကြားရေးမှူးချုပ်-ဆေးသုတေသန ဦးစီးဌာန)တို့နဲ့အတူ ဦးဆောင်ဆွေးနွေးသူအဖြစ် ရန်ကုန် တိုင်းဒေသကြီး ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ဝင် ပါမောက္ခ ဒေါက်တာ ဌေးဌေးတင် (ဒုတိယညွှန်ကြားရေးမှူးချုပ်- အမျိုးသား ဓာတ်ခွဲမှုဆိုင်ရာဌာန) တို့က ပါဝင်ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။
ဆရာကြီးတို့၊ ဆရာမကြီးတို့ အားလုံးပဲ မင်္ဂလာပါ။ ဒီနေ့အစီအစဉ်ကို အချိန်ပေးပြီး ပါဝင်ဆွေးနွေး ပေးတဲ့အတွက် ဆရာကြီးတို့၊ ဆရာမကြီးတို့ကို အထူးကျေးဇူး တင်ရှိပါတယ်။ ဒီနေ့ရဲ့ဆွေးနွေးမှုတွေ စတင်နိုင်ဖို့အတွက် ဆရာမကြီးကနေ စတင်ဦးဆောင်ဆွေးနွေးပေးဖို့အတွက် ဖိတ်ကြားပါတယ်။
ပါမောက္ခဒေါက်တာဌေးဌေးတင် ။ ။ အားလုံးပဲ မင်္ဂလာပါရှင်။ ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနနဲ့ မြန်မာအသံနှင့် ရုပ်မြင် သံကြားတို့ ပူးပေါင်းတင်ဆက်တဲ့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသခြင်းဆိုင်ရာ မေးခွန်းများ အမေး/အဖြေကဏ္ဍဖြစ်ပါတယ်။
ဒီအမေး / အဖြေ ကဏ္ဍမှာ ကျွန်မတို့ မေးမြန်းလာတဲ့ မေးခွန်းများစွာ ရှိပါတယ်။ ဒီမေးခွန်းတွေကိုလည်း အရှေ့ဘက်ပိုင်း၊ ပထမပိုင်းအစီအစဉ်တွေမှာ ဆရာကြီး တွေ၊ ဆရာမကြီးတွေက ဖြေကြားပေးခဲ့ပြီး ဖြစ်ပါတယ်။
ကျွန်မတို့ မေးခွန်းကို ကဏ္ဍ သုံးခုခွဲတဲ့အခါမှာ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်တဲ့အခါမှာ မည်ကဲ့သို့ နည်းပညာပိုင်းဆိုင်ရာနဲ့ မည်ကဲ့သို့သော မူဝါဒ ပိုင်းဆိုင်ရာတွေကို စပ်လျဉ်းတဲ့ မေးခွန်းတွေကို ရရှိပါတယ်။ ဒီမေးခွန်းတွေထဲမှ မေးခွန်းများကိုတော့ ဆရာကြီး ပါမောက္ခ ဒေါက်တာဦးစိုးလွင်ငြိမ်းက ဦးဆောင်ဖြေကြား ပေးဖို့ ဖြစ်ပါတယ်။
ဆရာကြီးရှင့်၊ အဲဒီမေးခွန်းတွေထဲကနေပြီး ရွေးနုတ်ထားတဲ့ မေးခွန်းတွေနဲ့ အဖြေတွေကို ဆရာကြီးက ဖြေကြား ပေးဖို့ ကျွန်မ ဒီနေရာကနေ လေးစားစွာနဲ့ ပန်ကြားအပ်ပါတယ်။
ပါမောက္ခဒေါက်တာစိုးလွင်ငြိမ်း ။ ။ ကျွန်တော် ပထမဦးဆုံးဖြေကြားမယ့် မေးခွန်းက မြန်မာကိုရိုနာ ဗိုင်းရပ်စ်ဖြစ်ပျက်မှု အခြေအနေမှာ အိန္ဒိယနိုင်ငံနဲ့ တူနေတယ်လို့ နိုင်ငံခြားမီဒီယာ တွေမှာ ရေးသား ဖော်ပြနေကြပါတယ်။ အဲဒါဟုတ်ပါ သလားခင်ဗျာ ဆိုပြီးတော့ မေးထားတဲ့ မေးခွန်းဖြစ်ပါတယ်။
ကျွန်တော်တို့ အိန္ဒိယနဲ့ မြန်မာနိုင်ငံရဲ့ ကူးစက်မှု ပုံစံကို နှိုင်းယှဉ်မယ်ဆိုရင်၊ ဒါက ကူးစက်မှုပညာအရ ဆိုရင် ဒီနိုင်ငံတွေဟာ တစ်နိုင်ငံနဲ့တစ်နိုင်ငံ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု အခြေအနေတွေ မတူတာတွေကို လည်း ကြည့်ရမယ်။ အဓိက ဒီနိုင်ငံတစ်နိုင်ငံချင်းရဲ့ ကူးစက်ရောဂါနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်နဲ့ အညွှန်းကိန်းတွေပေါ်မှာ နှိုင်းယှဉ်ဖော်ပြရပါတယ်။
ဒါကြောင့် ပထမဦးဆုံး ဒီဖြစ်စဉ်ပေါ့။ အိန္ဒိယနိုင်ငံမှာ ဖြစ်ပွားတဲ့ ကူးစက်ရောဂါ ကပ်ရောဂါအသွင် ဖြစ်ပွားမှုနဲ့ မြန်မာနိုင်ငံမှာဖြစ်ပွားတဲ့ ကူးစက်ရောဂါကပ်အသွင်ဖြစ်ပွားမှုကို ကျွန်တော် ပထမဦးဆုံး နှိုင်းယှဉ်ပြီး ဆွေးနွေးလိုပါ တယ်။
အိန္ဒိယနိုင်ငံမှာတော့ မေလမှာ သူက စတင်ဖြစ်ပွားပြီး သူ့ရဲ့ကူးစက်မှုက ကျွန်တော်တို့ နိုင်ငံလို မဟုတ်ဘဲနဲ့ ဒီ Wave က တစ်ခုတည်းနဲ့ပဲ သူ့ရဲ့ တိုင်းပြည်မှာ စတင်ကူးစက်ပြီး သူ့ရဲ့ တိုင်းပြည်မှာရှိတဲ့ လူဦးရေသိပ်သည်းမှု၊ လူတွေရဲ့ သွားလာနေထိုင်မှု၊ မိသားစုတွေရဲ့ နေထိုင်မှုစရိုက် စသဖြင့် ဒီအပေါ်မှာ မူတည်ပြီး ကူးစက်မှုတွေက တဖြည်းဖြည်း မြင့်မားလာပြီး အခုဆိုရင် အောက်တိုဘာလ ၄ ရက်နေ့ အထိ ၆ ဒသမ ၇ သန်းလောက် ကူးစက်မှုတွေရှိနေပြီး သေဆုံးသူကလည်း ၁၀၄၀၀၀ နီးပါးရှိနေတဲ့ အနေအထား ဖြစ်ပါတယ်။ အဲဒီလိုဖြစ်ပြီးမှ အခုဆိုရင် သူ့အခြေအနေက လူထုထဲမှာ ပျံ့နှံ့မှုတအား များနေတဲ့အခြေအနေမှာ ရှိပါ တယ်။
ကျွန်တော်တို့ နိုင်ငံအနေနဲ့ ကြည့်မယ်ဆိုရင် နယ်စပ် ဒေသကရော လေကြောင်းလိုင်းတွေက ဝင်လာတဲ့ ခရီးသည် တွေ၊ ဒီလူတွေကို ကျွန်တော်တို့က Facility Quarantine မှာထားပြီး ထိန်းချုပ်မှုအောင်မြင်တဲ့ အတွက်ကြောင့် နိုင်ငံ အနေနဲ့ ရောဂါဖြစ်ပွားမှု၊ သေဆုံးမှုအနည်းဆုံးအနေအထား ကို ရရှိခဲ့ပါတယ်။
ဒါပေမယ့် အဲဒီအချိန်မှာပဲ ကျွန်တော်တို့ အဲဒီကာလ ပြီးတဲ့အခါမှာ ဒီရောဂါဖြစ်ပွားမှု နည်းတဲ့ အတွက်ကြောင့် တချို့ကိစ္စလေးတွေမှာ ဖြေလျှော့မှုတွေ လုပ်ခဲ့ပါတယ်။ အဲဒီအချိန်မှာ လူတွေက အများအပြား ခရီးသွားလာကြပါ တယ်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ညွှန်ကြားထားတဲ့ လမ်းညွှန်ချက်တွေကိုလည်း လိုက်နာမှု မရှိတော့ဘူး၊ အားနည်းလာတယ်။
ဒီလိုမျိုး နေထိုင်တဲ့အတွက်ကြောင့် လူထုထဲမှာ ရောဂါ လက္ခဏာမပြဘဲနဲ့ ကူးစက်သူတွေကလည်း ရှိနေတယ်။ ရောဂါကို လက်ခံနိုင်တဲ့ လူဦးရေက ပိုပြီးများလာတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကြိုတင် ကာကွယ်မှုတွေ အားနည်းပါတယ်။ အဲဒီအချိန်မှာ ကျွန်တော်တို့ ရခိုင်ပြည်နယ်မှာ ကူးစက်ဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ် Outbreak ဖြစ်နေ တဲ့အချိန်၊ လေကြောင်းလိုင်းကနေ ခရီးသည်တွေ အများ အပြားဝင်လာတဲ့အခါ ရန်ကုန်မှာ ရောဂါကို လက်ခံမယ့် လူတွေက အဆင်သင့်ဖြစ်နေပါတယ်။
ဒီဩဂုတ်လနောက်ပိုင်း စက်တင်ဘာလအတွင်းမှာ လူတွေကို ကူးစက်ပြီး အခုရင်ဆိုင်နေရတဲ့ ရောဂါဖြစ်ပွား သေဆုံးမှုတွေ အများဆုံးနဲ့ ကျွန်တော်တို့ ရင်ဆိုင်ပြီး ခက်ခက်ခဲခဲကျော်လွှားနေရတဲ့ အနေအထားဖြစ်ပါတယ်။
ဒါကြောင့်မို့ ခုနကလို ကျွန်တော် ရှင်းပြတဲ့အတိုင်း အိန္ဒိယရဲ့ ရောဂါဖြစ်ပွားမှု အခြေအနေနဲ့ မြန်မာနိုင်ငံရဲ့ ရောဂါဖြစ်ပွားမှု အခြေအနေတွေက မတူတဲ့အကြောင်းကို ရှင်းလင်းတင်ပြခြင်း ဖြစ်ပါတယ်။
ကျွန်တော် နောက်ထပ် မေးခွန်းတစ်ခု ရရှိထားပါတယ်။ အဲဒါက ရန်ကုန်မှာ ကူးစက်မှုတွေ မကျတာနဲ့ တစ်နေ့တစ်နေ့ ကိုဗစ် - ၁၉ ရောဂါနဲ့ သေတဲ့သူတွေများနေတယ်။ အခြေ အနေလေး သိချင်ပါတယ်လို့ မေးထားတာရှိပါတယ်။
အခုဆိုရင် ကျွန်တော်တို့ လူထုအားနဲ့ ပူးပေါင်းပြီး ကူးစက်ရောဂါ ကာကွယ်နှိမ်နင်းရေးတွေ ဆောင်ရွက်နေပါတယ်။ ဒီလို ဆောင်ရွက်တဲ့အခါမှာ Containment Strategy တွေကို ဆောင်ရွက်တဲ့အခါမှာ Outbreak Management and Response ဆိုတဲ့ လှုပ်ရှားမှုတွေနဲ့ လုပ်နေပါတယ်။ ဒါတွေက ဘာလဲဆိုရင် ပိုပြီးတိတိကျကျ ရောဂါတွေကို စောစောစီးစီးရှာပြီး စောစောစီးစီး ကူးစက်နိုင်တဲ့သူတွေ ကနေ တခြားသူတွေကို မကူးစက်အောင်လို့ ကာကွယ်တဲ့ နည်းဖြစ်ပါတယ်။
ဒီအတွက်ကြောင့် ကျွန်တော်တို့က အိမ်နဲ့ ကျေးရွာ အခြေပြု ကပ်ရောဂါ ကာကွယ်နှိမ်နင်းရေး လုပ်ငန်းတွေကိုလည်း ဆောင်ရွက်နေပါတယ်။ နောက်တစ်ခုက ကျွန်တော်တို့ ဒီတစ်နေရာတည်း ကနေပြီး အများအပြားကို မြို့နယ်အများအပြား၊ လူအများအပြား၊ တခြား တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေကို ရောဂါကူးစက်သွားနိုင်တဲ့ နေရာတွေကို မြို့နယ်အဆင့်၊ ကျေးရွာအဆင့် သေချာ သတ်မှတ်ပြီး အဲဒီနေရာတွေကို အထူးကြိုတင်ကာကွယ်တဲ့ လုပ်ငန်းတွေကိုလည်း ဆောင်ရွက်နေပါတယ်။
နောက်တစ်ခါ သေဆုံးမှုတွေ များနေတဲ့အတွက် ကြောင့် ပြည်သူလူထုထဲမှာလည်း တစ်အိမ်ချင်း၊ တစ်အိမ်ချင်းကနေ ဒီရောဂါဖြစ်ပွားပြီး သေဆုံးနိုင်တဲ့၊ အသက်ကြီးတဲ့သူတွေနဲ့ ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါရှိတဲ့ သူတွေပေါ့နော်။ ဒါကလည်း အားလုံးသိတဲ့အတိုင်း ကိုဗစ် ရိုးရိုးဆိုရင် ၁၀၀ မှာ တစ်ယောက်ပဲ သေဆုံးပေမယ့် ဆီးချိုတို့၊ နှလုံးရောဂါတို့ဆိုရင် ဒီလူတွေက ခုနစ်ယောက် ကနေ ၁၀ ယောက်အထိ သေဆုံးနိုင်တဲ့ အခြေအနေရှိတဲ့ အတွက်ကြောင့် ကိုဗစ်ကာလမှာ ဒီလိုနာတာရှည်ရောဂါ တွေဟာ ပုံမှန်ပြန်လည်ပြီး ဆရာဝန်တွေချိန်းတဲ့အတိုင်း ပြန်မပြရတဲ့ အခြေအနေမျိုးတွေ၊ ဒီလိုအခက်အခဲတွေရှိတဲ့အတွက်ကြောင့် သူတို့အိမ်မှာကို ရောဂါအခြေအနေ တွေက တချို့တွေဆိုဆိုးပြီး ကိုဗစ်ရောဂါကူးစက်ခံရတဲ့ အခါမှာ သေဆုံးနှုန်းတွေရှိတဲ့အတွက်ကြောင့် ကျေးရွာ အဆင့်၊ မြို့နယ်အဆင့်တွေမှာလည်း ကျန်းမာရေး စောင့်ရှောက်မှုတွေရရှိအောင် တစ်နည်းတစ်ဖုံနဲ့ လူထုအား၊ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေရဲ့အားနဲ့ ဆောင်ရွက်ဖို့ လိုအပ်မှာဖြစ်ကြောင်း ကျွန်တော့်အနေနဲ့ တင်ပြလိုပါတယ်။
ပါမောက္ခဒေါက်တာဌေးဌေးတင် ။ ။ အခုလိုမျိုး ရှင်းပြပေးတဲ့ ဆရာကြီး ဦးစိုးလွင်ငြိမ်းကို ကျေးဇူးအများကြီးတင်ရှိပါတယ်။ ဒုတိယပိုင်းအနေနဲ့ ကိုဗစ် - ၁၉ ရောဂါကုသရေးဆိုင်ရာ မေးခွန်းတွေကို ရရှိထားပါတယ်။ ဒီမေးခွန်းတွေသည် ပြည်သူလူထုကနေ သိလိုကြ သော ရောဂါကူးစက်မှုတွေ၊ ရောဂါလက္ခဏာ ပြခြင်း/မပြခြင်း၊ ရောဂါလက္ခဏာ နောက်ဆက်တွဲ ဆိုးကျိုးများရရှိနိုင်မှု အခြေအနေ၊ နောက်တစ်ခုက မိသားစုထဲမှာ ရောဂါလက္ခဏာ ပြန့်ပွား တဲ့အခြေအနေ၊ ကွာခြားမှု စသည်တို့ကို ဖြေကြားပေးဖို့ အတွက် ဆေးသုတေသနဦးစီးဌာနမှ ညွှန်ကြားရေးမှူး ချုပ် ပါမောက္ခဒေါက်တာဇော်သန်းထွန်းကို ဖိတ်ခေါ်လို ပါတယ်။
ဒေါက်တာဇော်သန်းထွန်း ။ ။ ဟုတ်ကဲ့ပါ။ ပြည်သူတစ်ယောက်မေးထား တဲ့ ပထမဦးဆုံးမေးခွန်းက ဖျားနေတဲ့သူတိုင်း Fever Clinic လာဖို့ လိုပါသလား။ ဒါမှမဟုတ် အိမ်မှာပဲ အဖျား ကျဆေးသောက်နေရမလား။ ဖျားတာအပြင် လည်ချောင်း နာမယ်၊ ခေါင်းကိုက်တာတွေဖြစ်လာရင် ဘယ်လိုလုပ်ရ မလဲဆိုပြီး မေးထားတာရှိပါတယ်။
ဒါကို ဖြေရမယ်ဆိုရင် ဖျားနေတဲ့သူတိုင်းဆိုတဲ့နေရာ မှာ ဖျားနေတဲ့သူသည် ကိုဗစ် - ၁၉ သံသယလက္ခဏာ ရှိတဲ့သူဆိုရင် Fever Clinic ကို လာရမှာဖြစ်ပါတယ်။ ဆီးကျဉ်လို့ ဖျားတာမျိုး ဥပမာဆိုပါစို့ ဒီလက္ခဏာသည် ကိုဗစ် - ၁၉ ရောဂါလက္ခဏာ မဟုတ်တာကြောင့် မလို အပ်ပါဘူး။
သို့သော် ဖျားတဲ့လက္ခဏာသည် နှာစေးတာ၊ ချောင်းဆိုးတာ၊ လည်ပင်းနာတာ၊ အနံ့ပျောက်တာနဲ့ တွဲပြီး ဖြစ်လာတဲ့ဟာမျိုး၊ ခေါင်းကိုက်တယ်၊ နွမ်းတယ် အစရှိသဖြင့် အဲဒီလက္ခဏာတွေသည် အရင်တုန်းက ရာသီတုပ်ကွေးရောဂါ၊ ချောင်းဆိုးလေးပဲ အစရှိသဖြင့် ဆေးခန်းသွားဖို့ မလိုပါဘူး။
အိမ်မှာပဲ ပါရာစီတမောနဲ့ ဘာမီတွန်လောက် သောက်ပြီး ပျောက်သွားနိုင်တဲ့ရောဂါလက္ခဏာလို့ သတ်မှတ်လို့ရပေမယ့် အခုအချိန်မှာ ကျွန်တော်တို့ နိုင်ငံသည် ကိုဗစ်-၁၉ ရောဂါကူးစက်မှုဖြစ်နေပြီး ရင်ဆိုင် နေရတဲ့အချိန်မှာ ပြည်တွင်းကူးစက်မှုနှုန်းသည် အလွန် မြန်နေတာကြောင့် ဒီလိုအချိန်မှာ ဒီလက္ခဏာသည် ကိုဗစ်-၁၉ ကြောင့်လား။ ဒါမှမဟုတ် ရာသီတုပ်ကွေး အစရှိသဖြင့် ခွဲခြားသိဖို့လိုပါတယ်။
ဘာကြောင့် ခွဲခြားပြီးသိဖို့ လိုသလဲဆိုတော့ ဒီ ကိုဗစ်-၁၉ ရောဂါကူးစက်မှုနှုန်း မြန်တာကြောင့် ကျွန်တော်တို့ မြန်မြန်သိဖို့ လိုပါတယ်။ မြန်မြန်သိဖို့ဆိုရင် ဘာလုပ်ရမလဲ၊ တခြားနည်းမရှိပါဘူး။ မြန်မြန်စစ်ကြည့်မှ သိမှာဖြစ်ပါတယ်။ မြန်မြန်စစ်ကြည့်ဖို့အတွက် အခု အချိန်မှာ ကိုဗစ်-၁၉ စစ်ဆေးနိုင်တဲ့ Rapid Antigen Test လို့ခေါ်တဲ့ Test Kit တွေကို နိုင်ငံတော်က ဝယ်ပေး ထားပြီး ဖြစ်ပါတယ်။
တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေကို ဖြန့်ပေးထားပြီး ဖြစ်တာကြောင့်၊ ဒီဟာနဲ့ စစ်ဆေးလိုက်မယ်ဆိုရင် နာရီဝက်လောက်အတွင်းမှာ ကိုဗစ် - ၁၉ ရောဂါရှိခြင်း/ မရှိခြင်းကို ခွဲခြားနိုင်မှာ ဖြစ်ပါတယ်။ ဒီလိုစစ်ဆေးခြင်း ကလည်း ရောဂါလက္ခဏာပြပြီး ခြောက်ရက်အတွင်းမှာ စစ်ဆေးမှသာလျှင် မှန်ကန်တဲ့အဖြေကို ရရှိမှာဖြစ်တာ ကြောင့် လူနာတွေအနေနဲ့ ကိုဗစ် - ၁၉ သံသယ လက္ခဏာရှိပြီဆိုတာနဲ့၊ ဖျားပြီဆိုတာနဲ့၊ လည်ပင်းနာပြီ ဆိုတာနဲ့ သက်ဆိုင်ရာ၊ နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းတွေကို သွားရောက်ပြသပြီး စစ်ဆေးမှုခံယူဖို့ လိုအပ်ပါတယ်။
ဒီလိုစစ်ဆေးမှုခံယူပြီးရင် ကျွန်တော်တို့က ဘာလုပ်မလဲဆိုရင် ရောဂါလက္ခဏာ Positive ဖြစ်တဲ့သူ ကို ခွဲထုတ်မယ်၊ ခွဲခြားပြီးထားမယ် အဲဒီလိုလုပ်ခြင်းအား ဖြင့် ကူးစက်မှုနှုန်းကို ဖြတ်တောက်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် Fever Clinic ကို ကိုဗစ် - ၁၉ ရောဂါ လက္ခဏာ ရှိနေပြီဆိုရင်တော့ သွားရောက်ပြသဖို့ သင့်ပါတယ်။ ရာသီတုပ်ကွေးရှိရင်လည်း သွားရောက်ပြသဖို့သင့်တယ် လို့ ကျွန်တော့်အနေနဲ့ ဖြေကြားလိုပါတယ်။
ဒုတိယတစ်ခုအနေနဲ့ ကိုဗစ် - ၁၉ ရောဂါသည် ရောဂါလက္ခဏာမရှိတဲ့သူ တစ်ယောက်က လက္ခဏာပြ သွားတဲ့အနေအထားကို ဖြစ်သွားနိုင်လား။ အဲဒါနဲ့ ပတ်သက်ပြီး ဖြေရမယ်ဆိုရင် ရောဂါလက္ခဏာမပြဘဲ ကိုဗစ် - ၁၉ ရောဂါဖြစ်နေတဲ့သူတွေသည် ၁၀ ယောက်မှာ ၇ ယောက်ကနေ ၈ ယောက်အထိ ဖြစ်နေတာကို တွေ့ရှိရပါတယ်။
ကိုဗစ် - ၁၉ ရောဂါ အစပိုင်းလောက် ဒီဇင်ဘာလနဲ့ ဇန်နဝါရီလလောက်တုန်းကဆိုရင် ၆၀ ရာခိုင်နှုန်းလောက် ပဲရှိပါတယ်။ ၁၀ ယောက်မှာ ၆ ယောက်လောက်လို့ ပြောခဲ့ ပေမယ့်၊ ယခုအချိန်မှာ ၇ ယောက် / ၈ ယောက်လောက် အထိကို ရောဂါလက္ခဏာ မပြဘူးလို့ ပြောနေကြပါတယ်။
ဒါသည် ပြည်သူ့ကျန်းမာရေး ရှုထောင့်ကနေ ကြည့်မယ်ဆိုရင် အလွန်စိုးရိမ်ဖို့ ကောင်းပါတယ်။ လူနာကိုယ်တိုင်သည် မိမိမှာ ရောဂါပိုးသယ်ဆောင်လျက် ရှိတယ်၊ ရောဂါဖြစ်နေတယ်ဆိုတာ သူ့မှာ မသိဘဲနဲ့ ပတ်ဝန်းကျင်မှာ သွားနေတတ်ပါတယ်။ ဈေးထဲသွားမယ်၊ အရပ်ထဲ သွားမယ်၊ ကိုယ့်ကိုယ်ကိုယ် လူကောင်းလို့ထင်နေမယ်။
ဒီလို ရောဂါလက္ခဏာမပြတဲ့သူတွေသည် ရောဂါ လက္ခဏာလုံးဝမပြဘဲနဲ့ သူသည် နောက်ဆုံးရောဂါ မဖြစ်တဲ့ သူတစ်ယောက်အဖြစ် သူ့ကိုယ်သူ ထင်နေမယ်။ ဒါမျိုးလည်း ဖြစ်သွားနိုင်သလို ရောဂါမပြတဲ့ နေရာက နေပြီး ရောဂါလက္ခဏာ ပြသောသူအဖြစ်ကိုလည်း ပြောင်းရွှေ့ပြီး ဖြစ်လာနိုင်ပါတယ်။ ဒီအချက်က အရေးကြီးပါတယ်။
ဘာကြောင့်လဲဆိုတော့ ရောဂါလက္ခဏာ မပြခင် နှစ်ရက်ကနေပြီး ရောဂါလက္ခဏာပြပြီးတော့၊ ပြတဲ့အချိန်၊ ပြပြီးခါစမှာ သူသည် ကူးစက်နှုန်း အရမ်းမြန်ပါတယ်။ တစ်ပါးသူကို ကူးစက်နိုင်ပါတယ်။ အဲဒီအချိန်မှာ သူသည် ချောင်းဆိုးလျှင်သော်လည်းကောင်း၊ နှာချေလိုက်လျှင် သော်လည်းကောင်း သူ့ရဲ့နှာခေါင်းနဲ့ ထိတွေ့ထားတဲ့ လက်ကနေ တစ်နေရာကို ကိုင်ထားလိုက်လို့၊ အဲဒီနေရာ ကို တခြားသူတစ်ယောက်က လာကိုင်ရင်သော်လည်း ကောင်း၊ ပိုက်ဆံကသော်လည်းကောင်း ထိတွေ့မှုတစ်ခု ကနေ ကူးစက်နိုင်မှာ ဖြစ်ပါတယ်။
ဒါသည် ရောဂါပိုးသယ်ဆောင်ထားသူ ကိုယ်တိုင် မိမိမှာ မိမိ ရောဂါရှိမှန်း မသိတာကြောင့် ယခုကျွန်တော်တို့ အနေနဲ့ နှာခေါင်းစည်း Mask ကို မဖြစ်မနေတပ်ကြပါ။ တစ်ယောက်နဲ့တစ်ယောက် ခပ်ခွာခွာနေကြပါ။ ဘာကိုင် ပြီးပြီး လက်ကိုဆေးကြပါ။ ဒီလက်နဲ့ မျက်နှာတစ်ဝိုက်ကို မထိကြပါနဲ့ဆိုတာကို ထပ်ကာထပ်ကာပဲ ပြောနေရတာ ဖြစ်ပါတယ်။
ဒါကြောင့်မို့ ပြန်ကြည့်မယ်ဆိုရင် ဒီလိုမျိုး ကူးစက်မှု များပြားလာခြင်းသည် လူဦးရေ ထူထပ်သိပ်သည်းတယ်။ စုစည်းကြတယ်။ အဲဒီလိုမျိုး အနေအထားတွေကနေ Clusters ဖြစ်လာကြတာကိုလည်း ကျွန်တော်တို့မှာ ကမ္ဘာနဲ့အဝှမ်းက အထောက်အထားတွေ အများကြီး ရှိပါတယ်။
ဒါကြောင့် ရောဂါလက္ခဏာ မပြတဲ့သူတွေမှာလည်း ကိုဗစ် - ၁၉ ဖြစ်နိုင်ပါတယ်။ ရောဂါလက္ခဏာ မပြတဲ့ သူကနေ ပြတဲ့သူအဖြစ်ကိုလည်း ပြောင်းသွားနိုင်တယ်။ ပြတဲ့သူအဖြစ် ပြောင်းသွားပြီး သူသည် ဘယ်အချိန် လောက်မှာ ဆုံးနိုင်သလဲလို့ မေးထားတာ ရှိပါတယ်။
အကြမ်းဖျင်းအားဖြင့် ရောဂါလက္ခဏာ စဖြစ်ပြီးတော့ ၅ ရက်မှ ၇ ရက်လောက်အတွင်းမှာဆိုရင် ရောဂါ လက္ခဏာသည် စတင်ပြီး ဆိုးရွားတဲ့ဘက်ကို ရောက်ရှိ လာပါတယ်။ များသောအားဖြင့် ၁၀၀ မှာဆိုရင် ၉၅ ရာခိုင်နှုန်းကျော်လောက်က ဘာမှဆိုးဆိုးရွားရွား အသက် အန္တရာယ်မရှိတတ်ပါဘူး။ သို့သော် ဆိုးရွားတဲ့လက္ခဏာ ပြတဲ့သူ ၂၀ ရာခိုင်နှုန်းတော့ရှိတတ်တယ် အစရှိသဖြင့် ကိန်းဂဏန်းတွေက ဖော်ပြနေတာ ဖြစ်ပါတယ်။
ဒီတော့ မိမိသည် ရောဂါလက္ခဏာ ဆိုးရွားတာပြလာ တာကို မိမိသိဖို့လိုအပ်သလို၊ သက်ဆိုင်ရာကျန်းမာရေး ဝန်ထမ်းတွေ၊ ကျန်းမာရေးဌာနတွေကိုလည်း သွားရောက် ပြသဖို့ အရေးကြီးပါတယ်။ ဘာကြောင့် ဒီလိုပြောရသလဲ ဆိုရင် ယခုလက်ရှိ ကုထုံးတွေဖြစ်တဲ့ Dexamethasone လိုဆေးမျိုး၊ ဗိုင်းရပ်စ်ပိုးကို သတ်တဲ့ Remdesivir လို ဆေးမျိုး၊ နောက်တစ်ခါ ကျွန်တော်တို့ ရောဂါပျောက်ကင်း သွားတဲ့သူတွေ၊ ကိုဗစ်ဝေဒနာပျောက်ကင်းသူတွေက လှူဒါန်းပေးထားတဲ့ သွေးရည်ကြည်ကုထုံးနဲ့ ကုသတဲ့ ကုထုံးများသည် မြန်မာနိုင်ငံမှာ အားလုံးရရှိနေပြီ ဖြစ်ပါတယ်။
ဒီကုထုံးတွေရဲ့ ထူးခြားချက်က ရောဂါဖြစ်ပြီးတဲ့ အချိန် ကျရင် စောစောကုလေ၊ အထူးသဖြင့် ရောဂါလက္ခဏာစပြီး သုံးရက်အတွင်း ကုသနိုင်တယ်ဆိုရင် တော်တော်လေးကို ထိရောက်မှုရှိတယ်လို့ ပြောပါတယ်။ ဒါကြောင့် စောစော ကုသနိုင်တယ်ဆိုရင် စောစောထိရောက်မှုရှိမယ်။ အကယ်၍ လူနာသည် အကြောင်းကြောင်းကြောင့် မိမိကိုယ်မိမိ ရာသီတုပ်ကွေးထင်လို့၊ နှာစေးတယ်၊ ချောင်းဆိုးတယ်၊ ဖျားတယ်ဆိုပြီး ပါရာစီတမောနဲ့ ဘာမီတွန်လိုဟာမျိုး လေးသောက်နေပြီး ၈ ရက်၊ ၉ ရက်လောက်နေမှ ရောက်ရှိ လာတယ်။ အဲဒီအချိန်မှာစစ်လို့ ကိုဗစ်က Positive ဖြစ်ပြီ ဆိုတဲ့ လူနာတစ်ယောက်မှာ အကယ်၍ အခြေအနေဆိုးလို့ များ အသက်ရှူစက်တင်ရတော့မယ်ဆိုတဲ့ အခြေအနေရှိတဲ့ အချိန်၊ ၈ ရက်၊ ၉ ရက်၊ ၁၀ ရက်ရောက်မှ ကုသရတဲ့အချိန် ဆိုရင် ခုနဖော်ပြခဲ့တဲ့ ကုထုံးတွေသည် ထိရောက်မှု အားနည်းပါတယ်။
စောစောကုတယ်ဆိုရင် စောစောကောင်းနိုင်တာ ကြောင့် ဘယ်အချိန်မှာ အခြေအနေဆိုးလာမလဲဆိုတာ စောင့်ကြည့်ဖို့လိုပါတယ်။ စောင့်ကြည့်ပြီး လိုအပ်တဲ့ ကုထုံး တွေကို ကျန်းမာရေးဝန်ထမ်းတွေက အချိန်နဲ့တစ်ပြေးညီ စပြီးကုသပေးနိုင်မယ်ဆိုရင် စိုးရိမ်ရတဲ့ အခြေအနေကို မရောက်ရှိဘဲနဲ့ စောစောစီးစီး ကယ်တင်နိုင်မှာ ဖြစ်ပါတယ်။
ဒါကြောင့် စောစောသိဖို့ လိုပါတယ်။ စောစောသိခြင်း အားဖြင့် မိသားစုဝင်တွေကို ကူးစက်မှုကို လျှော့ချနိုင်မယ်။ တစ်ချိန်တည်းမှာပဲ မိမိအတွက်လည်း ကောင်းမွန်တာဖြစ်ပါ တယ်။ ဒါကြောင့် စောစောစီးစီး ကုသဖို့လိုပါတယ်။ စောစောစီးစီး ရောက်လာဖို့လိုပါတယ်။ စောစောစီးစီး လိုအပ်တဲ့ကုထုံးတွေ ကုပေးခြင်းအားဖြင့် ဆိုးရွားတဲ့ အခြေအနေတစ်ရပ်ကို ကျွန်တော်တို့ တားဆီးနိုင်မှာ ဖြစ်ပါတယ်။
နောက်မေးခွန်းတစ်ခုအနေနဲ့ ကိုဗစ်လူနာက Positive ဖြစ်ပြီးတဲ့အခါကျရင် ဘယ်အချိန်မှာ Negative ဖြစ်သွား မလဲ ဆိုတာကို မေးထားတာဖြစ်ပါတယ်။ အဲဒါနဲ့ ပတ်သက် ပြီး ဖြေရမယ်ဆိုရင် နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ်မှာ ဗိုင်းရပ်စ်ပိုး ရှိခြင်း / မရှိခြင်းကို RT – PCR ဆိုတဲ့ စက်ကြီးနဲ့ အဆင့်ဆင့်စစ်တဲ့အခါ၊ ၆ နာရီ၊ ၈ နာရီခန့်ကြာတဲ့ စနစ်နဲ့ စစ်တဲ့အခါ၊ နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ်မှာ ကိုဗစ်- ၁၉ ရောဂါဖြစ်ပြီးတဲ့ လူတစ်ယောက်ကို ဒီလိုစစ်ခြင်းသည် စစခြင်းရောဂါရရှိတဲ့အချိန်ကစပြီး တွေ့တာက အချို့တွေ ဆိုရင် ၄၅ ရက်အကြာ၊ တစ်လခွဲအကြာတဲ့အထိတိုင်အောင် လည်း စစ်ရင်တွေ့နေတတ်ပါတယ်။
ဒီလိုတွေ့နေနိုင်ခြင်းဟာ သူရဲ့ရောဂါပိုးသည် အခြား သူကို ကူးစက်နိုင်စွမ်းက စဖြစ်တဲ့နေ့က ၁၁ ရက်အတွင်းပဲ ကူးစက်နိုင်ပြီး ၁၁ ရက်ကျော်သွားရင် ကူးစက်နိုင်စွမ်း မရှိတော့ဘူးဆိုတဲ့ သိပ္ပံပညာအထောက်အထားတွေအရ လည်း ဖော်ပြပြီးဖြစ်ပါတယ်။
အဓိပ္ပာယ်က ကိုဗစ် - ၁၉ ဖြစ်ပြီးတဲ့ လူနာတစ်ယောက် သည် တစ်လလောက်မှာ စစ်ကြည့်တယ်။ စစ်ကြည့်တဲ့အခါ ပိုးတွေ့တယ်။ ပိုးတွေ့ခြင်းသည် ယခင်ရောဂါအဟောင်းက ရှိခဲ့တဲ့ ဗိုင်းရပ်စ်က နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ်မှာ စစ်ကြည့်လိုက်တဲ့အခါ တွေ့ရှိတဲ့ ဗိုင်းရပ်စ်ပိုးဖြစ်ပြီး အခြား သူကို ကူးစက်နိုင်စွမ်းမရှိပါဘူး။ ဒီသိပ္ပံအထောက်အထားကို အသုံးပြုပြီး ယခုအချိန်မှာဆိုရင် လူနာတွေကို ဘယ်အချိန်မှာ ဆေးရုံက ဆင်းရမယ်ဆိုတာနဲ့ ပတ်သက်ပြီး အားလုံးက အဖွဲ့နဲ့ ဝိုင်းဝန်းတိုင်ပင် စဉ်းစားကြပြီး ဆုံးဖြတ်နေကြတာ ဖြစ်ပါတယ်။
ကမ္ဘာတစ်ဝန်းမှာလည်း ဒီနည်းနဲ့ပဲ ဆုံးဖြတ်နေကြတာ ဖြစ်ပါတယ်။ ဒါကြောင့် ကိုဗစ် - ၁၉ Positive ဖြစ်ပြီးတဲ့အခါ ဗိုင်းရပ်စ်ပိုးသည် တစ်လခွဲလောက်အထိကို ရှိနေနိုင်ပေမယ့် သူသည် အခြားသူကို ကူးစက်နိုင်စွမ်းမရှိဘူးဆိုတဲ့ အချက်ကိုလည်း ပြောပြနိုင်ပါတယ်။
တစ်ဆက်တည်းမှာ တစ်ခါဖြစ်ပြီးသောသူ နောက် တစ်ခါ ထပ်ဖြစ်နိုင်သလား ဆိုတဲ့ မေးခွန်းကို မေးထားပါ တယ်။ ဗိုင်းရပ်စ် တစ်ခါဖြစ်ဖူးသူက နောက်တစ်ခါ ထပ်ဖြစ် နိုင်တဲ့ အခွင့်အလမ်းက အလွန်နည်းမယ်လို့ ပြောရပါမယ်။
ဘာဖြစ်လို့လဲဆိုတော့ လက်ရှိမြန်မာနိုင်ငံမှာ မတ်လ ၂၃ ရက်မှာ ပထမဦးဆုံးဝင်ခဲ့တဲ့ မျိုးရိုးဗီဇသည် တစ်မျိုး ဖြစ်ခဲ့ပါတယ်။ အဲဒီတစ်မျိုးကနေ မေလနောက်ပိုင်းမှာဆိုရင် ဝင်လာတဲ့ ဗိုင်းရပ်စ်က ပြောရမယ်ဆိုရင်တော့ အစဦးပိုင်းမှာ ဝင်လာတဲ့ အတော်များများသည် နိုင်ငံတကာမှ ပြန်လာတဲ့ နေရပ်ပြန်တွေကနေ ရောဂါပိုးတွေ တွေ့ရှိခဲ့တာဖြစ်ပါတယ်။ ဒီဖြစ်ခဲ့တဲ့ အချိန်တုန်းက အမေရိကမှ လာတာရှိတယ်။ ဥရောပမှ လာတာရှိတယ်။ ယူကေ၊ မလေးရှား အစရှိသည် ဖြင့် နိုင်ငံပေါင်းစုံမှလာတဲ့ ဗိုင်းရပ်စ်ပိုးတွေသည် မျိုးကွဲ သုံးမျိုး၊ လေးမျိုးလောက်ကို ဝင်လာတာဖြစ်ပါတယ်။
ဒီနောက်ပိုင်း ဩဂုတ်လလယ်နောက်ပိုင်းကနေ ယခုအချိန်ထိဖြစ်နေတဲ့ ဗိုင်းရပ်စ်ပိုး အများစုသည် ဗိုင်းရပ်စ်ပိုးမျိုးကွဲ အမျိုးအစားတစ်မျိုးပဲ ဖြစ်ပါတယ်။ ဒီလို မျိုးကွဲ အမျိုးအစားတစ်မျိုးကနေ လှည့်ပတ်ပြီး ဒီလို ကူးစက်နေတာကြောင့် အဲဒါနဲ့ပတ်သက်တဲ့ ကိုယ်ခံအားက တော့ ဖြစ်ပြီးသွားသောသူတွေမှာ ရှိနေတာဖြစ်ပါတယ်။
ယခုကဲ့သို့ ဗိုင်းရပ်စ်တစ်မျိုးတည်း လှည့်ပတ်နေတာ ကြောင့် ဗိုင်းရပ်စ်တစ်မျိုးကို ခံနိုင်တဲ့ကိုယ်ခံအားသည် ဖြစ်ပြီးသွားသောသူတွေမှာ ရှိနေတာကြောင့်၊ အဲဒီဗိုင်းရပ်စ် ပိုးဝင်မယ်ဆိုရင် အဲဒီမျိုးကွဲကို တိုက်နိုင်တဲ့ ကိုယ်ခံအားသည် ရှိနေပြီးသားဖြစ်တာကြောင့် တစ်ခါဖြစ်ပြီးရင် မဖြစ်နိုင်ဘူး ရယ်လို့ အကြမ်းဖျင်းအားဖြင့် ပြောလို့ရပေမယ့် ဥပမာအား ဖြင့် ဒီလူတစ်ယောက်သည် အမေရိကကို ရောက်သွားလို့ အမေရိကမှာဖြစ်တဲ့ မျိုးရိုးဗီဇ၊ မျိုးကွဲသည် နောက် တစ်ခုသာဖြစ်ခဲ့မယ်ဆိုရင်တော့ သိပ္ပံပညာသဘောနဲ့ ဖြစ်မယ်ဆို ဖြစ်နိုင်ခြေရှိတယ်လို့ ပြောလို့ရတာဖြစ်သလို၊ လက်တွေ့မှာလည်း ဟောင်ကောင်မှာ တစ်ခါဖြစ်ဖူးတဲ့ တရုတ်လူမျိုးတစ်ဦးသည် အီတလီတို့၊ ယူကေတို့က ပြန်လာတဲ့အချိန်မှာ နောက်တစ်ခေါက် ပြန်ဖြစ်တယ်ဆိုတဲ့ သိပ္ပံအထောက်အထားတစ်ခုကိုလည်း ကျွန်တော်တို့ တွေ့ရှိ ထားတာ ဖြစ်ပါတယ်။ ဒါက ရှားရှားပါးပါး ဖြစ်ရပ်ပါ။ ဒီတော့ အကြမ်းဖျင်းပြောရမယ်ဆိုရင် တစ်ခါဖြစ်ဖူးတဲ့သူသည် နောက်တစ်ခါ ပြန်ဖြစ်နိုင်ခြေမရှိဘူးလို့ပဲ ကျွန်တော့်အနေနဲ့ ဖြေကြားလိုပါတယ်။ ကျေးဇူးတင်ပါတယ်။
ဒေါက်တာဌေးဌေးတင်။ ။ ဟုတ်ကဲ့၊ ဆရာဦးဇော်သန်းထွန်း သေသေချာချာလေး ဖြေကြားပေးခဲ့တဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ နောက်ဆုံးအပိုင်းအနေနဲ့ ဓာတ်ခွဲမှုပိုင်းဆိုင်ရာ မေးခွန်းတွေ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ယခု ကိုဗစ် - ၁၉ ဓာတ်ခွဲစစ်ဆေးမှုက မြန်မာနိုင်ငံမှာ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလကစပြီး အမျိုးသားကျန်းမာရေးဓာတ်ခွဲမှု ဆိုင်ရာဌာနက လုပ်ဆောင်နေခဲ့တာ၊ ဖေဖော်ဝါရီလ ၂၀ ရက်ကစပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကျွန်မတို့ ကိုယ်တိုင်စပြီး ပြုလုပ်ခွင့်ပေးတဲ့အတွက် စတင်လုပ်ဆောင် ခဲ့ပါတယ်။
ဒီအတောအတွင်းမှာ နည်းပညာအသစ်အဆန်းတွေ လည်း အများကြီးပေါ်ခဲ့ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ နည်းပညာအသစ်တွေကို တီထွင်နိုင်တဲ့ အရည်အသွေး လောလောဆယ်မရှိသေးပေမယ့် ကမ္ဘာပေါ်မှာ ဖြစ်ပေါ် နေတဲ့ နည်းပညာတွေနဲ့ထပ်တူ တစ်ပြိုင်နက်တည်း မြန်မာနိုင်ငံမှာ လိုက်နိုင်အောင် ကျွန်မတို့ ကြိုးစားခဲ့ ပါတယ်။ ဒါနဲ့ပတ်သက်တဲ့ သိလိုတဲ့မေးခွန်းတွေ အများကြီးတွေ့ရပါတယ်။ ဒီအထဲကနေ မေးခွန်းအချို့ကို ဖြေကြားပေးပါမယ်။
ဒါကနည်းပညာပိုင်းဆိုင်ရာ မေးခွန်းဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကိုဗစ် - ၁၉ ကို မြန်မာနိုင်ငံမှာ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလနဲ့ ဖေဖော်ဝါရီလမှာစပြီး မော်လီကျူလာနည်းပညာနဲ့ စမ်းသပ်ခဲ့ပါတယ်။ ဒီ စမ်းသပ်မှုနဲ့ ယခုအခါမှာ ရောဂါတွေ့ရှိတဲ့သူတွေကလည်း အများကြီး များလာပါတယ်။ အဲဒါမျိုး များလာတဲ့အခါ အမေရိကမှာရှိနေတဲ့ Centers for Disease Control and Prevention လို့ခေါ်တဲ့ CDC ကနေ အကြံပြုတဲ့ နည်းတစ်ခုဖြစ်တဲ့ ဓာတ်ခွဲနမူနာတွေကို စုပေါင်းပြီး Pool Test လုပ်ဖို့အစီအစဉ် ရှိလား/မရှိဘူးလားဆိုတဲ့ မေးခွန်းတွေကို မေးပါတယ်။ မေးခွန်းရှင်ကတော့ ဒါသည် နည်းပညာပိုင်းဆိုင်ရာ ပိုပြီးကောင်းမယ်လို့ သူယူဆတဲ့ အတွက်ကြောင့် မေးခြင်းဖြစ်ပါတယ်လို့ ပြောပါတယ်။ အဲဒါနဲ့ပတ်သက်ပြီး ကျွန်မ အနည်းငယ် ဖြေကြားလိုပါ တယ်။
ဓာတ်ခွဲစမ်းသပ်စစ်ဆေးမှုမှာ ကျွန်မတို့ ကိုဗစ် - ၁၉ ကို အဓိကပြောကြားရရင် ကိုဗစ် - ၁၉ ကို ဓာတ်ခွဲစမ်းသပ် စစ်ဆေးတဲ့အခါ တစ်ဦး၊ တစ်ယောက်ကနေ ရောဂါ ရှိ / မရှိ လာပြီး စစ်ဆေးတယ်။ ဒီတစ်ဦး၊ တစ်ယောက်ကိုပဲ အဖြေထုတ်ပေးပါတယ်။ အဲဒါမျိုး အားလုံးကတော့ Diagnostic လို့ခေါ်ပါတယ်။ ရောဂါ ရှိ / မရှိ သိအောင်နဲ့ ရောဂါ ရှိ / မရှိ သိရင် သိခြင်းအားဖြင့် ပြုလုပ်ရမည့် အခြေအနေတွေ၊ လုပ်ဆောင်ရမယ့်အချက်တွေ၊ ရောဂါ မရှိရင် မရှိသူတွေအတွက် ဆောင်ရွက်ရမယ့်အခြေအနေ တွေဆိုပြီး ခွဲခြားထားပါတယ်။ နောက်တစ်ခုက Screening Test လိုခေါ်ပါတယ်။ Screening ဆိုတာက ရောဂါရှိတယ်လို့ တစ်ခါမှ သံသယမရှိပါဘူး။
သို့သော် အုပ်စုလိုက်ကြီးအပေါ်မှာ ဒီရောဂါ ရှိ / မရှိ ကို ကျွန်မတို့ အခြေအနေအမှန်ကို သိရှိလိုတဲ့အတွက် ကြောင့် ဥပမာအားဖြင့် ကျောင်းတွေ ပြန်ဖွင့်ရတော့ မလား။ စုပေါင်းနေတဲ့ စက်ရုံတစ်ရုံမှာ ရောဂါရှိတဲ့သူတွေ ရှိနေသလား။ ရောဂါ ရှိခြင်း / မရှိခြင်းကို စက်ရုံပြန်ဖွင့်ဖို့ အတွက် သိရှိလိုတဲ့ အခြေအနေမျိုးမှာ Screening လုပ်ပါတယ်။ ဒါမျိုးအခြေအနေမျိုးဆိုရင် တစ်ဦး၊ တစ်ယောက်ချင်းစီကို ကျွန်မတို့ အဖြေပေးပို့စရာ မလိုပါ ဘူး။ စုပေါင်းစစ်ပြီးတော့ စုပေါင်းအဖြေပဲစစ်ဖို့ သင့်တယ် / မသင့်ဘူး၊ ရောဂါ ရှိခြင်း / မရှိခြင်းကို စုပေါင်း အဖြေတစ်ခုပဲ ပေးရပါတယ်။
နောက်ဆုံးတစ်ခုက Surveillance Testing လို့ ခေါ်ပါတယ်။ ကိုဗစ် - ၁၉ ကမ္ဘာပေါ်မှာ ဘယ်လောက် အထိ ဆက်ရှိမယ်လို့ မသိပါဘူး။ သို့သော်လည်း ဖြစ်ပွားမှု တွေ ဖြည်းဖြည်းချင်းနဲ့ လျော့နည်းလာပြီး အသေအပျောက်တွေ လျော့နည်းလာတဲ့အချိန်မှာ Population အကုန်လုံး၊ ကမ္ဘာတစ်ဝန်းလုံးမှာရှိနေတဲ့ ကမ္ဘာသူ ကမ္ဘာသား၊ မြန်မာနိုင်ငံသူ၊ နိုင်ငံသားတွေ အားလုံးသည် ကိုဗစ် - ၁၉ ကို တစ်နည်းမဟုတ် တစ်နည်းနဲ့ ထိတွေ့ခဲ့တာဖြစ်တဲ့အတွက် Herd Immunity လို့ခေါ်တဲ့ ကိုယ်ခံ စွမ်းအားတွေ ပေါ်လာမှာဖြစ်ပါတယ်။
ဒီ Immunity တွေ လူထုထဲမှာ ဘယ်လောက်ရှိသလဲ ဆိုတာသိဖို့အတွက် ကျွန်မတို့ ခုခံစွမ်းအား Antibody စစ်ပါတယ်။ ဒါကိုလည်း Serology Surveillance လို့ခေါ်ပါတယ်။ ယခု မေးခွန်းရှင် မေးထားတဲ့ Group Testing ဆိုတာက ကျွန်မတို့ သုံးဖို့လည်း ပထမက စီစဉ်ခဲ့ပါတယ်။ ဒါမျိုးအခြေအနေကို စီစဉ်ခဲ့ခြင်းအားဖြင့် သူက အချိန်ကုန်သက်သာတယ်။ ကုန်ဆုံးနေတဲ့ ဓာတ်ခွဲစမ်းသပ်မှု ပစ္စည်းတွေကိုလည်း ချွေတာရာ ရောက်ပါတယ်။
သို့သော် ယခုလက်ရှိ မြန်မာနိုင်ငံနဲ့ ရန်ကုန်မြို့ရဲ့ အခြေအနေဆိုရင်တော့ ရောဂါဖြစ်ပွားမှုက အတက် ဘက်မှာပဲ ရှိပါသေးတယ်။ နည်းနည်းကျသလိုထင်ရ ပေမယ့် လောလောဆယ် အတက်ဘက်မှာပဲ တန်းနေတဲ့ သဘောရှိတဲ့အတွက်ကြောင့် ဒါမျိုးစစ်ဆေးမယ်ဆိုရင် ပိုမိုပြီး Group လုပ်လိုက်တယ်။ ငါးယောက်တစ်စု စစ်လိုက် တယ်။ ငါးယောက်ထဲမှာ Positive ထွက်ရင် ဒီ Positive က ဘယ်သူလဲဆိုတာကို ကျွန်မတို့ ပြန်ပြီးတော့ ဖြေရှင်း ရမယ်။ နှစ်ခါစစ်ရင် နှစ်ခါကုန်တဲ့နည်းဖြစ်ပါတယ်။
ဒါကြောင့် ရန်ကုန်မြို့နဲ့ မြန်မာနိုင်ငံအခြေအနေမျိုးမှာ လောလောဆယ်တော့ Group Testing ကို ကျွန်မတို့ စမ်းသပ်စစ်ဆေးနိုင်ဖို့အတွက် အခြေအနေမရှိသေး ကြောင်း ဒီမေးခွန်းကို ဖြေကြားလိုပါတယ်။
ဒုတိယမေးခွန်းက ယခုလိုမျိုး နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ် ယူတာဟာ ယူတဲ့သူအတွက် သီးသန့် နည်းပညာပိုင်းဆိုင်ရာ လိုပါတယ်။ ကျွမ်းကျင်သူပဲ လုပ်နိုင်ပါတယ်။ ဒါကြောင့် အချို့သောနိုင်ငံ ဥပမာ အားဖြင့် ဟောင်ကောင်လိုနေရာတွေမှာ တံတွေးကနေ စမ်းသပ်စစ်ဆေးတဲ့ နည်းတွေလည်း ပေါ်နေပါပြီ။ အဲဒါမျိုး တံတွေးကနေ စမ်းသပ်စစ်ဆေးတဲ့နည်းကို မြန်မာနိုင်ငံမှာ သုံးလို့ ရ/မရ ဆိုတာလေးကို မေးပါတယ်။
ဟုတ်ပါတယ်။ တံတွေးကနေ စမ်းသပ်စစ်ဆေးတဲ့ နည်းပညာက Rapid Test လို့ခေါ်တဲ့ အချိန်တိုအတွင်း အဖြေသိတဲ့ နည်းပညာမှာတော့ မပေါ်သေးပါဘူး။ သူဟာ မော်လီကျူလာ နည်းပညာမှာတော့ အာခေါင်တို့ဖတ်၊ နှာခေါင်းတို့ဖတ်နေရာမှာ အစားထိုးတဲ့ နည်းပညာအဖြစ် အမေရိကန်နိုင်ငံ FDA က အသိ အမှတ်ပြုထားတာတွေ ပေါ်နေပါပြီ။
သို့သော် အချိန်က နာရီဝက် မဟုတ်ပေမယ့် ၄၅ မိနစ်၊ တစ်နာရီအတွင်းမှာ စမ်းသပ်နိုင်တဲ့ Loop- mediated Isothermal Amplification (LAMP) နည်းနဲ့ ကျွန်မတို့ စမ်းသပ်လို့ ရပါတယ်။ ဒါပေမယ့် သူက Sensitivity အနေနဲ့ ၇၀ ရာခိုင်နှုန်းလောက်ပဲ ရှိပါတယ်။ ဒါကြောင့် ဒီဟာကို ကျွန်မတို့ စပြီးစစ်ဆေးမယ်လို့ မြန်မာနိုင်ငံဆေးပညာရှင်အသင်းတို့၊ ဆေးကောင်စီ တို့မှာ တစ်ခေါက်လောက် ဆွေးနွေးခဲ့ပြီးသားဖြစ်ပါတယ်။
သို့သော်လည်း Rapid Test လို့ခေါ်တဲ့ နည်းပညာဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အတည်ပြုလိုက်ပါတယ်။ သူက ပိုလျင်မြန်တယ်။ ပိုတိကျတယ်။ ကိုယ်ရွေးတဲ့အုပ်စုသာ မှန်တယ်ဆိုရင် ၉၀ ရာခိုင်နှုန်း၊ ၉၅ ရာခိုင်နှုန်းလောက်အထိကို Sensitivity ကောင်းတယ်။ နောက်တစ်ခုက Specificity ကလည်း ၁၀၀ ရာခိုင်နှုန်း၊ ၉၉ ရာခိုင်နှုန်းလောက်အထိကို ရှိပါတယ်။ ၁၅ မိနစ်၊ မိနစ် ၃၀ လောက်အတွင်းမှာ လူနာရဲ့ ခုတင်ဘေးတင်ပဲ ချက်ချင်းအဖြေရနိုင်ပါတယ်။
ဒါကြောင့် စက်တင်ဘာ ၂၉ ရက်က မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါရှာဖွေတဲ့နည်းထဲမှာ Rapid Antigen Test စသုံးတာကိုလည်း မှတ်တမ်းတင်ရမယ့် နေ့တစ်နေ့ပါ။ ဒါကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ခွင့်ပြု ချက်နဲ့ ရောက်ရှိတဲ့ပစ္စည်းတွေနဲ့ ရန်ကုန်မြို့ ဆေးရုံကြီး တွေမှာ စတင်သုံးစွဲပါတယ်။
ဒီနေရာမှာ အလျဉ်းသင့်လို့ အများစုမေးကြတဲ့ Sensitivity ၊ Specificity ဆိုတာလည်း ဖြေချင်ပါတယ်။ Sensitivity ၉၀ ရာခိုင်နှုန်းဆိုတာက ရောဂါပိုးရှိတဲ့သူ ၁၀၀ မှာ ၁၀ ယောက် လွတ်တယ်လို့ ဆိုလိုတဲ့နည်း မဟုတ်ပါဘူး။ သူ့မှာက ဖော်မြူလာရှိပါတယ်။ Sensitivity ကောင်းတယ် ဆိုတာက မှားပြီးရောဂါရှိတဲ့သူကို ရောဂါမရှိကြောင်း ထုတ်ပေးနိုင်တဲ့ ဦးရေနည်းတယ်ဆိုရင် Sensitivity ကောင်းတာပါ။
Specificity ကောင်းတယ်ဆိုတာက ရောဂါမရှိရဲ့သားနဲ့ ရှိပါတယ်လို့ မှားပြီးတော့ Positive အဖြေမှားထုတ်နိုင်တာ နည်းတာပါ။ ယခု Rapid Test တွေက Specificity အရမ်း ကောင်းတယ်၊ ၉၉ / ၁၀၀ အဲဒါဘာလဲဆိုတော့ မှားပြီးတော့ Positive လို့ မပြောဘူးလို့ ပြောတာပါ။ သူ့ Positive ဆိုရင် တကယ် Positive ဖြစ်ပါတယ်။ သို့သော် သူ့ရဲ့တကယ် Negative ဆိုရင် အမှန်တကယ် Negative မဟုတ်ဘဲနဲ့ Falsely Negative ဖြစ်တာမျိုးတွေ ရှိပါတယ်။
ဒါကြောင့် Rapid Diagnostic Test တွေဟာ သူသည် ရောဂါမပျိုးချိန် နှစ်ရက်၊ ရောဂါပျိုးပြီး ခြောက်ရက်အတွင်း မှာသာ ကမ္ဘာပေါ်မှာရှိတဲ့ Rapid Test မှန်သမျှအားလုံးဟာ ဒါလောက်အတွင်းမှာ စစ်တာအကောင်းဆုံးလို့ ရောဂါ လက္ခဏာရှိလည်း ပေါ်ရမယ်။ PUI လို့ခေါ်တဲ့ သံသယလူနာ ဖြစ်ရမယ်။ Anosmia ဆိုတဲ့ နှာခေါင်းအနံ့မရခြင်းသည် ရောဂါလက္ခဏာထဲမှာ ပါပါတယ်။ ဒီလို အုပ်စုများ၊ ဖျားတဲ့ သူ၊ အသက်ရှူလမ်းကြောင်း အခက်အခဲရှိတဲ့သူ၊ နုံးခွေတဲ့သူ တွေကို စစ်မယ်ဆိုရင်တော့ ဒါမျိုးသည် အင်မတန်ကောင်းမွန် တဲ့ အနေအထားရှိတယ်လို့ ပြောလိုပါတယ်။
နောက်တစ်ဆက်တည်း မေးခွန်းကတော့ Rapid Test နဲ့ တစ်ခါစစ်တိုင်း အမှန်ဆိုတာ ယူဆရမှာလားဆိုတဲ့ မေးခွန်းပါ။ ဒီမေးခွန်းက အများစုလည်း မေးသလို အများ လည်း သိချင်ကြပါတယ်။ Rapid Test လို့ အများစုပြောကြ ပေမယ့် Rapid Test မှာ နှစ်မျိုးရှိပါတယ်။ Antigen ကို စစ်တာနဲ့ Antibody ကို စစ်တာပါ။ Antigen သည် ကိုဗစ်-၁၉ ကို ဖြစ်စေတဲ့ ဗိုင်းရပ်စ်ပါ။ အခွံပါတဲ့ ဗိုင်းရပ်စ်ပါ။ ဒီဗိုင်းရပ်စ်အထဲမှာရှိနေတဲ့ အသားလေးတွေ၊ ဗိုင်းရပ်စ်ရဲ့ အပေါ်မှာ ရှိနေတဲ့ အချွန်အတက်လေးတွေ၊ N Gene တို့၊ E Gene တို့၊ S Gene တို့ အဲဒီ Gene တွေကို စစ်တာမဟုတ် ဘဲနဲ့ အဲဒီ Gene ကို ဖွဲ့စည်းထားတဲ့ အခြေခံ ပရိုတိန်းဓာတ် ကို စစ်တာပါ။ အဲဒါ Rapid Test ဖြစ်ပါတယ်။
PCR ကတော့ အဲဒီ Gene တစ်ခုချင်းကို စစ်တာပါ။ ဒါကြောင့်မို့လို့ PCR နဲ့စစ်တဲ့ နည်းပညာသည် Gold Standard ဖြစ်ပါတယ်။ Gold Standard သည် ပျောက်ကွယ် သွားတာ မဟုတ်ပါဘူး။ Gold Standard ကို အစားထိုးတာ လည်း မဟုတ်ပါဘူး။ Gold Standard ကြောင့် အချိန် ကြာရတယ်။ အချိန်သည် တစ်ရက်လည်း ကြာပါတယ်။ နှစ်ရက်လည်း ကြာပါတယ်။
အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာ ဌာနဆိုရင် နှစ်ရက်ကနေ သုံးရက်အထိတောင် အဖြေတွေကို ပေးတာ ကြန့်ကြာတာရှိပါတယ်။ အဲဒါမျိုးအချိန်မှာ ဖြစ်နိုင်တဲ့ စုဝေးခြင်းပြဿနာကြောင့် ဖြစ်လာတဲ့ ကူးစက်လွယ်တဲ့ အခြေအနေမျိုးကို ကာကွယ်တဲ့အချိန်မျိုးတွေ၊ ရန်ကုန် လိုမျိုး Pretest Probability မစစ်ခင်ကတည်းက တွေ့နိုင် တယ်လို့ မှန်းခြေ၊ ဖြစ်နိုင်ခြေများတဲ့ နေရာမျိုးတွေကျတော့ PCR ကို သူက ကူညီတဲ့အနေနဲ့ Rapid Antigen Test ကို ပြောတာပါ။ Antibody မဟုတ်ပါဘူး။ Antibody ကို စစ်ပြီးတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု မှားယွင်းသွားနိုင်တဲ့ အခြေအနေလည်း ရှိပါတယ်။
ဒါကြောင့် အဲဒါမျိုးအခြေအနေမျိုးမှာဆိုရင် တစ်ခါ စစ်လို့ Positive ဆိုရင် အမှန်တကယ် တစ်ခါစစ်ရုံနဲ့ ယုံလိုက်လို့ရပါတယ်။ တစ်ခါစစ်လို့ Negative ဆိုရင်သာ နှစ်ခါ ပြန်စစ်ဖို့လည်းလိုပါတယ်။ လက္ခဏာများ ပေါ်လာ ခဲ့ရင်လည်း PCR နဲ့လည်း Confirmation လုပ်ဖို့လည်း လိုပါတယ်လို့လည်း ကျွန်မ ဒီနေရာက ပြောချင်ပါတယ်။ ဒါကတော့ ကျွန်မတို့ရရှိတဲ့ မေးခွန်းတွေထဲက ခြုံငုံပြီး ဖြေကြားခြင်းဖြစ်ပါတယ်။
ဒေါက်တာဇော်သန်းထွန်း။ ။ ပထမဦးဆုံးအကြိမ်မှာ ဖြစ်ခဲ့တဲ့ ဗိုင်းရပ်စ်ထက်ကို ယခု တွေ့ရတဲ့ ဗိုင်းရပ်စ်က ၁၀ ဆ မြန်တယ်ဆိုတဲ့ အထောက် အထားတွေလည်း ရှိနေပါပြီ။ တကယ်လည်း ကူးစက်နှုန်း မြန်တာကြောင့် ပြည်သူများအနေနဲ့ ဆရာတို့ပြောကြား တဲ့ Mask ကို တပ်ကြပါ။ လက်ကိုဆေးကြပါ။ လူစုလူဝေး မသွားကြပါနဲ့။ ခပ်ခွာခွာနေတာကို အားလုံးကျေးဇူးပြုပြီး တော့ တစ်ဦးချင်း၊ တစ်ယောက်ချင်းစီက လိုက်နာကြ စေချင်တာကို ပြောကြားလိုပါတယ်။
ဒေါက်တာဌေးဌေးတင်။ ။ ယခုကျွန်မတို့ ဒီ Rapid Test တွေကို အွန်လိုင်းကနေ ရောင်းတယ်လို့ တွေ့ရ၊ ကြားရပါတယ်။ လက်ရှိသုံးနေတဲ့ အဖြေကို နာရီဝက် အတွင်း ဖတ်နိုင်တယ်ဆိုတဲ့ Rapid Antigen Test က ကျွန်မ ခုနကပြောသလို Gold Standard လို့ခေါ်တဲ့ RT-PCR နည်းပညာကို အစားထိုးခြင်း မဟုတ်ဘဲနဲ့ အရေးပေါ်ကူညီတဲ့ သဘောလေးရှိပါတယ်။ ဒီအချိန် မှာလည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကနေ တရားဝင် ဝယ်ယူထားသော၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အသိအမှတ်ပြုထားသော အမျိုးအစားကိုပဲ သုံးစွဲနေပါတယ်။
ဒါကြောင့် ဒီ Test တွေကိုပဲ အွန်လိုင်းကနေတစ်ဆင့် ရောင်းတာတို့၊ ရောဂါမရှိဘူး သတ်မှတ်နေကြပြီး အခြေခံ လိုက်နာရမယ့်၊ စောင့်ထိန်းရမယ့် တစ်ဦးချင်း ကျင့်ဝတ် တွေကို မေ့လျော့သွားမယ်ဆိုရင် ရောဂါများထိန်းချုပ် ရာမှာ အခက်အခဲ အများကြီးရှိနေနိုင်တယ်ဆိုတဲ့ အချက်ကို ကျွန်မ ပြောကြားလိုပါတယ်။
နောက်တစ်ခုက ကာကွယ်ဆေးများကို ယခု တင်သွင်းလာတာတို့၊ တရုတ်ကာကွယ်ဆေးတွေကို စပြီးသုံးနေတယ်ဆိုတာကို မီဒီယာမှာတွေ့တဲ့အတွက် ကြောင့်မို့ပါ၊ ကာကွယ်ဆေးကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ၂၀၂၁ ခုနှစ် နှစ်လယ်လောက်မှ အစောဆုံးသုံးနိုင်မယ်။ နောက်ဆုံးအဆင့်ကို ရောက်နေတာ၊ စမ်းသပ်နေတာ ၂၉ ခုလောက်ဆိုတော့ ဒီဟာတွေ အားလုံးပြီးရင် မြန်မာ နိုင်ငံမှာလည်း တာဝန်ရှိသူများက အားလုံးကို ဆက်သွယ် ပြီးတော့ ပြည်သူပြည်သားတွေ ရရှိဖို့အတွက် စီမံထားပြီး သား အစီအမံကောင်းတွေရှိတဲ့အတွက်ကြောင့်မို့ ဒီလို အွန်လိုင်းကရောင်းတဲ့ ကာကွယ်ဆေးတွေကို စောစော စီးစီးယုံပြီးတော့ သုံးစွဲမှုတွေမပြုသေးဖို့ ပြောကြားလိုပါတယ်။
အားလုံးကို ကျေးဇူးတင်ပါတယ်။
ထက်လျှံ