Skip to main content

ဒီမိုကရေစီ ရွေးကောက်ပွဲများဟူသည်

ယနေ့ကမ္ဘာတွင် နိုင်ငံရေး အုပ်ချုပ်ရေးစနစ်ကိုပြောလျှင် ဒီမိုကရေစီ ကို ရှေ့တန်းတင်ပြောလေ့ရှိ၏။ ဒီမိုကရေစီသည် လူမှုအသိုက်အမြုံအတွက် အပြည့်စုံဆုံးစနစ်ဟု မဆိုနိုင်သော်လည်း လက်ရှိအခြေအနေ အရတွင်မူ စံပြုစရာအဖြစ်ဆုံး စနစ်တစ်ခုအဖြစ် အသိအမှတ်ပြုကြ၏။ နိုင်ငံတစ်နိုင်ငံအတွက် အမျှတဆုံး၊ နိုင်ငံသားတို့တန်းတူရေးအတွက် လက်တွေ့အကောင်အထည် ဖော်နိုင်မည့် အကောင်းဆုံး စနစ် တစ်ခုအဖြစ် သတ်မှတ်ညွှန်းဆိုကြလေ့ ရှိ၏။

ဒီမိုကရေစီစနစ်သည် အနိမ့်ဆုံးအားဖြင့် နိုင်ငံသားတို့၏ အခြေခံ ဒီမိုကရေစီအခွင့်အရေးနှင့် လူ့အခွင့်အရေးကို အာမခံ၏။ လူတိုင်းတွင် လွတ်လပ်စွာနေထိုင် အသက်ရှင်ခွင့်၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ လွတ်လပ်စွာ တန်းတူညီမျှစွာ စီးပွားရှာဖွေလုပ်ကိုင်ခွင့် အစရှိ သည့် အခွင့်အရေးတို့ရှိသည်ကို အခြေခံဥပဒေဖြင့် အာမခံ၏။ ဒီမိုကရေစီစနစ်တွင် နိုင်ငံတစ်ခု၏ အချုပ်အခြာ အာဏာကို နိုင်ငံသား တို့ကသာ ပိုင်ရမည်ဟူ၍ အခြေခံဥပဒေဖြင့် အာမခံ၏။ ။

တစ်နည်းဆိုရလျှင် နိုင်ငံ၏ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး စသောမဏ္ဍိုင်များနှင့်တကွ နိုင်ငံ၏အချုပ်အခြာ အာဏာကို ကာကွယ်ရေး၊ နိုင်ငံတကာဆက်ဆံရေး၊ နိုင်ငံတော်၏သယံဇာတခွဲဝေ သုံးစွဲရေး အစရှိသော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ပေါ်လစီအားလုံးကို နိုင်ငံသားတို့ကသာ ပြဋ္ဌာန်းရမည်ဟု ဒီမိုကရေစီစနစ်က အာမခံ ရ၏။ တစ်နည်းဆိုရသော် နိုင်ငံသားတို့ကို ကိုယ်စားပြုသည့် ပြည်သူ့ ကိုယ်စားလှယ်များက ပြဋ္ဌာန်း၏။ အကောင်အထည်ဖော်၏။

ဥပဒေကို နိုင်ငံသားတို့ကသာ ရေးဆွဲရ၏။ ဆုံးဖြတ်ရ၏။ အတည်ပြုရ၏။ ထိုအခြေခံဥပဒေကို ရေးဆွဲနိုင်ရေး၊ ပြင်ဆင်နိုင်ရေး၊ ဖြည့်စွက် နိုင်ရေး အစရှိသည်တို့သည် နိုင်ငံသားတို့၏ လက်ထဲတွင်သာ ရှိရ၏။ ယင်းသည်ပင် ဒီမိုကရေစီ၏ အနှစ်သာရဖြစ်၏။

အထက်ဖော်ပြပါ လုပ်ပိုင်ခွင့်ရရှိသော ပြည်သူ့ကိုယ်စားလှယ် ဆိုသူများကို နိုင်ငံသား ပြည်သူလူထု ကသာ ရွေးချယ်ခွင့်ရှိခြင်းက ဒီမိုကရေစီ၏ အမြင့်ဆုံးအခွင့်အရေးဟု ဆိုရပါမည်။ ပြည်သူလူထုက လိုလားသူ၊ ပြည်သူလူထုက တာဝန်အပ်နှင်းသူကသာ ပြည်သူလူထုကို အုပ်ချုပ်ခွင့်ရှိ၏။ ပြည်သူလူထုက တာဝန်အပ်နှင်းသူက သာ ဥပဒေများကို ပြုခွင့် ပြင်ခွင့် တိုးချဲ့ခွင့် ရှိ၏။ ပြည်သူလူထုက ယုံကြည်စွာ တာဝန်အပ်နှင်းသူတို့ကသာ တရားစီရင်ရေးစနစ်ကို ထိန်းသိမ်းစောင့်ရှောက်ခွင့်ရှိ၏။

ထို နိုင်ငံသားပြည်သူလူထုက ယုံကြည်စွာ တာဝန်အပ်နှင်းလို သည့် ပြည်သူ့ကိုယ်စားလှယ်များကိုလည်း နိုင်ငံသားပြည်သူတို့ကသာ အထွေထွေရွေးကောက်ပွဲများကတစ်ဆင့် ရွေးချယ်ပိုင်ခွင့်ရှိ၏။ ဒီမိုကရေစီ စနစ်၏ မြတ်နိုးဖွယ်အကောင်းဆုံး အချက်သည်ကား ပြည်သူတို့က ယုံကြည်စိတ်ချစွာ တာဝန်ပေးအပ် ခံရသည့် ပြည်သူ့ ကိုယ်စားလှယ်များကသာ နိုင်ငံနှင့် ဆက်စပ်ပတ်သက်သမျှသော ဆုံးဖြတ်စရာ အားလုံးကို တာဝန်ခံခွင့်၊ လုပ်ပိုင်ခွင့် ရှိခြင်းတည်း။

ထို့ကြောင့်ပင် ဒီမိုကရေစီစနစ်တွင် ရွေးကောက်ပွဲများက အရေးကြီးသည်ဟု ဆိုနေကြခြင်းဖြစ်၏။ ဒီမိုကရေစီစနစ် ကျင့်သုံးနေသည့် နိုင်ငံအားလုံးသည် ရွေးကောက်ပွဲများကို အလေးအနက်သဘောထား ကြ၏။ လွတ်လပ်သန့်ရှင်းသော ရွေးကောက်ပွဲဖြစ်ရေး၊ တရားမျှတသော ရွေးကောက်ပွဲဖြစ်ရေးတို့ကို ရိုရိုသေသေ ကြိုးပမ်းအားထုတ်၏။ ရွေးကောက်ပွဲ၏ရလဒ်ကို မြတ်နိုးတန်ဖိုးထား၏။ ရွေးကောက်ပွဲ ယှဉ်ပြိုင်စဉ်က မည်သို့ပင် မတူကွဲပြားမှုများ ရှိသည်ဖြစ်စေ ရွေးကောက်ပွဲရလဒ်ပေါ်တွင် ကျေကျေနပ်နပ်ဖြင့် လက်ခံကြ၏။ နိုင်ငံကို ညီညီညွတ်ညွတ်ထူထောင်ကြရန် သဘောတူကြ၏။ ဒါသည်ပင် နိုင်ငံရေးရင့်ကျက်မှုအဖြစ် သဘောထားကြ၏။

အချုပ်ဆိုရပါမူ ရွေးကောက်ပွဲသည် နိုင်ငံတော်အတွက် အရေးကြီး၏။ ထို့အတူပင် ယနေ့ဖြစ်ပွားနေသည့် ကိုဗစ်ကပ်ရောဂါ၏ ခြိမ်းခြောက်မှုသည်လည်း လူတို့၏အသက်နှင့်ရင်းကာ ရင်ဆိုင်နေရခြင်းဖြစ်သည့်အတွက် အရေးကြီးသည်ပဲ ဖြစ်၏။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သည် ထိုအရေးကြီးမှုများနှင့် ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူ ပညာရှင်များ၏ အကြံပြုချက်များပေါ် မူတည်ကာ ချိန်ဆချင့်ချိန်ကာ ဆုံးဖြတ်ရမည် ဖြစ်ပါသည်။

မဲဆွယ်စည်းရုံးရေး၊ မဲပေးရေးတို့တွင် အန္တရာယ်ကင်းအောင် မည်သို့စီမံမည်၊ မည်သို့ ဆောင်ရွက်မည်၊ မည်သို့မဲပေးမည် စသည့် အဆင့်ဆင့်တို့ကို စနစ်တကျပြင်ဆင်ရင်း ဆုံးဖြတ်ချက်များ ချမှတ်ရမည်ဟု ထင်မြင်ပါသည်။ ရောဂါပိုး၏အန္တရာယ်ကို မည်မျှလောက် ထိန်းချုပ်နိုင်သလဲ ဆိုသည်က အဓိကအကျဆုံးဖြစ်ပါမည်။ တာဝန် ရှိစီမံခန့်ခွဲနေသူများ၊ ဆရာဝန် သူနာပြု ကျန်းမာရေးဝန်ထမ်း အစရှိသည့် ရှေ့တန်းက တိုက်ပွဲဝင်နေကြသော သူရဲကောင်းများနှင့် စည်းကမ်းသေဝပ်သော ပြည်သူလူထုအင်အားတို့ဖြင့် ကိုဗစ် ကပ်ရောဂါကို အမြန်ဆုံး ကျော်လွှားအောင်မြင်နိုင်ကာ လွတ်လပ် သန့်ရှင်း၍ တရားမျှတသော ရွေးကောက်ပွဲများကို ကျင်းပနိုင်ပါစေသား။ ။