နေပြည်တော် အောက်တိုဘာ ၈
လူမှုကာကွယ်စောင့်ရှောက်ရေးကဏ္ဍခွဲ၏ ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၉)နာရီတွင် Online စနစ်ဖြင့် ကျင်းပသည်။
အစည်းအဝေးတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်က ယနေ့ Online အစည်းအဝေးကို ကိုဗစ်-၁၉ ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါဖြစ်ပွားသည့် ကာလအတွင်း မိမိတို့ဝန်ကြီးဌာနက ဦးဆောင် အကောင်အထည်ဖော်လျက်ရှိသော လူမှုကာကွယ် စောင့်ရှောက်ရေးဆိုင်ရာ ငွေကြေးအထောက်အပံ့ပေးရေး အစီအစဉ်များ အကောင်အထည်ဖော် ဆောင်ရွက်မှုနှင့် စပ်လျဉ်း၍ မိတ်ဖက်အဖွဲ့အစည်းများနှင့် မျှဝေဆွေးနွေးသွားလိုခြင်းနှင့် ရေရှည် အကောင်အထည်ဖော် ဆောင်ရွက်သွားရန်ရှိသည့် လူမှုကာကွယ် စောင့်ရှောက်ရေးဆိုင်ရာ ငွေကြေး အထောက်အပံ့ပေးရေး အစီအစဉ်များအတွက် ရေရှည်ရန်ပုံငွေ ရရှိရေးတို့အတွက် မဟာဗျူဟာတစ်ရပ် ရေးဆွဲသွားနိုင်ရေး ဆွေးနွေးညှိနှိုင်းသွားနိုင်ရန် ကျင်းပရခြင်း ဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ကြောင့်ဖြစ်လာမည့် လူမှုစီးပွား အခက်အခဲများသည် ကာလတစ်ခုအထိ သက်ရောက်မှုရှိနေနိုင်သည့်အတွက် ငွေကြေး အထောက်အပံ့ပေးရေး အစီအစဉ်များကို ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ပုံမှန်ဆောင်ရွက်နေသော လူမှုကာကွယ်စောင့်ရှောက်ရေး အစီအစဉ်များ သည်လည်း ရေရှည်အကောင်အထည်ဖော် ဆောင်ရွက်သွားရမည့် အစီအစဉ်များဖြစ်သည့်အတွက် ရေရှည်ရန်ပုံငွေ ရရှိရေးသည် အလွန်အရေးကြီးသည့် လုပ်ငန်းဖြစ်ပါကြောင်း၊ ဤလုပ်ငန်းများ အကောင် အထည် ဖော်ဆောင်ရွက်ရာတွင် မိတ်ဖက်အဖွဲ့ အစည်းများ၏ ပူးပေါင်းဆောင်ရွက်မှုသည် များစွာအရေးပါ ပါကြောင်းပြောကြားသည်။
ယင်းနောက် လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေးက လူမှုကာကွယ် စောင့်ရှောက်ရေးလုပ်ငန်းများအတွက် လူမှုဝန်ထမ်းဦးစီးဌာန၏ နှစ်အလိုက်ရန်ပုံငွေ ရရှိမှု ကိုလည်းကောင်း၊ ညွှန်ကြားရေးမှူး ဦးကျော်လင်းထင်က ကိုဗစ်-၁၉ ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ ဖြစ်ပွားသည့်ကာလအတွင်း လူမှုဝန်ထမ်းဦးစီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် ငွေကြေးအထောက်အပံ့ပေးရေး အစီအစဉ်များနှင့် ဆက်လက်ဆောင်ရွက်ရန်ရှိသည့် လုပ်ငန်းများကို လည်းကောင်း တင်ပြဆွေးနွေးသည်။
ထို့နောက် UNDP နှင့် UNICEF တို့မှ တာဝန်ရှိသူများက သက်ဆိုင်ရာ ကဏ္ဍများအလိုက် တင်ပြဆွေးနွေး ခဲ့ကြသည်။
အစည်းအဝေးသို့ ဝန်ကြီးဌာနများ၊ ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများနှင့် နိုင်ငံတကာ အစိုးရ မဟုတ်သော အဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)