Skip to main content

ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး (AML/CFT) ဆိုင်ရာ အသိပညာမြှင့်တင်ရေး ဟောပြောပွဲနှင့် အိမ်ခြံမြေပညာပေးသင်တန်း ဖွင့်လှစ်

ရန်ကုန် မတ် ၁၇

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံ အိမ်ခြံမြေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအသင်း (MRPDA) ရန်ကုန်တိုင်းဒေသကြီးတို့ ပူးပေါင်းကျင်းပသော ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေး (AML/CFT) ဆိုင်ရာ အသိပညာမြှင့်တင်ရေး ဟောပြောပွဲနှင့် အိမ်ခြံမြေပညာပေးသင်တန်းကို ရန်ကုန်မြို့တာမွေမြို့နယ် အရှေ့မျဉ်းပြိုင်ကွင်းလမ်းရှိ Sky Star ဟိုတယ်၌ မတ် ၁၀ ရက်က ကျင်းပသည်။

ရှင်းလင်းပြောကြား

အခမ်းအနားတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် အသင်းသားရေးရာ ဒုတိယဥက္ကဋ္ဌ ဦးတင်ကိုကိုက နှုတ်ခွန်းဆက်စကား ပြောကြားပြီး မြန်မာနိုင်ငံအိမ်ခြံမြေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအသင်း(MRPDA)ဥက္ကဋ္ဌ ဦးနန္ဒကျော်က အဖွင့်အမှာစကား ပြောကြားကာ မြန်မာနိုင်ငံအိမ်ခြံမြေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအသင်း ရန်ကုန်တိုင်းဒေသကြီး(ရုံးခွဲ)ဥက္ကဋ္ဌ ဦးသန်းထွန်းက သင်တန်းဖွင့်လှစ်ရခြင်းအကြောင်း ရှင်းလင်းပြောကြားသည်။

ယင်းနောက်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန (ရုံးချုပ်)ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးတင့်ဇော်နှင့် လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်မျိုးထွန်းတို့က ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေး (AML/CFT)ဆိုင်ရာ အသိပညာမြှင့်တင်ရေးတို့ကို သင်ကြားပို့ချသည်။

အဆိုပါသင်တန်းတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ လက်ထောက်ညွှန်ကြားရေးမှူး ဦးနေထက်အောင်က စည်ပင်မြေယာဥပဒေများ၊ ပြည်တွင်းအခွန်များဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်သဇင်မင်းမြတ်ကအိမ်ခြံမြေနှင့် စာချုပ်စာတမ်းအကြောင်း သိကောင်းစရာများ၊ တရားလွှတ်တော်ရှေ့နေ မောင်ကောင်းဖေက ပါမစ်မြေ၊ ဂရန်မြေ၊ ဘိုးဘွားပိုင်မြေနှင့် စာချုပ်စာတမ်းအကြောင်း သိကောင်းစရာများ၊ တရားလွှတ်တော်ရှေ့နေဦးထီယုက တိုက်ခန်းနှင့် ကွန်ဒိုရောင်း၊ ဝယ်၊ ငှား စာချုပ်စာတမ်းကိစ္စရပ်များ၊ ဦးပြည့်စုံဝင်းက အိမ်ခြံမြေအကျိုးဆောင်များအတွက် Digital Marketing အကြောင်းအရာ သင်ခန်းစာများကို သင်ကြားပို့ချခဲ့ကြောင်း သိရသည်။

မျိုးမင်းသူရ