Skip to main content

မြန်မာ-အိန္ဒိယ ကုန်စည်စီးဆင်းမှု ပိုမိုလျှင်မြန်စေမည့် ရာလ်လောင်-ကမ်းပါးနီလမ်း ဖောက်လုပ်လျက်ရှိ

နေပြည်တော် အောက်တိုဘာ ၈

နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ချင်းပြည်နယ်၊ ဖလမ်းခရိုင်အတွင်း ဆောင်ရွက်သည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ပြီးစီးမှုကို ခရိုင်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံး(ဖလမ်း)မှ ဒုတိယညွှန်ကြားရေးမှူး ဦးထက်လဝင်းနှင့် တာဝန်ရှိသူများက ယနေ့တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်၊ နယ်စပ်ဒေသဖွံ့ဖြိုးရေး (ပြည်ထောင်စု) ခွင့်ပြုရန်ပုံငွေဖြင့် ချင်းပြည်နယ်၊ ဖလမ်းခရိုင်အတွင်း ရန်ပုံငွေကျပ် (၇၇ ဒသမ ၄၀၀) သန်းဖြင့် ရွှေဟားခါးကုမ္ပဏီမှ တာဝန်ယူ ဆောင်ရွက်သော ရာလ်လောင်-ကမ်းပါးနီလမ်း (၅၃/၄) မိုင် အနက် မြေသားလမ်းသစ် (၂/၀)မိုင်အား လမ်းမျက်နှာပြင်အကျယ် (၂၆)ပေ၊ လမ်းဘေး ရေနုတ်မြောင်း (၃)ပေ အပါအဝင် စုစုပေါင်း (၂၉) ပေအကျယ် ဖောက်လုပ်ခြင်းလုပ်ငန်း ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးမှုနှင့် ယင်းလမ်းပေါ်တွင် ရန်ပုံငွေကျပ် (၄၇ ဒသမ ၇၄ ) သန်း ဖြင့် လမ်းအရှည် (၂/၀) မိုင် လမ်းမျက်နှာပြင်အကျယ် (၂၆) ပေ လမ်းဘေးရေနုတ်မြောင်း (၃) ပေ အပါအဝင် စုစုပေါင်း (၂၉) ပေ အကျယ်လမ်းတာချဲ့ ဖောက်လုပ်ခြင်း လုပ်ငန်းများ ပြီးစီမှုနှင့် စံချိန်၊ စံညွှန်းပြည့်မီမှု ရှိ၊ မရှိ တာဝန်ရှိသူများက စစ်ဆေးခဲ့ကြကြောင်း သိရ သည်။

ယခုဖောက်လုပ်နေသော ရာလ်လောင်-ကမ်းပါးနီလမ်း (၅၃/၄)မိုင်အား ဘဏ္ဍာနှစ်အလိုက် ဖောက်လုပ်လျက် ရှိရာ သတ်မှတ်မိုင်အလိုက် ဖောက်လုပ်ပြီးစီးပါက မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့၏ ကုန်စည်စီးဆင်းမှုကို ပိုမိုလျှင်မြန်စွာ ဆောင်ရွက်ပေးနိုင်မည့်အပြင် ပတ်ဝန်းကျင်ရှိ ကျေးရွာ (၁၈) ရွာ၊ အိမ်ခြေ (၈၆၄)အိမ်၊ လူဦးရေ (၂၅၉၉) ဦးတို့၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနှင့် လူမှုစီးပွားဘဝ တိုးတက်ရေးအတွက် များစွာ အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း ချင်းပြည်နယ်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးမှ သိရသည်။

ဟန်လင်းနိုင်(သတင်းစဉ်)