Skip to main content

တရားမဝင် လုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများနှင့် တရားမဝင်ကုန်ပစ္စည်းတင် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

နေပြည်တော် မတ် ၁၆

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။

မတ် ၁၄ ရက်တွင် ကရင်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဘားအံမြို့နယ် ဘားအံစက်မှုဇုန်အနီး၌ မော်တော်ယာဉ် ၂၆ စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း ၅၈ မျိုး၊ လူသုံးကုန်ပစ္စည်း ၂၆ မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၀၃၅၈၉၁၀၀) နှင့် အဆိုပါပစ္စည်းများတင်ဆောင်လာသည့် Nissan Diesel Truck လေးစီး၊ Nissan Condor Truck တစ်စီး၊ Mitsubishi Fuso Truck တစ်စီး၊ Chenglong Tractor Head ခုနစ်စီး၊ Dong Feng Tractor Head သုံးစီး၊ Nissan Diesel Tractor Head နှစ်စီး၊ Nissan UD Tractor Head တစ်စီး၊ Hino Profia Tractor Head တစ်စီး၊ Daewoo Tractor Head တစ်စီး၊ Scania Tractor Head သုံးစီး၊ Man Tractor Head တစ်စီး၊ Hyundai Tractor Head တစ်စီးနှင့် နောက်တွဲယာဉ်အတွဲ ၂၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၈၆၀၀၀၀၀၀၀) စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၂၆၆၃၅၈၉၁၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

မတ် ၁၅ ရက်တွင် ရှမ်းပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မူဆယ်မြို့ ဆင်ဖြူဂိတ်အကျော် လမ်းဘေးတစ်နေရာ၌ စုပုံထားသော အကောက်ခွန်မဲ့လူသုံးကုန်ပစ္စည်း ၅၉ မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၉၀၀၅၀၀) ကိုလည်းကောင်း၊ ကျိုင်းတုံမြို့ ကုန်တင်/ကုန်ချကားဝင်းအနီး၌ ရပ်တန့်ထားသော မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်းနှစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၇၀၆၀၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Isuzu Giga Truck တစ်စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၈၀၀၀၀၀၀၀) ကိုလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၈၉၆၀၅၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

မတ် ၁၄ ရက်နှင့် ၁၅ ရက်တို့တွင် ဖမ်းဆီးရမိမှုစုစုပေါင်းမှာ အမှုတွဲ ၅၅ မှု (ခန့်မှန်း တန်ဖိုးငွေကျပ် ၂၇၈၂၅၄၉၆၀၀) ကို ဖမ်းဆီးရမိခဲ့သည်။ တရားမဝင်ကုန်သွယ်မှုများကြောင့် အသေးစား၊ အငယ်စားနှင့်အလတ်စား ပြည်တွင်းစီးပွားရေးလုပ်ငန်းများမှထုတ်လုပ်သည့် ကုန်ပစ္စည်းများစျေးကွက်အတွင်း မျှတစွာယှဉ်ပြိုင်နိုင်မှုမရှိခြင်းနှင့် စျေးကွက်ပျောက်ဆုံးခြင်းတို့ဖြစ်ပေါ်စေပြီး ပြည်တွင်းကုန်ထုတ်လုပ်ငန်းများ ရေရှည်ရပ်တည်နိုင်ရေးအတွက် ကြီးမားသည့်ခြိမ်းခြောက်မှုများကို ဖြစ်ပေါ်စေသည်။ သို့ဖြစ်ပါ၍ သက်ဆိုင်ရာတာဝန်ရှိသူများမှ ယခုထက်ပိုမို၍ တားဆီးစစ်ဆေးကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက် ရေးဦးဆောင်ကော်မတီမှ သိရသည်။

သတင်းစဉ်