နေပြည်တော် မတ် ၁၅
၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားလျက်ရှိသည့် ကျောင်းသား ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ပညာသင်ကြားနိုင်ရေးနှင့် စာသင်ကျောင်းများ ဥပဓိရုပ် ကောင်းမွန်စေရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များတွင် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးလုပ်ငန်းများကို စုပေါင်းဆောင်ရွက်ပေးလျက်ရှိသည့်အပြင် ပြည်သူ့ဆေးရုံများ၌လည်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက် ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး အဖျောက်မြို့နယ်အပါအဝင် မြို့နယ် ၁၄ မြို့နယ်ရှိ စာသင်ကျောင်းများ၌ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဒေသခံပြည်သူများနှင့် လူမှုရေးအသင်းအဖွဲ့များက စာသင်ကျောင်းများ အတွင်း၊ အပြင်ရှိ ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များရှင်းလင်းခြင်း၊ ရေစီးရေလာကောင်းမွန်စေရေး ရေနုတ်မြောင်းများ တူးဖော်ပေးခြင်း၊ ရေစည်ရေကန်များတွင် အဘိတ်ဆေးများ ခတ်ပေးခြင်း၊ ခြင်ခိုအောင်းနိုင်သောနေရာများ၌ ခြင်ဆေးဖျန်းပေးခြင်းနှင့် ကျန်းမာရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းများကို စုပေါင်းဆောင်ရွက်ပေးကြသည်။
အလားတူ ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ် အမှတ် (၇) ရပ်ကွက်ရှိ ပြည်သူ့ဆေးရုံကြီး၌ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဒေသခံပြည်သူများနှင့် လူမှုရေးအသင်းအဖွဲ့များက ဆေးရုံဝင်းအတွင်း၊ အပြင်ရှိ ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များ ရှင်းလင်းခြင်းနှင့် ရေစီးရေလာကောင်းမွန်စေရေး ရေနုတ်မြောင်းများ တူးဖော်ပေးခြင်းများကို စုပေါင်း ဆောင်ရွက်ပေးကြသည်။
ယင်းသို့ ဆောင်ရွက်နေမှုများကို သက်ဆိုင်ရာ တပ်နယ်များမှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်