Skip to main content

၂၀၂၅ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ရရှိကြသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့မှ သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များနှင့် လူပုဂ္ဂိုလ်များအား သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များ ဆက်ကပ်ပူဇော်

နေပြည်တော် မတ် ၁၃

 ၂၀၂၅ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များရရှိကြသည့် ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးတို့မှ သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များနှင့် လူပုဂ္ဂိုလ်များအား သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များ ဆက်ကပ်ပူဇော်ပွဲများနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲများကို ယနေ့တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့ရှိ သက်ဆိုင်ရာနေရာများ၌ ပြုလုပ်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စေတနာရှင် အလှူရှင်များ အသီးသီးတက်ရောက်ကြည်ညိုကြသည်။

ဦးစွာ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သံဃာတော်များထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။ ထို့နောက် သံဃာတော်များက သမ္မောဒနီယဩဝါဒကထာမြွတ်ကြားပြီး ပရိတ်တရားများ ရွတ်ပွားချီးမြှင့်တော်မူကြသည်။ ယင်းနောက် တာဝန်ရှိသူများက သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး ဘွဲ့ခံဆရာတော်ကြီးများ၊ သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များနှင့် လူပုဂ္ဂိုလ်တို့အား ဘွဲ့တံဆိပ်တော်များ အသီးသီးဆက်ကပ်ပူဇော်ချီးမြှင့်ကြသည်။ ၎င်းနောက် သံဃာတော်များထံမှ အနုမောဒနာတရားနာယူကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြသည်။

ထို့ပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့တွင်လည်း တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် စေတနာရှင်အလှူရှင်များက သံဃာတော်များနှင့် သာသနာနွယ်ဝင်သီလရှင်များအား သတ်မှတ်နေရာများ၌ ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ပစ္စည်းများ လောင်းလှူပူဇော်ခဲ့ကြကြောင်း သတင်းရရှိသည်။