နေပြည်တော် မတ် ၁၁
(၃၃) ကြိမ်မြောက်အရှေ့တောင်အာရှအားကစား ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန် (Gold Camp)နှင့် (Youth Camp)တို့တွင် စခန်းဝင်လေ့ကျင့်လျက်ရှိသည့် မြားပစ်အားကစားသမားများ၏ လက်ရည်ဆန်းစစ်မြားပစ်ပြိုင်ပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ဝဏ္ဏသိဒ္ဓိ မြားပစ်လေ့ကျင့်ရေးကွင်း၌ကျင်းပရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တက်ရောက်ကြည့်ရှုအားပေးသည်။
ယနေ့ပွဲစဉ်များအဖြစ် (အမျိုးသား/အမျိုးသမီး) Recurve တစ်ဦးချင်းရှုံးထွက်ပွဲစဉ်တွင် ပြည့်စုံနှင်းက ပထမ၊ ကောင်းခန့်မော်က ဒုတိယနှင့်သီဟထက်ဇော်က တတိယ၊ Compound တစ်ဦးချင်းရှုံးထွက်ပွဲစဉ်တွင် ဇင်သူရိန်မှူးက ပထမ၊ အောင်ကိုဦးက ဒုတိယနှင့်စုစုလှိုင်က တတိယတို့ရရှိသည်။
ထို့နောက် ဂုဏ်ပြုဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပရာ အတိုးတက်ဆုံးအားကစားသမားဆု ရရှိခဲ့ကြသည့် ပြည့်စုံနှင်း(Gold Camp)နှင့် ချိုချိုဇင်(Youth Camp)၊ Recurve၊ Compound တစ်ဦးချင်း ရှုံးထွက် ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိခဲ့ကြသူများအား အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးများက ဆုများပေးအပ်ချီးမြှင့်သည်။
ဆက်လက်ပြီးပြည်ထောင်စုဝန်ကြီးက မြားပစ်အားကစားနည်းမှ အုပ်ချုပ်သူ၊ နည်းပြများနှင့် အားကစားသမားများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)ရှိ အားကစားသမားများအား နေ့လယ်စာပြင်ဆင်ကျွေးမွေးနေမှုနှင့် စားသောက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီးဝဏ္ဏသိဒ္ဓိအားကစားကွင်း Social Zone အတွင်းရှိ အားကစားနှင့်လူငယ် ရေးရာဝန်ကြီးဌာနမှ ဖွင့်လှစ်ပြသထားသည့် မြန်မာ့အားကစားလှုပ်ရှားမှုပြခန်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရလက်ထက် အားကစားလှုပ်ရှားမှုပြခန်းနှင့် အာရှအားကစားပြိုင်ပွဲများနှင့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲများတွင် ရွှေတံဆိပ်ဆုရရှိခဲ့ကြသည့် နိုင်ငံ့ဂုဏ်ဆောင် မြန်မာ့လက်ရွေးစင်အားကစားသမားဟောင်းကြီးများ၏ ပုံတူရုပ်တုများပြခန်းကို လိုက်လံကြည့်ရှုစစ်ဆေးပြီးပြခန်းများ ရေရှည်တည်တံ့စေရေး၊ မှတ်တမ်းမှတ်ရာများ စနစ်တကျရှိစေရေးနှင့် ပျက်စီးမှုများမရှိစေရေးအတွက် ထိန်းသိမ်းဆောင်ရွက်သွားရန် တာဝန်ရှိသူများအားမှာကြားကြောင်းသိရသည်။
သတင်းစဉ်