Skip to main content

မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ လုပ်ငန်းကော်မတီအစည်းအဝေး (၂/၂၀၂၀) ကျင်းပ

နေပြည်တော် အောက်တိုဘာ ၇

မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ လုပ်ငန်းကော်မတီအစည်းအဝေး (၂/ ၂၀၂၀)ကို ယမန်နေ့ မွန်းလွဲပိုင်းက Video Conferencing စနစ်ဖြင့် ကျင်းပသည်။

အစည်းအဝေးသို့ လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်း၊ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ လုပ်ငန်းကော်မတီဝင်များ၊ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသား ကော်မတီ အဖွဲ့ဝင်များနှင့် မသန်စွမ်းအဖွဲ့ အစည်းများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ကိုဗစ်-၁၉ ကာလအတွင်း မသန်စွမ်းသူများအတွက် မိမိတို့ ဝန်ကြီးဌာနက လမ်းပေါ်နေကလေးများ၊ ထိခိုက်လွယ် အခြေအနေတွင်ရှိသော အမျိုးသမီးများ၊ သက်ကြီးရွယ်အိုများနှင့် အနာကြီးရောဂါ ခံစားနေရသူများကို ငွေကြေးထောက်ပံ့ခြင်းနှင့် အာဟာရ ပြည့်ဝနိုင်စေရန် အထောက်အကူပြုစေရေး စားရေရိက္ခာများ ပံ့ပိုးကူညီခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း၊ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ လုပ်ငန်း ကော်မတီ အစည်းအဝေးများကို ၂၀၁၈ ခုနှစ်မှစ၍ ၁ နှစ်လျှင်  ၂ ကြိမ်ကျင်းပနိုင်ခဲ့ပြီး ယခု အစည်းအဝေးသည် ၂၀၂၀ ပြည့်နှစ်အတွက် ဒုတိယအကြိမ် ဖြစ်ကြောင်း၊ အစည်းအဝေး ဆုံးဖြတ်ချက်များကိုလည်း သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပါ‌ကြောင်း၊ မသန်စွမ်းသူများအတွက် Barrier Free Community ဖြစ်စေရန် နေပြည်တော် မြို့မဈေးနှင့် ရေပန်းဥယျာဉ်တို့တွင် စံနမူနာပြ ဆောင်ရွက် ထားပြီး COVID-19 အလွန်ကာလ ခရီးသွားလုပ်ငန်းများ တိုးတက်လာနိုင်သဖြင့် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနက မြန်မာနိုင်ငံရှိ ခရီးသွားဒေသ များတွင်ပါဝင်သော နေပြည်တော် ပြည်ထောင်စု နယ်မြေ၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ပုဂံမြို့များရှိ ခရီးသွားလုပ်ငန်းနှင့် သက်ဆိုင်သော အထင်ကရနေရာများတွင် မသန်စွမ်းသူများအနေဖြင့် အတားအဆီး ကင်းမဲ့စွာ သွားလာနိုင်ရေး ရှေ့ပြေးစီမံကိန်း (Myanmar Barrier Free Tourism Pilot Project)ကို အကောင်အထည်ဖော်ရန်ချမှတ်ခဲ့ပြီး ဖြစ်ပါကြောင်း။

မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများမှတ်ပုံတင်ခြင်း ကနဦးစီမံကိန်းတို့ကို ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင် မြို့နယ်၊ ရန်ကုန် တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်၊ ကရင်ပြည်နယ် ဘားအံမြို့နယ်နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်တို့တွင် ဆောင်ရွက်လျက် ရှိပါကြောင်း၊ ကရင်ပြည်နယ်တွင် ကိုဗစ်-၁၉ ကာလပုံစံသစ်ဖြင့် အဝေးရောက်အကဲဖြတ်ခြင်းနှင့် အီလက် ထရောနစ် နည်းလမ်းတို့ဖြင့် ၂၀၂၀ ပြည့်နှစ်၊ နှစ်ကုန်ပိုင်းတွင် ပြည်နယ်တစ်ခုလုံး လွှမ်းခြုံစေရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ လုပ်ငန်းကော်မတီအနေဖြင့် မသန်စွမ်းမှုအမျိုးအစားအလိုက် တစ်ဦးချင်းက အခွင့်အရေးများကို ပြည့်ပြည့်ဝဝရရှိနိုင်ရန် ဆပ်ကော်မတီ(၉)ခုကို ဖွဲ့စည်းထားရှိပြီး မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသား အဆင့်မဟာဗျူဟာ (၅) နှစ်စီမံကိန်းကို အောင်မြင်စွာ ရေးဆွဲနိုင်ရေးအတွက် စီမံကိန်းရေးဆွဲရေးဆိုင်ရာ Technical Core Group ကို ဖွဲ့စည်းပြီး Online အစည်းအဝေးများ ကျင်းပဆောင်ရွက် လျက်ရှိကြောင်း၊ စီမံကိန်းမူကြမ်းကို ယခုနှစ်ကုန် တွင် အတည်ပြုနိုင်ရေး  ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကိုဗစ်-၁၉ ကာလအတွင်း မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ လုပ်ငန်းကော်မတီ လုပ်ငန်းစဉ်များကို ရပ်တန့်မသွားဘဲ အရှိန်အဟုန်မပျက် ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် ဒုတိယဥက္ကဋ္ဌ (၁)၊ ဒုတိယဝန်ကြီး ဦးစိုးအောင်က မသန်စွမ်းသူများ၏ အခွင့်အရေး များဆိုင်ရာ လုပ်ငန်းကော်မတီ၏ သဘောတူဆုံးဖြတ်ချက် ဖြစ်သော မသန်စွမ်းသူများအတွက် အရင်းမပျောက် မတည်ငွေ ကျပ်(၃) ဘီလီယံ သုံးစွဲမည့် လျာထားချက် လုပ်ငန်းခေါင်းစဉ်များနှင့် ပတ်သက်၍ ရန်ပုံငွေ ထူထောင်ခြင်း၊ ချေးငွေလုပ်ငန်းဆိုင်ရာဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ဆောင်ရွက်ရမည့် အခြေအနေများနှင့် ယခင်အစည်းအဝေး က ဆုံးဖြတ် ခဲ့သော ဆောင်ရွက်ရန်ကျန်လုပ်ငန်းများကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ရန် ပြောကြားသည်။

ယင်းနောက် လုပ်ငန်းကော်မတီ အတွင်းရေးမှူး(၁) ပြန်လည်ထူထောင်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်ထွန်းနှင့် လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ စန်းစန်းအေးတို့က ကော်မတီအနေဖြင့် ဆောင်ရွက်နေသော လုပ်ငန်းဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ ယခင်အစည်းအဝေး ဆုံးဖြတ်ချက်များကို အကောင်အထည်ဖော် ဆောင်ရွက်နေမှုများနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို  ရှင်းလင်းတင်ပြကြသည်။

တင်ပြချက်များအပေါ် တက်ရောက်ကြသော မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ လုပ်ငန်းကော်မတီအဖွဲ့ဝင်များက မိမိတို့ဝန်ကြီးဌာနနှင့် အဖွဲ့အစည်း များအနေဖြင့် ပူးပေါင်း အကောင်အထည်ဖော်ဆောင်ရွက်နေသည့် အခြေအနေများ၊ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းများနှင့် အောင်မြင်မှုများကို ဆွေးနွေး တင်ပြကြပြီး တွဲဖက်အတွင်းရေးမှူး(၁) ဦးမြတ်သူဝင်းက မိမိတို့မသန်စွမ်းသူများအတွက်  နိုင်ငံတော်အစိုးရနှင့် ဝန်ကြီးဌာနများ၊ ဆက်စပ်အဖွဲ့အစည်းများက အလေးထား အကောင်အထည်ဖော် ဆောင်ရွက်ပေးခြင်းများအပေါ် ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ထို့နောက် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ လုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)