နေပြည်တော် မတ် ၆
အလယ်အလတ်အဆင့် အရာထမ်းသင်တန်းအမှတ်စဉ်(၁၂)၏ သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့က နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)ရတနာခန်းမ၌ကျင်းပရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင် ဦးဆန်းမြင့်၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ပါမောက္ခချုပ် ဦးကျော်စိုး၊ ဒုတိယပါမောက္ခချုပ်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ တက္ကသိုလ် သင်ကြား/ စီမံဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင် ဦးဆန်းမြင့်က အလယ်အလတ်အဆင့် အရာထမ်းများပီပီ မိမိအထက်အဆင့်အရာထမ်းများကို စွမ်းဆောင်ရည်ပြည့်ဝစွာဖြင့် ထောက်ကူပေးကြရန်နှင့် လက်အောက်အရာထမ်း၊ အမှုထမ်းများကို သင်ကြားပြသကာ ကိုယ်တိုင်က စံနမူနာပြဖြစ်အောင် ကြိုးစားကြရန်၊ ကိုယ်ရည်ကိုယ်သွေးကောင်းမွန်၍ စွမ်းရည်ထက်မြက်သော အရာထမ်းကောင်းများဖြစ်အောင် အတွေးအခေါ်၊ ခံယူချက်၊ ယုံကြည်ချက်များကို ခေတ်စနစ်နှင့်အညီ ပြောင်းလဲကြရန်နှင့် လုပ်ငန်းတာဝန်များကို ထူးချွန်ပြောင်မြောက်စွာ အစဉ်ကြိုးပမ်းထမ်းဆောင်ကြရန် တိုက်တွန်းမှာကြားသည်။
အလယ်အလတ်အဆင့် အရာထမ်းသင်တန်းအမှတ်စဉ်(၁၂)၏ ဘွဲ့နှင်းသဘင်အခမ်းအနားကို တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပခဲ့ပြီး နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ပါမောက္ခချုပ် ဦးကျော်စိုးက ပြည်သူ့ဝန်ထမ်းစီမံခန့်ခွဲမှု အဆင့်မြင့်ဒီပလိုမာဘွဲ့လက်မှတ်များ ချီးမြှင့်သည်။ သင်တန်းသို့ သင်တန်းသား ၃၃ ဦး၊ သင်တန်းသူ ၄၀ စုစုပေါင်း ၇၃ ဦး တက်ရောက်ပြီး သင်တန်းကာလမှာ ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁၄ ရက်မှ ၂၀၂၅ ခုနှစ် မတ် ၅ ရက်အထိ ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်