Skip to main content

ပြည်သူ့ရှေ့ဆောင်ပါတီက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို ဟောပြောတင်ပြ

နေပြည်တော်   အောက်တိုဘာ   ၆

ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌ ဒေါက်တာသက်သက်ခိုင်က ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို အောက်တိုဘာ ၆ ရက် ညပိုင်းတွင် ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ်များမှ ဟောပြောတင်ပြခဲ့ပါသည်။
အဆိုပါ ဟောပြောတင်ပြချက်အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါသည် -
ချစ်ခင်လေးစားအပ်ပါသော  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံသူ၊ နိုင်ငံသားများအားလုံး မင်္ဂလာပါရှင်။ ကျွန်မတို့ရဲ့ ပြည်သူ့ရှေ့ဆောင်ပါတီဟာ မူဝါဒ၊ လုပ်ငန်းလမ်းစဉ်များကို အခြေပြုပြီး ဖွဲ့စည်းတည်ထောင်ထားတဲ့ (Programmatic Party)ဖြစ်တာနဲ့အညီ  ပါတီရဲ့ဆောင်ပုဒ်ဖြစ်တဲ့ “လူထုဘ၀ အဓိက”  ဆိုတဲ့အတိုင်း   ပြည်သူလူထုတစ်ရပ်လုံးအတွက် ကောင်းမွန်တဲ့ အနာဂတ်တည်ဆောက်ဖို့ ချမှတ်ထားတဲ့ မူဝါဒများကို ပြည်သူ လူထုတစ်ရပ်လုံးသို့ အပိုင်း (၃) ပိုင်းနဲ့ အစီရင်ခံတင်ပြသွားမှာဖြစ်ပါတယ်ရှင်။
ယခုအချိန်ဟာ မြန်မာနိုင်ငံအပါအဝင် တစ်ကမ္ဘာလုံးမှာ ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားနေတာကြောင့်  နိုင်ငံရဲ့ စီးပွားရေးတိုးတက်မှုနှုန်းဟာ ယခင် ၆ ရာခိုင်နှုန်းကျော်ရှိခဲ့ရာမှ ၀.၅ ရာခိုင်နှုန်းအထိ  ကျဆင်းခဲ့ရပြီး နိုင်ငံအတွင်း အလုပ်လက်မဲ့ဦးရေ များပြားလာခြင်း၊ ပြည်ပတွင် ရွှေ့ပြောင်းအလုပ်လုပ်ကိုင်သူများ  ပြည်တော်ပြန်လာရခြင်း၊ လူငယ်ထု မျိုးဆက်သစ် များမှာလည်း လူမှုကွန်ရက်ပေါ်ရှိ အမြင်မတူမှုများ၊ ပဋိပက္ခများအကြား လမ်းပျောက်နေရခြင်းနဲ့ ကမ္ဘာ့အလယ်မှာ မျက်နှာငယ်နေရခြင်း စတာတွေနဲ့ ရင်ဆိုင်နေရချိန်မှာ လူထုဘဝများအတွက် အဓိကကျတဲ့  “လူတိုင်းအတွက် ဝင်ငွေ”၊ “လူတိုင်းအတွက် အလုပ်အကိုင်”၊ “လူတိုင်းအတွက်  အနာဂတ်” ဆိုတဲ့ ဆောင်ပုဒ်ကို လက်ကိုင်ထားပြီး  တိုင်းရင်းသားပြည်သူတစ်ရပ်လုံးနဲ့ အကျုံးဝင်သက်ဆိုင်သူအားလုံး ညီညွတ်စွာ လက်တွဲဆောင်ရွက် နိုင်မယ့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးမူဝါဒများကို ချမှတ်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်ရှင်။
ပြည်သူလူထုကြီးရှင့် . . .
ပထမပိုင်းအနေနဲ့  အိမ်ထောင်စုတိုင်းအတွက် ဝင်ငွေတိုးတက်ရေးဟာ  လူတိုင်းတောင့်တနေရတဲ့ လိုအပ်ချက်တစ်ရပ် ဖြစ်တာနဲ့အညီ ပြည်သူ့ရှေ့ဆောင် ပါတီဟာ  လူတိုင်းဝင်ငွေတိုးတက်ရေး  ရည်မှန်းချက်ကို အကောင်အထည် ဖော်နိုင်မယ့်  စီးပွားရေး၊ လူမှုရေးမူဝါဒများကို ဦးစားပေးချမှတ်ရခြင်းဖြစ်ပါ တယ်။  ကျွန်မတို့ပါတီအနေနဲ့ ဥပဒေပြုရေးနဲ့  အုပ်ချုပ်ရေးမဏ္ဍိုင်များက တစ်ဆင့်  အကောင်အထည်ဖော်ဆောင်ရွက်ခွင့်ရရှိခဲ့ပါက တောင်သူများ၊ အလုပ်သမားများနဲ့ အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများရဲ့ ဝင်ငွေ နှစ်စဉ် နှစ်ဆယ်ရာခိုင်နှုန်းနဲ့ နိုင်ငံတော်ရဲ့ဝင်ငွေ နှစ်စဉ် နှစ်ဆယ်ရာခိုင်နှုန်းအထိ တိုးတက်ရရှိစေနိုင်မယ်လို့ ရည်မှန်းချက်ထားရှိ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်ရှင်။
လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ခြင်းအားဖြင့် လူတိုင်းအတွက်  ထိုက်တန်တဲ့ အလုပ်အကိုင် အခွင့်အလမ်းများ ပေါ်ထွန်းစေပြီး ဘွဲ့ရပညာတတ်လူငယ်တိုင်း ဘွဲ့ရအပြီး နှစ်နှစ်အတွင်း  အလုပ်အကိုင်ရရှိရေး၊ ငါးသန်းခန့်ရှိတဲ့  မြို့ရွာဒေသမှ  ရွှေ့ပြောင်းအလုပ်လုပ်ကိုင်နေတဲ့  လူငယ်တိုင်း  စိတ်ချလုံခြုံပြီး ဂုဏ်သိက္ခာရှိတဲ့ ပြည်တွင်း ပြည်ပ အလုပ်အကိုင်များ ရရှိရေး၊ အချိန်တိုအတွင်း နေရပ်မှာ  ပြန်လည်အခြေချ  အသက်မွေးဝမ်းကျောင်းပြုနိုင်ရေးနဲ့ ပညာ ဆက်လက်သင်ကြား ခြင်းမပြုနိုင်တဲ့  လူငယ်တိုင်းအတွက်   အသက်မွေး ဝမ်းကျောင်းမှုပညာတစ်ခုခု တတ်မြောက်သည်အထိ နိုင်ငံတော်က  တာဝန်ယူ ဆောင်ရွက်ပေးရေးတို့ကို ဖော်ဆောင်ပေးသွားမှာ ဖြစ်ပါတယ်ရှင်။
ဒါ့အပြင် မျိုးဆက်သစ်လူငယ်တိုင်းအတွက် လှပတဲ့အနာဂတ်ကို ဖန်တီးနိုင်ဖို့  အောက်ဖော်ပြပါ  စီးပွားရေးနဲ့  လူမှုရေးမူဝါဒရည်မှန်းချက်များကို လွှတ်တော်အတွင်း ဆွေးနွေးအတည်ပြုခြင်းနဲ့ အကောင်အထည်ဖော်ခြင်းများ ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်-
(က) သန်းနှစ်ဆယ်သော တောင်သူများရဲ့ စိုက်ပျိုး၊  မွေးမြူရေးကဏ္ဍ အတွက်   မြေအသုံးချရေး၊  စိုက်ပျိုးစရိတ်ချေးငွေ၊  မျိုးစေ့၊ ဓာတ်မြေသြဇာ စတဲ့ သွင်းအားစုများ အချိန်မီရရှိနိုင်ရေး၊ ထိရောက်တဲ့ သုတေသနလုပ်ငန်းများကတစ်ဆင့်   ဈေးကွက်နဲ့ ချိတ်ဆက် ထားပြီး ကဏ္ဍအလိုက် တန်ဖိုးမြှင့်ထုတ်လုပ်ခြင်းကွင်းဆက်များ ပေါ်ထွန်းလာစေရေး၊
(ခ) နှစ်သန်းသော စက်မှုလက်မှုလုပ်သားများအတွက် အထူးစီးပွားရေးဇုန်များ၊ နယ်စပ်စီးပွားရေးဇုန်များ  တည်ဆောက်ပြီး  ဒေသတွင်း ချိတ်ဆက်မှု ပိုမိုကောင်းမွန်ရာကတစ်ဆင့် နိုင်ငံတကာကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်စေရေး၊
(ဂ) သယံဇာတအရင်းအမြစ်များကို ရေရှည်ထိန်းသိမ်းနိုင်ဖို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးစံများနဲ့အညီ တူးဖော်ထုတ်လုပ်ခြင်းနဲ့ တန်ဖိုးမြှင့်ထုတ်လုပ်ခြင်းအားဖြင့်     မျိုးဆက်သစ်များအတွက် အာမခံချက်ရှိစေရေး၊
(ဃ) မှတ်ပုံတင်ပြီးသော  လုပ်ငန်း ၇ သောင်းကျော်နဲ့  မှတ်ပုံတင်ထားခြင်း မရှိသေးတဲ့ အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများအတွက် စက်မှုတော်လှန်ရေးအဆင့်ဆင့်ကို  အမြန်ဆုံး အမီလိုက်နိုင်ဖို့ စက်မှုကဏ္ဍနဲ့ဆိုင်တဲ့   မူဝါဒများ     ချမှတ်အကောင်အထည် ဖော်ခြင်းဖြင့် ဒေသတွင်းနိုင်ငံများနဲ့ ရင်ပေါင်တန်းနိုင်စေရေး၊
(င) အစိုးရ-ပုဂ္ဂလိက အကျိုးတူလုပ်ငန်းများ ပိုမိုအားပေးရန်နဲ့ ယင်း အတွက် ဝန်ဆောင်မှု စုပေါင်းရုံးတစ်ခု ဖွင့်လှစ်နိုင်ရေး၊
(စ) နိုင်ငံတော်ရဲ့ အခွန်ဝင်ငွေ မလျော့နည်းစေဘဲ ပြည်သူများအခွန် ဝန်ထုပ်ဝန်ပိုးမဖြစ်စေဖို့ အခွန်ထမ်းအခြေကို တိုးချဲ့ပြီး အခွန်နှုန်း ထားများကို လျှော့ချရေး၊
(ဆ) ဖွံ့ဖြိုးရေးမှတစ်ဆင့် ယုံကြည်မှုနဲ့ ငြိမ်းချမ်းရေးတည်ဆောက်ပြီး အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် လူမှုစီးပွားဖွံ့ဖြိုးတိုးတက် ရေး ဘုံလုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်ရေး၊
(ဇ) နိုင်ငံ့ဝန်ထမ်းစနစ်အား စွမ်းဆောင်ရည်၊ ပညာအရည်အချင်း၊ ကျွမ်းကျင်မှုနဲ့  အတွေ့အကြုံအလိုက် ထိုက်တန်တဲ့ ခံစားခွင့်နဲ့ ရာထူးတိုးခွင့် ရရှိနိုင်မယ့် နောင်ရေး အာမခံစနစ်၊  ပညာတော်သင်စနစ်နဲ့  အပိုဆုကြေးစနစ်များထူထောင်ရေး၊
(ဈ) လူတိုင်းအတွက် အိမ်ရာပိုင်ဆိုင်ခွင့်ရရှိစေဖို့ ဝန်ထမ်းများ နှစ်ရှည်ချေးငွေစနစ်နဲ့ အိမ်ဝယ်ပိုင်ခွင့်၊ လုပ်သားများအတွက် အငှားအိမ်ရာ စနစ် ခံစားပိုင်ခွင့်၊ စွန့်ဦးတီထွင်စီးပွားရေးလုပ်ငန်းရှင်များ အိမ်ရာစနစ်ထူထောင်နိုင်ရန် နှစ်ရှည် အိမ်ရာချေးငွေ လျှောက်ထားခွင့်များကို စနစ်တကျ ဆောင်ရွက်သွားရေး၊
(ည) တည်ဆဲစက်မှုဇုန်များကို ခေတ်နဲ့အညီ အဆင့်မြှင့်တင်ပြီး ရေရှည် တည်တံ့မယ့် မြို့ပြစီမံကိန်းများကို ဌာနပေါင်းစုံ၊ အဖွဲ့အစည်းပေါင်းစုံ၊ အလွှာအသီးသီးနဲ့ ပေါင်းစပ်ညှိနှိုင်း ဖော်ဆောင်ရေး၊
(ဋ) ပြည်သူတိုင်း လျှပ်စစ်မီး၊ သောက်သုံးရေနဲ့ အခြားပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများကို သင့်တင့်တဲ့အခနှုန်းထားနဲ့ လုံလောက်စွာ ရယူသုံးစွဲ နိုင်ရေး၊
(ဌ) မသန်စွမ်းများ၊ ထိခိုက်နစ်နာလွယ်သူများ၊ လူမှုရေးအရခွဲခြားဆက်ဆံခံရနိုင်သူများကို ထိရောက်စွာ ကာကွယ် ပေးနိုင်မယ့် လူမှုကာကွယ် ရေးစနစ်များ ချမှတ်အကောင်အထည်ဖော်ရေး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်ရှင်။
ပြည်သူလူထုကြီးရှင့် . . .
ဒုတိယပိုင်းအနေနဲ့ ကျွန်မတို့ ပြည်သူ့ရှေ့ဆောင်ပါတီဟာ နယ်ပယ်ဒေသအသီးသီးက မဟာမိတ်အဖွဲ့အစည်းများ၊ အားပေးထောက်ခံသူများနဲ့ စစ်မှန်တဲ့ ဒီမိုကရေစီ ဖက်ဒရယ်စနစ် ထွန်းကားရေးဦးတည်ချက်အား ဆောင်ရွက်လျက်ရှိတဲ့ တိုင်းရင်းသားပါတီများနဲ့  ပူးပေါင်းဆောင်ရွက်နိုင်ဖို့ အောက်ဖော်ပြပါ  လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးမူဝါဒများကို  ရေးဆွဲချမှတ်ထားရှိပါကြောင်း ပြည်သူလူထု တစ်ရပ်လုံးသို့ အစီရင်ခံတင်ပြအပ်ပါတယ်ရှင်-
(က) တိုင်းဒေသကြီးနဲ့ပြည်နယ်အသီးသီးရဲ့ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး အတွက် ဒေသအလိုက် အားသာချက်များအပေါ် မူတည်ပြီး ဒေသ ဆိုင်ရာဖွံ့ဖြိုးမှု မူဝါဒနဲ့ မဟာဗျူဟာများရေးဆွဲ၍ ပြည်ထောင်စုအဆင့် ဖွံ့ဖြိုးရေးမူဝါဒများနဲ့ ပေါင်းစပ်ညှိနှိုင်းဖော်ထုတ်သွားရန်၊
(ခ) ဖက်ဒရယ်မူအား အခြေခံဥပဒေအရ ချဉ်းကပ်မှုအပြင် ပိုမိုလက်တွေ့ ကျကျ အကောင်အထည်ဖော်နိုင်မယ့် စီးပွားရေးမူဝါဒရေးရာ ချဉ်းကပ် မှုဖြင့် ပြည်နယ်နဲ့တိုင်းဒေသကြီးများအကြား   ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီ ရပ်တည်နေရတဲ့ စီးပွားရေးကဏ္ဍကြီးများ ပိုမိုဖွံ့ဖြိုး တိုးတက်စေမယ့် ဘုံလုပ်ငန်းစဉ်များကို ဖော်ထုတ်သတ်မှတ်သွားရန်၊
(ဂ) တိုင်းရင်းသားလူမျိုးများအားလုံးရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေး၊ တန်းတူညီမျှမှုရှိရေး၊ စာပေ၊ ယဉ်ကျေးမှု ရှင်သန်ထွန်းကားရေးတို့အတွက် မိခင်တိုင်းရင်းသား ဘာသာစကား သင်ကြားပိုင်ခွင့်အပါအဝင် နိုင်ငံတကာအတွေ့ အကြုံများကို သင်ခန်းစာယူပြီး  သုတေသန တွေ့ရှိချက်များအပေါ်မူတည်၍ ရှေ့ပြေးစီမံချက်များ အကောင် အထည်ဖော်မှုကို သုံးသပ်ကာ မူဝါဒများချမှတ်ဆောင်ရွက်သွားရန်၊
(ဃ) တိုင်းရင်းသားဒေသများရဲ့ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ကိုယ်ပိုင်ရပ်တည် နိုင်မှုကို  အထောက်အကူပြုမယ့်   ပြည်သူ့ဘဏ္ဍာစီမံခန့်ခွဲမှု၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်အလိုက် ဘဏ္ဍာရန်ပုံငွေလျာထားပိုင်ခွင့်၊ နယ်စပ်ဒေသ ကုန်သွယ်ရေးစခန်းများမှ ရရှိနိုင်မယ့် အကောက်ခွန်နဲ့ အခြားအခွန်များ ခွဲဝေသုံးစွဲရေး စတဲ့ ဘဏ္ဍာရေး မူဝါဒများနဲ့ စည်းမျဉ်း စည်းကမ်းများကို ပြန်လည်သုံးသပ် ပြင်ဆင်သွားရန်၊
(င) တိုင်းဒေသကြီးနဲ့   ပြည်နယ်အသီးသီးရှိ တိုင်းရင်းသားလူမျိုးများ အားလုံး အတူတကွကြုံတွေ့နေရတဲ့ အမျိုးသားစိန်ခေါ်မှုကြီးများ ဖြစ်တဲ့ ရွှေ့ပြောင်းအလုပ် လုပ်ကိုင်မှု၊  မူးယစ်ဆေးဝါး အန္တရာယ်နဲ့     သဘာဝပတ်ဝန်းကျင်   ပျက်စီးပြုန်းတီးမှုဆိုင်ရာ ပြဿနာများကို  စုပေါင်းအဖြေရှာသွားရန်၊
(စ) ပြည်နယ်အသီးသီးရှိ တိုင်းရင်းသားလူမျိုးများအားလုံး  အတူတကွရရှိလာတဲ့    ပြည်ထောင်စုအဆင့် စီးပွားရေးအခွင့်အလမ်းများဖြစ်တဲ့  အာရှအမြန်လမ်းမကြီး စီမံကိန်းနဲ့ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ စီမံကိန်းများမှာ  ပြည်နယ်အသီးသီးနဲ့ တိုင်းဒေသကြီးအသီးသီးရှိ စင်္ကြံမြို့များတစ်လျှောက်  ဟန်ချက်ညီညီချိတ်ဆက်နိုင်မယ့် မဟာဗျူဟာ နဲ့ နည်းဗျူဟာများကို ပူးပေါင်းဖော်ထုတ်သွားရန်၊
(ဆ) တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးမှာ မိမိတို့ဒေသရဲ့ အားသာချက်နဲ့ အခွင့်အလမ်းများအပေါ်  မူတည်ပြီး   ဦးစားပေးဆောင်ရွက်မယ့်  ထုတ်ကုန်အမယ်  သတ်မှတ်ဆောင်ရွက်ရေးမဟာဗျူဟာအတွက် လိုအပ်မယ့် စီးပွားရေးမူဝါဒ များ ချမှတ်ရေးဆွဲသွားရန်တို့  ဖြစ်ပါ တယ်ရှင့်။
ပြည်သူလူထုကြီးရှင့် . . .
တတိယအချက်အနေနဲ့ တင်ပြလိုတာကတော့ အထက်ပါ လူမှုရေးနှင့် စီးပွားရေးမူဝါဒများကို    ကောင်းမွန်စွာ    အကောင်အထည် ဖော်ခြင်းအပြင် ကျွန်မတို့ ပြည်သူ့ရှေ့ဆောင်ပါတီဟာ လာမယ့် ပြည်ထောင်စုလွှတ်တော်မှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအား အောက်ပါအတိုင်း အဆင့်ဆင့်ပြင်ဆင် နိုင်ဖို့ သက်ဆိုင်သူအားလုံးနဲ့  ညှိနှိုင်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်ရှင့်။
ဒီမိုကရေစီစနစ် ပြည့်ဝခိုင်မာစွာ ထွန်းကားရေးနဲ့ပတ်သက်ပြီးဖွဲ့စည်းပုံအခြေခံ      ဥပဒေခုံရုံးကို  နိုင်ငံတော် အချုပ်အခြာ    အာဏာရဲ့ခက်မသုံးဖြာဖြစ်တဲ့ဥပဒေပြု လွှတ်တော်၊   အုပ်ချုပ်ရေးအာဏာပိုင် အစိုးရ၊  တရားလွှတ်တော်နဲ့   တရား လွှတ်တော်ချုပ်တို့ရဲ့    ဆောင်ရွက်ချက် များဟာ  အခြေခံဥပဒေနဲ့ ကိုက်ညီခြင်း ရှိ မရှိ စိစစ်ခြင်း၊ ယင်းတို့အကြား အခြေခံဥပဒေဆိုင်ရာ အငြင်းပွားမှုများ ဖြေရှင်းခြင်း၊  ထိုသို့ အငြင်းပွားဖွယ်ရာရှိတဲ့ ဥပဒေပြဋ္ဌာန်းချက်များကို ပြင်ဆင် နိုင်ရန် ပြည်ထောင်စုလွှတ်တော်သို့ အကြံပြုခြင်းစတဲ့ လုပ်ငန်းများကို ကျွမ်းကျင်မှန်ကန်စွာ ဆောင်ရွက်သွားနိုင်ရေး လုပ်ဆောင်သွားမှာဖြစ်ပါတယ်ရှင်။
ဖက်ဒရယ်ပြည်ထောင်စုစနစ် ကောင်းမွန်လျင်မြန်စွာ ပေါ်ထွန်းလာရေးနဲ့ ပတ်သက်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေမှာပါရှိတဲ့  တိုင်းဒေသကြီးနဲ့ ပြည်နယ်များရဲ့ လုပ်ပိုင်ခွင့်နဲ့ တာဝန်ဝတ္တရားများကို  အောက်ပါအတိုင်း ပြင်ဆင်နိုင်ရန် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
စစ်မှန်တဲ့   ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေးနဲ့ လုံလောက်တဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိရေးအတွက် တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရများကို ယခုထက်ပိုမိုလုပ်ကိုင်ခွင့်ရရှိစေဖို့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြည်ထောင်စု ဥပဒေပြုစာရင်း(ဇယား-၁)၊   တိုင်းဒေသကြီးနဲ့  ပြည်နယ်ဥပဒေပြုစာရင်း (ဇယား-၂)နဲ့ အခြားဥပဒေပြုစာရင်း များဖြစ်တဲ့ (ဇယား-၃ နဲ့ ၅)တို့ကို လက်တွေ့ ကျကျ   ပြင်ဆင်ရေးဆွဲအကောင်အထည်ဖော်   ဆောင်ရွက်သွားမှာဖြစ်ပါ တယ်ရှင်။
နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာနဲ့ နယ်နိမိတ်တည်တံ့ရေးကို အကာ အကွယ်ပေးဖို့  ခေတ်မီပြီး  စွမ်းဆောင်ရည်ရှိတဲ့  တပ်မတော်အဖွဲ့အစည်း ခိုင်မာစွာရပ်တည်နိုင်ရေးအတွက် အောက်ဖော်ပြပါ လုံလောက်တဲ့ အာမခံချက် များနဲ့ တပ်မတော်ရဲ့ အမျိုးသားနိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍကို ငြိမ်းချမ်းရေး ဆွေးနွေးမှု ရလဒ်များအပေါ်မူတည်ပြီး  အောက်ပါအတိုင်း  ပြင်ဆင်နိုင်ဖို့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်-
(က) တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်းတင်သွင်းတဲ့ ကာကွယ်ရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီး များကို နိုင်ငံတော်သမ္မတကအတည်ပြုခန့်အပ်ပြီးတာနဲ့ စစ်ဘက်မှ အရပ်ဘက်သို့ ပြောင်းလဲတာဝန်ထမ်းဆောင်စေခြင်းဖြင့် ကောင်းမွန် တဲ့ အရပ်ဘက်-စစ်ဘက်ဆက်ဆံရေး တည်ဆောက်သွားရန်။
(ခ) အမျိုးသားကာကွယ်ရေးနဲ့   လုံခြုံရေးဆိုင်ရာကိစ္စရပ်များကို အထူးပြုဆွေးနွေးညှိနှိုင်းဖို့    ပြည်ထောင်စုလွှတ်တော်မှာ တပ်မတော်သားကိုယ်စားလှယ်များနဲ့ ရွေးကောက်ခံ ကိုယ်စားလှယ် များ အရေအတွက်မျှတစွာပါဝင်တဲ့ လွှတ်တော်ရေးရာ ကော်မတီ များ ဖွဲ့စည်းဆောင်ရွက်သွားရန်။
(ဂ) တစ်ဖက်မှာလည်း နိုင်ငံတော်ရဲ့ အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍမှာ တပ်မတော်သားများက  ပါဝင်ဆောင်ရွက်နေမှု ကြောင့်   ကာကွယ်ရေးနဲ့  လုံခြုံရေးဆိုင်ရာ  မူလတာဝန်များ ထမ်းဆောင်မှု      မလစ်ဟာစေဖို့     လွှတ်တော်အသီးသီးမှာ  တပ်မတော်သားကိုယ်စားလှယ်များ  ပါဝင်နေမှုကို  ငြိမ်းချမ်းရေး ဆွေးနွေးခြင်းရလဒ်များအပေါ်  မူတည်ပြီး  အဆင့်ဆင့်လျှော့ချ သွားရန် အကြံပြုသွားမှာဖြစ်ပါတယ်ရှင့်။
ဒါ့အပြင် သန့်ရှင်းသောအစိုးရ၊  ကောင်းမွန်သော အုပ်ချုပ်ရေးစနစ် ဖြစ်ထွန်းလာစေရန်နဲ့ ဒီမိုကရေစီစနစ် ရှင်သန်အားကောင်းလာစေရန်အတွက် အရေးပါလှသော  အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရဲ့  စုဖွဲ့မှုကို အနှစ်သာရရှိရှိ ခိုင်မာစွာဆောင်ရွက်နိုင်ရေး တိကျပြတ်သားသော လုပ်ထုံးလုပ်နည်းများ ပြဋ္ဌာန်းနိုင်ရန် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။
နိုင်ငံတော်ရဲ့  စီးပွားရေးစနစ်ဖြစ်တဲ့  ဈေးကွက်စီးပွားရေးစနစ် အောင်မြင်စွာထွန်းကားပြီး  နိုင်ငံသားတိုင်းရဲ့ ဝင်ငွေတိုးတက်ရေး၊ အလုပ်အကိုင်ရရှိရေး၊ အနာဂတ်လူနေမှု အဆင့်အတန်းအား ဒေသတွင်းနိုင်ငံများနဲ့ ရင်ပေါင်တန်းနိုင်စေရေး တို့အတွက် နိုင်ငံတော်ရဲ့အခန်းကဏ္ဍနဲ့ တာဝန် များကို တိကျစွာ သတ်မှတ်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်ရှင်။
ပြည်သူလူထုကြီးရှင့် . . .
နောက်ဆုံးအချက်အနေနဲ့    နိုင်ငံတော်မှာ   တရားမျှတခြင်း၊ လွတ်လပ်ခြင်းနဲ့  ညီမျှခြင်းတည်းဟူသော  လောကပါလ တရားများ   ပိုမို ထွန်းကား လာစေဖို့၊  နိုင်ငံသားများရဲ့ မူလအခွင့်အရေးနဲ့ တူညီသော အခွင့် အလမ်းများကို နိုင်ငံသားတိုင်းလက်လှမ်းမီစေဖို့ လိုအပ်နေတဲ့ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနဲ့   တရားစီရင်ရေးပြုပြင်ပြောင်းလဲမှုများကို   ဆက်လက် တောင်းဆို ဆောင်ရွက်သွားမယ့်အပြင် အတိတ်မှာဖြစ်ပွားခဲ့တဲ့ တရားမျှတမှု ကျိုးပေါက်ခဲ့ရခြင်းများကို အပြုသဘောဆောင်တဲ့ တရားမျှတမှု ပြန်လည် ပေါင်းစည်းပေးရေးမူနဲ့ လုပ်ငန်းစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက် သွားမှာဖြစ်ပါကြောင်း အစီရင်ခံတင်ပြရင်း နိဂုံးချုပ်အပ်ပါတယ်ရှင့်။
မြန်မာနိုင်ငံသူ နိုင်ငံသားများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာ ကြပါစေရှင်။