တရားမဝင်ကုန်ပစ္စည်းများတင်သွင်းခြင်းနှင့် တင်ပို့ခြင်းတို့၏ ပမာဏမှာ တိုးတက်ဖမ်းဆီးမှုများ ပြုနေသည့်တိုင် လျော့ကျသွားခြင်းမရှိဘဲ ကြီးမြဲကြီးနေဆဲဖြစ်သည်။ အိမ်နီးချင်းကုန်သွယ်ဖက်နိုင်ငံများနှင့် နှစ်နိုင်ငံကုန်သွယ်မှုကွာခြားချက်စာရင်းများကို နှိုင်းယှဉ်ရာတွင် ဖမ်းဆီးရမိမှုပမာဏသည် လွန်စွာလျော့နည်းနေသေးသည်ကို တွေ့ရှိရသည့်အတွက် ပိုမိုတိုးတက်ဖမ်းဆီးနိုင်ရေး ဆောင်ရွက်ရန် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီဥက္ကဋ္ဌက မှာကြားထားသည်။
မိမိတို့နိုင်ငံအတွက် အန္တရာယ်အကြီးမားဆုံးသော ရန်သူဟုဆိုလျှင် တရားမဝင်ကုန်သွယ်မှုနှင့် အကျင့်ပျက်အဂတိလိုက်စားမှုဟု ဆိုရမည်ဖြစ်သည်။ တစ်ခါတစ်ရံခေါင်းနှင့် ပန်းသဖွယ်ကျောချင်းကပ်နေတတ်သည့် အဆိုပါရန်သူနှစ်ရပ်ကို အမြစ်ဖြတ်နိုင်မှသာလျှင် နိုင်ငံကို ကောင်းမွန်ဖြောင့်တန်းစွာ တည်ဆောက်နိုင်မည်လည်းဖြစ်သည်။ မိမိတို့နိုင်ငံ၏ အနေအထားအရ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးတွင် အခက်အခဲများစွာ၊ စိန်ခေါ်မှုများစွာ ရှိနေမည်ဖြစ်သော်လည်း ယင်းတို့ကိုကျော်လွှားနိုင်မည့် နည်းလမ်းများစွာတို့လည်းရှိနေရာ နိုင်ငံတော်နှင့် ပြည်သူတို့အတွက် အန္တရာယ်ကြီးမားသည့် တရားမဝင်ကုန်သွယ်မှုကို ပြတ်ပြတ်သားသားဆန့်ကျင်၍ လုံးဝကင်းစင်ပပျောက်သည်အထိ တိုက်ဖျက်မည်ဟူသော သန္နိဋ္ဌာန်ဖြင့် တာဝန်ရှိသူအားလုံး၊ ဝန်ထမ်းအားလုံးက ကျေကျေပွန်ပွန် ထမ်းရွက်ကြရန်လိုသည်။
တရားမဝင်ကုန်သွယ်မှုများသည် အကျင့်ပျက်ခြစားမှု၊ အကြမ်းဖက်မှု၊ ရာဇဝတ်ကျူးလွန်မှုနှင့် အကြမ်းဖက်သမားများအား ငွေကြေးထောက်ပံ့မှုများကြောင့် မတည်မငြိမ်ဖြစ်မှုများအပါအဝင် ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအတွက် အားနည်းချက်များဖြစ်ပေါ်စေသည်။ ထို့အပြင် ဒီမိုကရေစီကိုပျက်ပြားစေခြင်း၊ တရားဥပဒေစိုးမိုးရေးကို ထိခိုက်စေခြင်း၊ နိုင်ငံတော်တည်တံ့ခိုင်မြဲရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးတို့ကို ထိခိုက်စေခြင်း တို့ကိုလည်းတွေ့ရှိရပြီး လူ့အခွင့်အရေးဆုံးရှုံးမှု၊ အလုပ်အကိုင်အခွင့်အလမ်းဆုံးရှုံးမှုများ ဖြစ်ပေါ်စေသည်ကိုလည်း တွေ့ရှိရသည်။ တရားမဝင်ဝင်ရောက်လာသည့် ကုန်စည်များက အမျိုးသားကျန်းမာရေး၊ စီးပွားရေးနှင့် လူငယ်များ၏အနာဂတ် ရှင်သန်တိုးတက်ရေးတို့ကို ခြိမ်းခြောက်နေပြီး နိုင်ငံ၏သယံဇာတများ ခိုးထုတ်ခြင်းကြောင့် ဂေဟစနစ်များကို ပျက်စီးဆုံးရှုံးစေသည်။ တရားမဝင်တင်သွင်းလာသည့် ကုန်ကြမ်းများ၊ အရည်အသွေးမကောင်းသည့်ပစ္စည်းများ တင်သွင်းပြီး ဈေးကွက်ယှဉ်ပြိုင်လာပါက ပြည်တွင်းရှိ MSME လုပ်ငန်းရှင်များကို ကြီးမားစွာထိခိုက် နစ်နာဆုံးရှုံးစေမည်ဖြစ်သည်။
အထက်တွင်ဆိုခဲ့သည့်အတိုင်း တရားမဝင်ကုန်သွယ်မှုများကြောင့် ဖြစ်ပေါ်လာသည့် အကျိုးဆက်များက ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းပေါ်သို့ ရောက်ရှိနိုင်ရန် ရုန်းကန်ကြိုးပမ်းနေရသည့် မိမိတို့နိုင်ငံအပေါ် ကြီးမားသည့်အန္တရာယ်များ ကျရောက်စေနိုင်သည်ကို အလေးအနက်သတိပြုကြပြီး “တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးသည် မှောင်ခိုပစ္စည်း ဖမ်းဆီးတားဆီးခြင်းထက် ပိုမိုကျယ်ပြန့်သည်”ဟု သိရှိခံယူထားကြရမည်ဖြစ်သည်။ ထို့အပြင် နိုင်ငံအတွက် ဤမျှအရေးကြီးသည့် တရားမဝင်ကုန်သွယ်မှုများကို ဖမ်းဆီးအရေးယူရာတွင် လက်ရှိကျင့်သုံးနေသည့် လုပ်ထုံးလုပ်နည်း၊ ဥပဒေများကို ပြန်လည်ဆန်းစစ်ရန်နှင့် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဥပဒေကဲ့သို့ ဥပဒေမျိုးပြဋ္ဌာန်း၍ ထိထိရောက်ရောက် အရေးယူနိုင်ရန်အထိ လေ့လာသုံးသပ်ဆောင်ရွက်သွားရန်လည်း လိုအပ်မည်ဟု ရှုမြင်မိသည်။
ကုန်သွယ်ဖက်နိုင်ငံများနှင့် ကုန်သွယ်မှုကွာခြားချက်စာရင်းများ နှိုင်းယှဉ်မှုအရ တရားမဝင်ကုန်သွယ်မှုများ ပိုမိုတိုးတက်ဖမ်းဆီးနိုင်ရေး၊ နယ်မြေဒေသအသီးသီးရှိ လမ်းကြောင်းအသီးသီးတို့တွင် ပုံမှန်ဖမ်းဆီးမှု၊ ရှောင်တခင်(နေ့/ည) စစ်ဆေးဖမ်းဆီးမှုတို့ စနစ်တကျဆောင်ရွက်ရေး၊ ယခုထက်ပိုမိုထိရောက်သည့် ဖမ်းဆီးမှု၊ တိကျသည့် အရေးယူမှုများပြုလုပ်ကာ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးကို ယခုထက်ပိုမို ဆောင်ရွက်ကြရပါမည့်အကြောင်း။ ။