နေပြည်တော် ဖေဖော်ဝါရီ ၂၆
ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်း (ဗဟို) ကြီးကြပ်ရေးအဖွဲ့ ဒသမအကြိမ် အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ကမ္ဘာအေးကုန်းမြေရှိ နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ် (ရန်ကုန်) မဟာဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အဖွဲ့ဝင် ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်း (ဗဟို) ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တစန္ဒဝရ အမှူးပြုသော တိုင်းဒေသကြီး၊ ပြည်နယ်များရှိ ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်း ကျောင်းအုပ်ဆရာတော်များ ကြွရောက်ချီးမြှင့်တော်မူကြပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြည်ညိုကြသည်။
ဦးစွာ နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ အဖွဲ့ဝင်ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်း (ဗဟို) ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဆရာတော်က အဖွင့်ဩဝါဒမိန့်ကြားပြီး ပြည်ထောင်စုဝန်ကြီးက သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။
ထို့နောက် သာသနာတော် ထွန်းကားပြန့်ပွားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုးမင်းထွန်းက ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်း (ဗဟို) ကြီးကြပ်ရေးအဖွဲ့ နဝမအကြိမ်မြောက် အစည်းအဝေးဆုံးဖြတ်ချက်များနှင့်စပ်လျဉ်း၍ ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့် သင်တန်းကျောင်းဆိုင်ရာလုပ်ငန်းစဉ်များကို လျှောက်ထားသည်။
ယင်းနောက် တိုင်းဒေသကြီး နှင့် ပြည်နယ်အသီးသီးမှ ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်း ကျောင်းအုပ်ဆရာတော်များက ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်းစည်းမျဉ်းပြင်ဆင်ရေးနှင့် ၁၅ နှစ်နှင့်အထက် တာဝန်ထမ်းဆောင်ခဲ့ပြီးသော ကျောင်းအုပ်၊ ကထိကများ အနားယူသည့်အခါ သာသနာပြုမှတ်တမ်းတင် ဂုဏ်ပြုလွှာဆက်ကပ်ရေး ဆိုင်ရာများကို ဆွေးနွေးကြရာ တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ပြန်လည်ရှင်းလင်းလျှောက်ထား၍ ဆုံးဖြတ်ချက်များချမှတ်သည်။
ဆက်လက်၍ ကျောင်းထိုင် ဘုန်းကြီးသင်တန်းကျောင်း (ဗဟို) ကြီးကြပ်ရေးအဖွဲ့ အဖွဲ့ဝင်ဆရာတော် ဘဒ္ဒန္တသုဘောဂက နိဂုံးချုပ်ဩဝါဒကထာမိန့်ကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။
အစည်းအဝေးအပြီးတွင် ပြည်ထောင်စုဝန်ကြီးက ဆရာတော်ကြီးများအား လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် ပရိတ်တော်၊ ဒေသနာတော်၊ ပါဠိ - မြန်မာစာအုပ်များ ဆက်ကပ်လှူဒါန်းသည်။
တိုင်းဒေသကြီး၊ ပြည်နယ်အတွင်းရှိ ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်း ၁၄ ကျောင်းတွင် သင်တန်းအကြိမ်ပေါင်း ၂၂၁ ကြိမ်ဖွင့်လှစ်ခဲ့ရာ သင်တန်းသား ၄၆၁၁ ပါး အောင်မြင်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်