Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ဇနီး ဒေါ်ကြူကြူလှ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၏ (၂၁) ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေး ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ချီးမြှင့်

နေပြည်တော် ဖေဖော်ဝါရီ ၂၆

မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်၏ (၂၁) ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေး ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်ရုံး သီရိရတနာခန်းမ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ဇနီး မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ် ဂုဏ်ထူးဆောင်နာယက ဒေါ်ကြူကြူလှ တက်ရောက်ချီးမြှင့်သည်။

တက်ရောက်

အခမ်းအနားသို့ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ် ဂုဏ်ထူးဆောင်နာယက ဒေါ်ခင်သက်ဌေး၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ဒုတိယဝန်ကြီး ဦးစိုးကြည်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီး ကော်မတီအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ် နာယကများ၊ ဥက္ကဋ္ဌနှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ နေပြည်တော်ကောင်စီ / တိုင်းဒေသကြီး/ပြည်နယ်မှ အမျိုးသမီး ရေးရာအဖွဲ့နာယကများ၊ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ ခရိုင်ဥက္ကဋ္ဌများ၊ ဖိတ်ကြားထားသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အားသွန်ခွန်စိုက်ကြိုးပမ်း

ဦးစွာ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်အနေဖြင့် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီတွင်အဖွဲ့ဝင်အဖြစ်ပါဝင်ပြီး အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းစဉ်များတွင် တက်ကြွစွာဖြင့် ထဲထဲဝင်ဝင် အစဉ်ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကာ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ရေးဆွဲခဲ့သည့် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နိုင်ငံတော်အဆင့် မဟာဗျူဟာ စီမံကိန်း(၂၀၂၃-၂၀၃၂)၏ လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင်လည်း မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်အနေဖြင့် မြန်မာနိုင်ငံအမျိုးသမီးများ၏ ပညာရေး၊ ကျန်းမာရေး၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုကင်းဝေးလျော့ကျရေး၊ သဘာဝဘေးနှင့် အရေးပေါ်အခြေအနေများအပေါ် ပံ့ပိုးဆောင်ရွက်ပေးရေး၊ အမျိုးသမီးများ စွမ်းဆောင်ရည်မြင့်မားလာစေရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ အမျိုးသမီးများ၏ ဘဝရပ်တည်နိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကဏ္ဍများတွင်သာမက နိုင်ငံတကာနှင့်ဒေသတွင်း အမျိုးသမီးအရေးဆိုင်ရာကိစ္စရပ်များတွင်လည်း အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိသည်ကို သိရှိရပါကြောင်း။

၁၁ ကျောင်းဖွင့်လှစ်ထားရှိ

မြန်မာနိုင်ငံအမျိုးသမီးရေးရာ အဖွဲ့ချုပ်အနေဖြင့် ကျား၊ မ တန်းတူညီမျှရေးနှင့် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်ကဆောင်ရွက်နေသည့် နိုင်ငံတကာကတိကဝတ်များ၊ အာဆီယံလုပ်ငန်းစဉ်များတွင်လည်း အတူပူးပေါင်းဆောင် ရွက်ပေးလျက်ရှိသည်ကိုသိရှိရပြီး ဆက်လက်၍ ကြိုးပမ်းဆောင်ရွက်ပေးကြစေလိုကြောင်း၊ အမျိုးသမီးများ စွမ်းဆောင်ရည်မြင့်မားစေရန်နှင့် ဝင်ငွေရအသက်မွေးဝမ်းကျောင်းလုပ်ငန်းများ လုပ်ကိုင်နိုင်ရန်အတွက် အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်ကျောင်း ၁၁ ကျောင်းဖွင့်လှစ်ထားရှိပြီး ကျောင်းအခြေပြုနှင့် ရပ်ရွာအခြေပြုသင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါကြောင်း၊ ထို့ပြင် သဘာဝဘေး၊ လူကြောင့်ဖြစ်သည့် ဘေးဖြစ်ပွားရာဒေသများတွင်ရှိသည့် ယာယီခိုလှုံရေးစခန်းနှင့် IDP Camp များမှ ပြည်သူများအတွက်အသက်မွေးဝမ်းကျောင်းသင်တန်းများ ဖွင့်လှစ်သင်ကြားပေးခြင်းလုပ်ငန်း အစီအစဉ်များကိုလည်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ၂၀၂၄- ၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း ဧပြီလမှ ဇန်နဝါရီလအထိ အိမ်တွင်းမှုအသက်မွေးဝမ်းကျောင်းသင်တန်းများကို ၁၇၆ ကြိမ်၊ သင်တန်းတက်ရောက်သူ ၄၂၂၂ ဦးဖြင့် ဖွင့်လှစ်နိုင်ခဲ့ပြီး ၅၉၄ ဦးကို အလုပ်အကိုင် ချိတ်ဆက်ပေးနိုင်ခဲ့ပါကြောင်း။

ကြိုးပမ်းဆောင်ရွက်

အမျိုးသမီးကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်ရာတွင် နိုင်ငံတော်အစိုးရနှင့်အတူ အမျိုးသမီးအဖွဲ့အစည်းများ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် မိတ်ဖက်အဖွဲ့အစည်းများ အားလုံး ပူးပေါင်းဆောင်ရွက်နိုင်မှုသည် အရေးကြီးသည်ကို တွေ့ရှိရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် အမျိုးသမီးများနှင့် အမျိုးသမီးငယ်ရွယ်များ ရင်ဆိုင်တွေ့ကြုံနေရသည့် စိန်ခေါ်မှုများကို ဖြေရှင်းဆောင်ရွက်ပေးနိုင်ရန် အားလုံးဝိုင်းဝန်းပူးပေါင်းပြီး ကြိုးပမ်းဆောင်ရွက်ပေးကြရန် တိုက်တွန်းမှာကြားလိုပါကြောင်းနှင့် မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်၏ (၂၁) ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေးတွင်လည်း အားလုံးတက်ကြွစွာပါဝင်ဆွေးနွေးပြီး ကောင်းမွန်သည့်ရလဒ်ကောင်းများရရှိကြပါစေကြောင်း ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်၏ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် လှုပ်ရှားမှုမှတ်တမ်းဗီဒီယိုကို ဖွင့်လှစ်ပြသသည်။

ဆုများပေးအပ်ချီးမြှင့်

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ဇနီး မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ် ဂုဏ်ထူးဆောင်နာယက ဒေါ်ကြူကြူလှက မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်၏ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှုအပေါ် ချီးမြှင့်သည့် စွမ်းဆောင်မှုနှင့်လွှမ်းခြုံမှုအကောင်းဆုံး ပထမဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီး၊ ဒုတိယဆုရရှိသည့် ပဲခူးတိုင်းဒေသကြီး၊ တတိယဆုရရှိသည့် ရှမ်းပြည်နယ်နှင့် အထူးဆုရရှိသည့် ကချင်ပြည်နယ်တို့မှ အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌများကို ဆုများပေးအပ်ချီးမြှင့်သည်။

ဆက်လက်၍ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ် ဂုဏ်ထူးဆောင်နာယက ဒေါ်ခင်သက်ဌေး၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ် နာယကများနှင့် ဥက္ကဋ္ဌတို့က စွမ်းဆောင်မှုအကောင်းဆုံး ပထမဆု၊ ဒုတိယဆု၊ တတိယဆု၊ ဂုဏ်ပြုဆု၊ အထူးဆုနှင့် လွှမ်းခြုံမှုအကောင်းဆုံးပထမဆု၊ ဒုတိယဆု၊ တတိယဆု၊ အထူးဆုနှင့်ချီးမြှင့် ပံ့ပိုးမှုဆုတို့ရရှိကြသည့် မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်အတွင်းရေးမှူး၊ နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့တို့မှ ဥက္ကဋ္ဌများကို ဆုများပေးအပ်ချီးမြှင့်ကြသည်။

လှည့်လည်ကြည့်ရှု

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ဇနီး မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ် ဂုဏ်ထူးဆောင်နာယက ဒေါ်ကြူကြူလှသည် အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ပြီး မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်၏ လှုပ်ရှားဆောင်ရွက်မှုမှတ်တမ်းဓာတ်ပုံများကို လှည့်လည်ကြည့်ရှုကြသည်။

ယင်းနောက် မြန်မာနိုင်ငံအမျိုးသမီးရေးရာ အဖွဲ့ချုပ်၏ (၂၁) ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေးကို ဆက်လက်ကျင်းပရာ ဦးစွာ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါက်တာသက်သက်ဇင်က အမှာစကားပြောကြားသည်။

နှစ်ရက်တာ ကျင်းပသွားမည်

ဆက်လက်၍ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ (၁) တို့က သဘာပတိအဖြစ်ဆောင်ရွက်ကာ နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့များမှ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်ချက်များကိုတင်ပြကြရာ တင်ပြချက်များအပေါ် သဘာပတိများက ပြန်လည်သုံးသပ်ဆွေးနွေးခဲ့ကြကြောင်းနှင့် အဆိုပါနှစ်ပတ်လည်အစည်းအဝေးကို ဖေဖော်ဝါရီ ၂၇ ရက်အထိ နှစ်ရက်တာကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်