ထားဝယ် အောက်တိုဘာ ၆
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့က ရန်ကုန်တိုင်းဒေသကြီး၌ ဖြစ်ပွားနေသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးတွင် ပါဝင်ကူညီမည့် ကျန်းမာရေးဝန်ထမ်းများအား ဂုဏ်ပြုခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီ က ထားဝယ်မြို့၊မြို့တော်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမြင့်မောင်က ရန်ကုန်တိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် အားဖြည့်ပါဝင်ကူညီဆောင်ရွက်နိုင်ရန်အတွက် တနင်္သာရီ တိုင်းဒေသကြီးမှသွားရောက်မည့် သူနာပြုဆရာ/ဆရာမများအား တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့က အထူးပင်အသိအမှတ်ပြု ဂုဏ်ပြုပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးတွင် ကူးစက်မှုနှုန်း များပြားလျက်ရှိသည့်အတွက် ကိုဗစ်-၁၉ ရောဂါကုသရေး စင်တာများကို တိုးချဲ့ဖွင့်လှစ်လျက်ရှိကြောင်း၊ဒါ့အပြင် မြန်မြန်ဆန်ဆန်ရောဂါ သိနိုင်သော Rapid Test Kit များ ကို အသုံးပြုလျက်ရှိကြောင်း၊ ရန်ကုန်တိုင်းအတွင်းရှိ ကျန်းမာရေးဝန်ထမ်းများ မလုံလောက်သည့်အတွက် အနယ်နယ်အရပ်ရပ်မှ ကျန်းမာရေးဝန်ထမ်းများကို ခေါ်ယူတာဝန်ပေးအပ်ခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထိုနောက် ရန်ကုန်တိုင်းဒေသကြီးသို့ သွားရောက်တာဝန်ထမ်းဆောင်မည့် သူနာပြုဆရာမများအား တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမြင့်မောင်က ဂုဏ်ပြုထောက်ပံ့ငွေ (၁၁)သိန်းကျပ်ပေးအပ်ပြီး ကိုဗစ်-၁၉ ထိန်းချုပ်ကာကွယ်ရေးလူထုအခြေပြုအထောက်အကူပြုအဖွဲ့မှ အတွင်းရေးမှူး ဦးကျော်ကျော်ဦး က ဂုဏ်ပြု ထောက်ပံ့ငွေ (၁၀)သိန်းကျပ် အားပေးအပ်ခဲ့သည်။
အခမ်းအနား သို့ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝင် ဝန်ကြီးများ၊တိုင်းဒေသကြီးကျန်းမာရေးဦးစီးမှူး ဒေါက်တာထွန်းမင်းနှင့် ကျန်းမာရေးဝန်ထမ်းများ၊ သူနာပြုများ ၊ကိုဗစ်-၁၉ထိန်းချုပ်ကာကွယ်ရေး လူထုအခြေပြုအထောက်အကူပြုအဖွဲ့မှတာဝန်ရှိသူများ တက်ရောက်ပြီး သူနာပြုပေါင်း(၂၀)ဦးတို့သည်ယမန်နေ့ ညနေ့ပိုင်းတွင်ထားဝယ်မြို့မှ ရန်ကုန်မြို့သို့ ထွက်ခွာ မည်ဖြစ်ကြောင်းသိရသည်။
ကျော်ကျော်လတ်(ပြန်/ဆက်)