Skip to main content

ကုန်စည်ပို့ဆောင်မှု အဆင်ပြေချောမွေ့စေရေးနှင့် ကုန်ဈေးနှုန်းတည်ငြိမ်ရေးတို့အတွက် ညှိနှိုင်းစည်းဝေး

နေပြည်တော် အောက်တိုဘာ ၅

ကုန်စည်ပို့ဆောင်မှု အဆင်ပြေ ချောမွေ့စေရေးနှင့် ကုန်စည် ဝင်/ထွက် မှုအခြေအနေ၊ ကုန်ဈေးနှုန်းများ ဖြစ်ပေါ်မှု အခြေအနေ များနှင့် ကုန်ဈေးနှုန်းတည်ငြိမ်ရေးတို့နှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်း ချုပ်နှင့် ညီနောင် အသင်း အဖွဲ့များမှ တာဝန်ရှိသူများက Video Conferencing စနစ်ဖြင့် ကျင်းပသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်ချက်အရ အခြေခံရိက္ခာဖြစ် သည့် ဆန်၊ ဆီ၊ ပဲ၊ ကြက်သွန်စသည့် အခြေခံ ရိက္ခာလိုအပ်ချက်များကို သုံးသပ် တွက်ချက်ခဲ့ကြောင်း၊ နိုင်ငံတော်အစိုးရနှင့် ကုန်သည် အသင်းအဖွဲ့များ၏ လက်ဝယ်တွင် အခြေခံရိက္ခာများ ပြည့်စုံစွာရှိသည့် အတွက် လက်ရှိ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုအများဆုံးဖြစ်သော ရန်ကုန်တိုင်းဒေသကြီးအတွက်သာမက မြန်မာတစ်နိုင်ငံလုံး အတွက် အခြေခံ ရိက္ခာပြည့်စုံလုံလောက်စွာ ရှိနေပါ ကြောင်း။

ပြည်သူလူထုအနေဖြင့် စားနပ်ရိက္ခာပြတ်လပ်မည်ကို စိုးရိမ်ပူပန်မှု မရှိစေလိုပါကြောင်း၊ ရန်ကုန်တိုင်း ဒေသကြီးသို့ အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများမှ ကုန်စည်များ ဝင်ရောက်သလို ရန်ကုန်တိုင်းဒေသကြီးမှလည်း အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများသို့ ကုန်စည်များ ဖြန့်ဖြူးလျက်ရှိပါကြောင်း၊ လုပ်ငန်း ဆိုင်ရာ များ များပြားသည့်အတွက် အားနည်းချက်၊ ချို့ယွင်းချက်များရှိ သော်လည်း အမြန်ဆုံးညှိနှိုင်းပူးပေါင်းဖြေရှင်းနိုင်ခဲ့ပါကြောင်း၊ ကုန်စည် စီးဆင်းမှုမှန်ကန်ရေး၊ ကုန်စည် မပြတ်လပ်စေရေး၊ ကုန်ဈေးနှုန်း တည်ငြိမ်ရေးအတွက် အခက်အခဲ များကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ပူးပေါင်း ဆောင်ရွက် ခြင်းဖြစ်ပါကြောင်း၊ အသင်းအဖွဲ့များအနေဖြင့် အခက်အခဲများကို ပွင့်ပွင့်လင်းလင်း တင်ပြပေးစေလိုပါ ကြောင်းနှင့် ဆောင်ရွက် သင့်သည့် အကြံပြုချက်များကိုလည်း တင်ပြ ပေးစေလိုပါကြောင်း ပြောကြား သည်။

ထို့နောက် ရန်ကုန်တိုင်းဒေသ ကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ရန်ကုန်မြို့ရှိ မြို့နယ် ၄၄ မြို့နယ် အတွင်း ကုန်စည်စီးဆင်းမှုကို ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် သက်ဆိုင်ရာအသင်း အဖွဲ့များ နေ့စဉ် ညှိနှိုင်း ဖြေရှင်း ဆောင်ရွက်နေသည့် အတွက် မြို့နယ်များရှိ လက်လီ ဆိုင်များသို့ အခြေခံ စားသောက်ကုန် များ ဖြန့်ဖြူးမှုမှာ အခက်အခဲမရှိ ကြောင်းနှင့် အခြေခံစားကုန်ဈေးနှုန်း များ တည်ငြိမ်လျက်ရှိကြောင်း၊ ကုန်စည် စီးဆင်းမှု မှန်ကန် မြန်ဆန် ရေးအတွက် ကုန်တင်ယာဉ်မောင်း များနှင့် ယာဉ်နောက်လိုက် များအား Test Kit များဖြင့် လုံလောက်စွာ စစ်ဆေးနိုင်ရေး၊ ကုန်တင်ယာဉ်များ အား ရန်ကုန် - မန္တလေး အမြန်လမ်းမ ကြီးပေါ် တွင် ဆောက်လုပ်ရေး ဝန်ကြီးဌာန၏ သတ်မှတ်ချက်များနှင့် အညီ ဖြတ်သန်း အသုံးပြုခွင့်ရရှိရေး၊ Test Kit များအား အသုံးပြုပြီး ရောဂါရှာဖွေ စစ်ဆေးမှုများကို ပိုမိုဆောင်ရွက်နိုင်ရေးအတွက် အစိုးရအချင်းချင်း (G to G) စနစ်ဖြင့် ဆွေးနွေး၍ စီးပွားရေး လုပ်ငန်းရှင်များ အချင်းချင်း (B to B)စနစ်ဖြင့် တင်သွင်းနိုင်ရေးတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌနှင့် ညီနောင် အသင်းအဖွဲ့များမှ တာဝန်ရှိသူများက ကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြပြီး ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ် နှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးတို့ က ဖြည့်စွက် ဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီးက ကုန်စည် စီးဆင်းမှု မှန်ကန်မြန်ဆန်ရေး အတွက် သက်ဆိုင် ရာ ဝန်ကြီးဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း နိဂုံးချုပ်ဆွေးနွေးပြော ကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်