Skip to main content

PDF အမည်ခံအကြမ်းဖက်သမားများက ရွှေဘိုမြို့နယ်၊ ခွန်တောင်းကြီးကျေးရွာအနီး လယ်ယာလုပ်ငန်းဆောင်ရွက်နေသည့် ဒေသခံပြည်သူများအား လက်နက်ငယ်များဖြင့် အကြောင်းမဲ့ပစ်ခတ်ခဲ့မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူ ၃ ဦး လက်နက်ငယ်ကျည်ထိမှန်ဒဏ်ရာများရရှိ

နေပြည်တော် ဖေဖော်ဝါရီ ၂၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ ခွန်တောင်းကြီးကျေးရွာအနီး လယ်လုပ်ငန်းဆောင်ရွက်နေသည့် ဒေသခံပြည်သူများအား PDF အမည်ခံ အကြမ်းဖက်သမားများက လက်နက်ငယ်များဖြင့် အကြောင်းမဲ့လာရောက်ပစ်ခတ်ခဲ့မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူအမျိုးသမီး ၃ ဦးလက်နက်ငယ်ကျည်ထိမှန်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ ခွန်တောင်းကြီးကျေးရွာနေ မသန္တာထွေး (ဘ) ဦးဝင်းမြင့်၊ မသန်းသန်းစိုး (ဘ) ဦးဝင်းဘိုနှင့် ဒေါ်ပပဦး (ဘ) ဦးစိန်သန်းတို့ ၃ ဦးသည် ကျေးရွာ၏အရှေ့တောင်ဘက် မီတာ ၁၁၀၀ ခန့်အကွာရှိ လယ်ကွင်းများအတွင်း ပေါင်းမြက်များရှင်းလင်းနေစဉ် ယနေ့နံနက် ၉ နာရီ ၄၀ မိနစ်ခန့်တွင် PDF အမည်ခံအကြမ်းဖက်သမားများက လယ်ကွင်း၏အရှေ့ဘက် မီတာ ၂၀၀ ခန့်အကွာမှနေ၍ လက်နက်ငယ်များဖြင့် အကြောင်းမဲ့လာရောက်ပစ်ခတ်ခဲ့မှုကြောင့် ၎င်းတို့တွင် လက်နက်ငယ်ကျည် ထိမှန်ဒဏ်ရာများရရှိခဲ့ကြောင်းနှင့် ရွှေဘိုမြို့၊ ပြည်သူ့ဆေးရုံသို့ပို့ဆောင်၍ လိုအပ်သည့်ဆေးဝါးကုသမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

PDF အမည်ခံအကြမ်းဖက်သမားများ၏ ယခုကဲ့သို့ အကြောင်းမဲ့ပစ်ခတ် တိုက်ခိုက်မှုများကြောင့် အပြစ်မဲ့ဒေသခံပြည်သူ သေဆုံး၊ ဒဏ်ရာရရှိမှုများ မကြာခဏဖြစ်ပေါ်လျက်ရှိပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့်လုံခြုံရေးဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်းနှင့် ဖြစ်စဉ်ဖြစ်ပွားရာနေရာတစ်ဝိုက်အား လိုအပ်သောလုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။