Skip to main content

ဗဟိုဝန်ထမ်းတက္ကသိုလ်များတွင် အရာထမ်းငယ်အခြေခံသင်တန်းများကို Online Learning System ဖြင့် ဖွင့်လှစ် သင်ကြား

 

နေပြည်တော် အောက်တိုဘာ ၅

ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ ဗဟိုဝန်ထမ်းတက္ကသိုလ်များတွင် ၂၀၂၀-၂၀၂၁ လေ့ကျင့်ရေးနှစ်အတွက် ဖွင့်လှစ် ရန်ရှိသော သင်တန်းများအနက် ဗဟိုဝန်ထမ်း တက္ကသိုလ်(အထက်မြန်မာပြည်) တွင် အရာထမ်းငယ် အခြေခံ သင်တန်း အမှတ်စဉ် (၈၆) ကို လည်းကောင်း၊ ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) တွင် အရာထမ်းငယ်အခြေခံသင်တန်း အမှတ်စဉ် (၁၁၆) ကို လည်းကောင်း ယနေ့ နံနက်ပိုင်းတွင် Online Learning System ဖြင့် စတင်ဖွင့်လှစ်သည်။

ပြည်ထောင်စုရာထူးဝန်အဖွဲ့အနေဖြင့် ၂၀၁၉-၂၀၂၀ လေ့ကျင့်ရေးနှစ်အတွက် သင်တန်းများ ဖွင့်လှစ်ဆဲ ကာလတွင် မတ်လအတွင်း၌ Coronavirus ကူးစက် ရောဂါ ဖြစ်ပွားလာသဖြင့် မတ် ၁၆ ရက်မှစ၍ ဗဟိုဝန်ထမ်း တက္ကသိုလ်များတွင် ဖွင့်လှစ်ဆဲသင်တန်းများကို ပိတ်သိမ်းခဲ့ပြီး နိုင်ငံ့ဝန်ထမ်းများအား စဉ်ဆက် မပြတ် လေ့ကျင့်သင်ကြားသွားနိုင်ရေးအတွက် Online Learning System ဖြင့် ပြောင်းလဲဖွင့်လှစ် သင်ကြားပို့ချနိုင်ရေး သက်ဆိုင်ရာ အထက်အဖွဲ့စည်းများ၏ ခွင့်ပြုချက်ရယူ၍ သင်ရိုးညွှန်းတမ်းများ ပြန်လည် ပြင်ဆင်ခြင်း၊ ICT နည်းပညာ ပိုင်းဆိုင်ရာ သင်တန်းပို့ချမည့် Online Platform များ ရွေးချယ်ခြင်း၊ ပို့ချသူ ဆရာ၊ ဆရာမများကိုလည်း ICT ဆိုင်ရာ မွမ်းမံသင်တန်းများ ပို့ချပေးခြင်း၊ စမ်းသပ် ချိတ်ဆက် ဆောင်ရွက်ခြင်းများကို ကြိုတင်စီမံဆောင်ရွက်နိုင်စေရန် လုပ်ငန်း စီမံချက်များရေးဆွဲခဲ့ပြီး ယခုကဲ့သို့ Online Learning System ဖြင့် ပထမဦးဆုံး ဖွင့်လှစ်ခဲ့ခြင်းဖြစ်ရာ သင်တန်းကာလမှာ အောက်တိုဘာ ၅ ရက်မှ ၂၈ ရက်အထိ ရက်သတ္တ လေးပတ်တွင် ဗဟိုဝန်ထမ်းတက္ကသိုလ် တစ်ခုစီ၌ သင်တန်းသား ၁၀၀ စီဖြင့် တန်းခွဲတစ်ခုလျှင် ၅၀ ပါ တန်းခွဲ နှစ်ခုစီခွဲကာ သင်ကြားသွားမည်ဖြစ်ပြီး ယခုသင်တန်းတွင် ဝန်ကြီးဌာန/ အဖွဲ့အစည်း ၂၉ ခုမှ ဒုတိယဦးစီးမှူး၊ အငယ်တန်းအင်ဂျင်နီယာ-(၂)၊ စာရင်းကိုင်-(၂) ရာထူးနှင့် အဆင့်တူ သင်တန်း သား၊ သင်တန်းသူများကို Online စနစ်ဖြင့် ဆက်သွယ်သင်ကြားမည်ဖြစ်ကြောင်း သိရသည်။

သင်ကြားမည့် ဘာသာရပ်များအနေဖြင့် စီမံခန့်ခွဲမှုပညာဘာသာရပ်၊ စီးပွားရေးပညာဘာသာရပ်၊ ဥပဒေ ပညာ ဘာသာရပ်၊ လူမှုရေးသိပ္ပံဘာသာရပ်၊ နိုင်ငံရေးသိပ္ပံဘာသာရပ်၊ အင်္ဂလိပ်စာဘာသာရပ်နှင့် သတင်း အချက် အလက်နှင့် ဆက်သွယ်ရေးနည်းပညာဘာသာရပ်တို့ဖြစ်ပြီး ဆရာ၊ ကျောင်းသား အပြန် အလှန်ဆွေးနွေးခြင်း (Interactive Learning) အတွက် Zoom Cloud Meetings ကို လည်းကောင်း၊ သင်ခန်းစာများသင်ယူခြင်း၊ ဆွေးနွေးမေးမြန်းခြင်းနှင့် ကိုယ်တိုင်လေ့လာခြင်း တို့အတွက် Google Classroom ကို လည်းကောင်း အသုံးပြု  သွားမည်ဖြစ်သည်။

သင်တန်းသားများအတွက် Online မှ သင်တန်းတက်ရောက်ရာတွင် လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်အဆင့်ဆင့် (Trainers’ Manual နှင့် Solution Manual) ကို ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ Website (www.ucsb. gov.mm) တွင် လည်းကောင်း၊ Study Materials များဖြစ်သည့် Video File, Power Point File, PDF File နှင့် References and Resources တို့ကို ဗဟိုဝန်ထမ်းတက္ကသိုလ် နှစ်ခု၏ Google Classroom များ၌ လည်းကောင်း လွှင့်တင်ထားပြီး သင်တန်း ကာလအတွင်း သင်တန်းသားများအတွက် Mobile Data အသုံးပြု ရန် တစ်ရက် လျှင် ကျပ် ၂၀၀၀ စီကို ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ ထောက်ပံ့ပေးမည် ဖြစ်ကြောင်း၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့အနေဖြင့်လည်း အဆိုပါ သင်တန်း ပြီးမြောက်သည့်အခါတွင် သင်တန်း ကာလအတွင်း ရင်ဆိုင်ကြုံတွေ့ရသည့် အခက်အခဲများကို ပြန်လည်ဆန်းစစ်ကာ ကျန်ရှိသည့် သင်တန်းများ ကိုလည်း အလားတူ Online Learning System အသုံးပြု၍ စဉ်ဆက်မပြတ် ဆက်လက် ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ယခု အရာထမ်းငယ်အခြေခံ သင်တန်းများကို Online Learning System ဖြင့် ပြောင်းလဲပို့ချနိုင်သည့်အတွက် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် လတ်တလောဖြစ်ပွားလျက်ရှိသည့် အသက်ရှူ လမ်းကြောင်းဆိုင်ရာ ကပ်ရောဂါ Coronavirus Disease 2019 (COVID-19) ကူးစက်ပျံ့နှံ့မှု ဖြစ်စဉ်အား ရှောင်ရှား၍ သင်ယူနိုင်ပြီး ICT နည်းပညာများကို ပိုမိုအသုံးပြုနိုင်ခြင်းအကျိုးကျေးဇူးများ ရရှိနိုင် မည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်