Skip to main content

မြန်မာသံရုံး ငါးရုံးတွင် ကြိုတင်ဆန္ဒမဲ ဆက်လက်ပေးပြီး နီပေါနိုင်ငံနှင့် အစ္စရေးနိုင်ငံတို့တွင် ကြိုတင် ဆန္ဒမဲ စတင်ပေး

နေပြည်တော် အောက်တိုဘာ ၅

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက် ပွဲအတွက် ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့် ရှိသည့် နိုင်ငံပြင်ပသို့ ရောက်ရှိ နေသည့် မြန်မာနိုင်ငံသားများသည် ယနေ့တွင် မြန်မာသံရုံး ငါးရုံး၌ ဆက်လက်ဆန္ဒမဲ ပေးကြရာ မြန်မာသံရုံး ဘန်ကောက် မြို့၌ မဲဆန္ဒရှင် ၅၃၆ ဦး၊ မြန်မာသံရုံး ကိုင်ရိုမြို့၌ မဲဆန္ဒရှင် ၂၀၊ မြန်မာသံရုံး စင်ကာပူမြို့၌ မဲဆန္ဒရှင် ၁၇၀၀ ကျော်ခန့်၊ မြန်မာသံရုံး ဆိုးလ်မြို့၌ မဲဆန္ဒရှင် ၁၅၀ နှင့် မြန်မာသံရုံး တိုကျိုမြို့၌ မဲဆန္ဒရှင် ၄၀၂ ဦး လာရောက်ဆန္ဒမဲပေးခဲ့ကြကြောင်း သိရသည်။

ထို့ပြင် အိုင်ယာလန်နိုင်ငံ၊ ဒိန်းမတ် နိုင်ငံနှင့် ဆွီဒင်နိုင်ငံတို့တွင် ရောက်ရှိနေသော မြန်မာနိုင်ငံသားများ ကြိုတင် ဆန္ဒမဲပေးရန်အတွက် မြန်မာသံရုံး လန်ဒန်မြို့မှ အောက်တိုဘာ ၃ ရက်နှင့် ၄ ရက်တို့တွင် မဲရုံဖွင့်လှစ် ဆောင်ရွက် ခဲ့ရာ အိုင်ယာလန်နိုင်ငံမှ မဲဆန္ဒရှင် ၁၆ ဦး၊ ဒိန်းမတ်နိုင်ငံမှ မဲဆန္ဒရှင် ၁၈ ဦး၊ ဆွီဒင်နိုင်ငံမှ မဲဆန္ဒရှင် ၁၈ ဦး စုစုပေါင်း ၅၂ ဦး လာရောက်ဆန္ဒမဲပေး ခဲ့သည်။ ဗြိတိန်နိုင်ငံတွင် ရောက်ရှိနေ သော မြန်မာ နိုင်ငံသားများ ကြိုတင် ဆန္ဒမဲပေးနိုင်ရေးအတွက် မြန်မာသံရုံး၊ လန်ဒန်မြို့တွင် အောက်တိုဘာ ၉ ရက် မှ ၁၂ ရက်အထိ မဲရုံဖွင့်လှစ်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ယနေ့တွင် နီပေါနိုင်ငံ၌ ရောက်ရှိ နေသော မြန်မာနိုင်ငံသားများ ကြိုတင်ဆန္ဒမဲပေးရန်အတွက် မြန်မာသံရုံး ခတ္တမန္ဒူမြို့၌ မဲရုံ စတင်ဖွင့်လှစ်ခဲ့ရာ စုစုပေါင်း သုံးဦး လာရောက်ဆန္ဒမဲပေး ခဲ့သည်။

အလားတူ အစ္စရေးနိုင်ငံတွင် ရောက်ရှိနေသော မြန်မာနိုင်ငံသားများ ကြိုတင်ဆန္ဒမဲပေးနိုင်ရေးအတွက် မြန်မာ သံရုံး တဲလ်အဗီးမြို့ တွင် ပထမ နေ့အဖြစ် မဲရုံစတင်ဖွင့်လှစ်ခဲ့ပြီး ဆန္ဒမဲပေးသူ လေးဦး လာရောက် ဆန္ဒမဲပေး ခဲ့ကြောင်း သိရသည်။

ကြိုတင်ဆန္ဒမဲပေးရန် မြန်မာ သံရုံးများသို့ ရောက်ရှိလာသည့် နိုင်ငံ သားများအား ကိုဗစ်-၁၉ ရောဂါ တားဆီးကာကွယ်ရေးဆိုင်ရာ ချမှတ် ထားရှိသည့် ကျန်းမာရေးဆိုင်ရာ သတ်မှတ်ချက်များနှင့်အညီ သံရုံး အဝင်ဝတွင် ကိုယ်အပူချိန်တိုင်းခြင်း၊ လက်ဆေးခြင်း၊ Face Mask ဖြန့်ဝေ တပ်ဆင်စေခြင်းတို့ဖြင့် သက်ဆိုင် ရာ နိုင်ငံအလိုက် ကိုဗစ်-၁၉ တားဆီး ကာကွယ်ရေး အစီအမံများကို အလေး ထား လိုက်နာဆောင်ရွက် ကြကြောင်း သိရသည်။

သို့ပါ၍ ယနေ့တွင် မြန်မာသံရုံး ခုနစ်ရုံး၌ ကြိုတင်ဆန္ဒမဲပေးခဲ့ကြကြောင်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဘရူနိုင်းနိုင်ငံ၊ အိုင်ယာလန်နိုင်ငံ၊ ဒိန်းမတ်နိုင်ငံ၊ ဆွီဒင်နိုင်ငံနှင့် အက်စဝါတီနီနိုင်ငံတို့တွင် ရောက်ရှိနေသော မြန်မာနိုင်ငံသားများ ကြိုတင်ဆန္ဒမဲပေးမှုများ ပြီးဆုံး ခဲ့ကြောင်း သိရသည်။

သတင်းစဉ်