နေပြည်တော် အောက်တိုဘာ ၅
ဒီမိုကရေစီပါတီသစ် (ကချင်) ပါတီဥက္ကဋ္ဌ ဦးတိန့်ဆောင်က ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို အောက်တိုဘာ ၅ ရက် ညပိုင်းတွင် ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ်များမှ ဟောပြော တင်ပြ ခဲ့ပါသည်။
အဆိုပါ ဟောပြောတင်ပြချက်အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါသည် -
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြကုန်သော မိဘပြည်သူ အပေါင်းတို့ခင်ဗျား - စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနှင့် ပြည့်စုံပါစေကြောင်း ဦးစွာနှုတ်ခွန်းဆက်သ အပ်ပါသည်။
ကျွန်တော်ကတော့ ဒီမိုကရေစီပါတီသစ်(ကချင်) New Democracy Party (Kachin) NDP(K) ပါတီမှ ဥက္ကဋ္ဌ ဦးတိန့်ဆောင် ဖြစ်ပါသည်။ ကျွန်တော် တို့ပါတီဟာ ၂၀၁၉ခုနှစ်၊ သြဂုတ်လ (၂၉)ရက်နေ့မှာ မှတ်ပုံ တင် အမှတ်(၁၁၉) ဖြင့် ခွင့်ပြုမိန့်ရရှိထားသော ပါတီဖြစ်ပါသည်။
လေးစားအပ်ပါသော မိဘပြည်သူလူထုများခင်ဗျား-
ကျွန်ုပ်တို့၏ အမိနိုင်ငံတော်သည် လွတ်လပ်ပြီး နိုင်ငံတော်၏ လေထု၊ ရေထု၊ မြေထုတစ်ဝန်းလုံး အချုပ် အခြာ အာဏာပိုင်သော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖြစ်ပါသည်။ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ တော်တွင် မှီတင်းနေထိုင်ကြကုန်သော တိုင်းရင်းသားလူမျိုးနွယ် တစ်ရာကျော်ရှိရာ တိုင်းရင်းသား မျိုးနွယ် အားလုံးသည် နိုင်ငံတော်အာဏာ၏ မူလပိုင်ရှင် အစစ်အမှန် များပင် ဖြစ်ကြပါသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ကချင်ပြည်နယ် မြို့နယ် (၁၈) ခုတွင် ပါဝင်သော ဝိုင်းမော်မြို့နယ်၊ ချီဖွေ မြို့နယ်၊ ဆော့လော်မြို့နယ်နှင့် အင်ဂျန်းယန်မြို့နယ်များအတွင်းရှိ ဒေသခံတိုင်းရင်းသား မျိုးနွယ်စုများသည် အင်္ဂလိပ် နယ်ချဲ့ လက်အောက်မှ မြန်မာနိုင်ငံတော် လွတ်လပ်ရေးရရှိသည့် ၁၉၄၈ ခုနှစ်မှ ၁၉၆၀ ပြည့်နှစ်ကာလအထိ မိမိတို့ဌာနေဒေသ၊ မြို့၊ ရွာ၊ ကျေးလက်များတွင် အေးချမ်းသာယာစွာ လုပ်ကိုင် စားသောက် အသက်ရှင် နေထိုင်ခဲ့ကြပါသည်။
၁၉၆၀ ပြည့်နှစ် နောက်ပိုင်းကာလများတွင် ကချင်ပြည်နယ်တစ်ခုလုံး၌ နိုင်ငံတော်အစိုးရကို ဆန့်ကျင်တော် လှန်တိုက်ခိုက်သော လက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပေါ်လာခဲ့ပါသည်။ တိုင်းရင်းသား မျိုးနွယ်စုများ၊ ပြည်သူလူထု များသည် ကျေးလက်တောရွာများနှင့် မြို့များပါမကျန် စစ်ဘေးစစ်ဒဏ်သင့်ပြီး စစ်၏အနိဋ္ဌာရုံ ဆိုးကျိုးများ အလူးအလဲ ခံစားလာကြရပါသည်။
နောင် ကချင်အထူးဒေသ(၁)ဟု ခေါ်တွင်မည့်ဒေသရှိ အမြော်အမြင် ကြီးမားသော တိုင်းရင်းသား ခေါင်းဆောင် အချို့၏ ဦးဆောင်မှုဖြင့် ၁၉၉၀ ပြည့်နှစ်၊ ဇန်နဝါရီလ (၁၅) ရက်နေ့တွင် နိုင်ငံတော်အစိုးရ (တပ်မတော် အစိုးရ)နှင့် ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုနိုင်ခဲ့ကြပါသည်။ ထို့ကြောင့် နိုင်ငံတော်အစိုးရမှ ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ချီဖွေမြို့နယ်နှင့် ဆော့လော်မြို့နယ် (မြို့နယ်သုံးခု) နယ်မြေဒေသကို ကချင်အထူးဒေသ(၁) ငြိမ်းချမ်းရေးနယ်မြေ ဒေသအဖြစ် သတ်မှတ်ပေးခဲ့ပါသည်။ ယခုအခါ အင်ဂျန်းယန်မြို့နယ်ကိုလည်း ပါတီ၏စည်းရုံးရေးနယ်မြေအဖြစ် သတ်မှတ်ထားပါသည်။
ဒီမိုကရေစီပါတီသစ်(ကချင်) ပါတီသည် အထက်ဖော်ပြပါ နယ်မြေ တစ်ခုလုံးတွင် မှီတင်းနေထိုင်လျက်ရှိသော ဒေသခံတိုင်းရင်းသား ပြည်သူ လူထုကို အခြေခံ၍ ဖွဲ့စည်းထားခြင်းဖြစ်ပြီး တိုင်းရင်းသားပြည်သူများ၏ ဒေသနှင့် ဘ၀လုံခြုံရေး၊ စားဝတ်နေရေးနှင့် လူမှုရေးလိုအပ်ချက်များ ပြည့်စုံ စေရေး၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ ကျင့်စဉ်ပါ အခွင့်အရေးများ ရရှိခံစား နိုင်ရေးတို့အတွက် ပြည်သူလူထုနှင့်အတူ လက်တွဲပူးပေါင်း ဆောင်ရွက်သွားမည့် ဒေသအကျိုးပြုပါတီအဖြစ် လေးနက်သော သန္နိဋ္ဌာန်ပြု ဖွဲ့စည်းထားခြင်း ဖြစ်ပါသည်။
ပါတီ၏ မူဝါဒသဘောထားနှင့် လုပ်ငန်းစဉ်များကိုတင်ပြမည်-
လေးစားအပ်ပါသော မိဘပြည်သူလူထုများ ခင်ဗျား-
ပါတီ၏ ရည်မှန်းချက်-
(၁) ပြည်သူလူထုနှင့်လက်တွဲကာ စစ်မှန်သောငြိမ်းချမ်းရေးကို ထာဝစဉ် တည်ဆောက်သွားမည်။
(၂) လက်နက်ကိုင်ပဋိပက္ခ လုံးဝချုပ်ငြိမ်းသည့် လူ့အဖွဲ့အစည်းတစ်ရပ် ထာဝစဉ် တည်ရှိနိုင်ရန် ကြိုးပမ်း ဆောင်ရွက်မည်။
(၃) တိုင်းရင်းသား ပြည်သူလူထုအားလုံး၏ အခွင့်အရေးနှင့် လူမှုစီးပွားဘ၀ တစ်ပြေးညီတန်းတူ ရည်တူ ဖွံ့ဖြိုးတိုးတက်ရေးကို ကြိုးပမ်းဆောင်ရွက် မည်။
(၄) ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုဒီမိုကရေစီ နိုင်ငံတော် အဓွန့်ရှည် တည်တံ့ ခိုင်မြဲရေး အတွက် ကြိုးပမ်း ဆောင်ရွက်မည် တို့ဖြစ်ပါ သည်။
ပါတီ၏ ယုံကြည်ချက်အနေဖြင့် “ပြည်ထောင်စုမပြိုကွဲရေး ၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ် အခြာအာဏာတည်တံ့ခိုင်မြဲရေး” တည်းဟူသော အရေးသုံးပါးကို အမျိုးသားရေးတာဝန်အဖြစ် ယုံကြည် ခံယူ ပါသည်။ ကိုယ့်ဒေသ၊ ကိုယ့်လူမျိုးကို ကိုယ်တိုင်အုပ်ချုပ်သော ဖက်ဒရယ်စနစ် ကို ကျင့်သုံးပြီး နယ်မြေဒေသအလိုက် ဖွံ့ဖြိုးတိုးတက်လာအောင် စနစ်တကျ စီမံဆောင်ရွက်ခြင်းဖြင့် ဒို့တာဝန် အရေး သုံးပါးကို အောင်မြင်စွာ အကောင် အထည်ဖော်နိုင်မည်ဟု ယုံကြည်ပါသည်။
လေးစားအပ်ပါသော မိဘပြည်သူလူထုများ ခင်ဗျား-
ပါတီ၏ အခြေခံမူဝါဒကို တင်ပြမည်-
(၁) ပါတီ၏ စည်းရုံးရေးနယ်မြေအဖြစ် အခြေခံပြုသောနယ်မြေဟု သတ်မှတ် သော ဝိုင်းမော်မြို့နယ်၊ ချီဖွေမြို့နယ်၊ ဆော့လော်မြို့နယ်နှင့် အင်ဂျန်းယန် မြို့နယ်တို့တွင် မှီတင်းနေထိုင်လျက်ရှိသော ပြည်သူ လူထု ကို အခြေခံ၍ ဖွဲ့စည်းထားသော ဒေသအကျိုးပြုပါတီ ဖြစ်သည်။
(၂) ဒီမိုကရေစီကျင့်စဉ်ကို အခြေခံ၍ ဒေသအကျိုး၊ ပြည်သူလူထုအကျိုးနှင့် တိုင်းပြည်အကျိုးကို သယ်ပိုး ဆောင်ရွက်မည်။
(၃) ပြည်သူလူထုနှင့်လက်တွဲပြီး ငြိမ်းချမ်းရေးကို ထာဝစဉ်တည်ဆောက် မည်။
(၄) ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာ အာဏာ တည်တံ့ ခိုင်မြဲရေးကို အစဉ်ဦးထိပ်ထားမည်။
(၅) နိုင်ငံတော်၏ အချုပ်အခြာအာဏာပိုင်ဆိုင်မှုနှင့် ဒေသတည်ငြိမ်လုံခြုံမှုကို ထိပါးစေနိုင်သည့် အကြမ်းဖက်ဝါဒနှင့် ပုံစံအမျိုးမျိုးဖြင့်ဝင်ရောက်လာမည့် နယ်ချဲ့ဝါဒတို့ကို ဆန့်ကျင်တွန်းလှန်သွားမည်။
(၆) ပါတီသည် မည်သည့်အဖွဲ့အစည်း၊ မည်သည့်ပုဂ္ဂိုလ်၊ မည်သည့်ပါတီ၏ ဩဇာခံမျှမဖြစ်စေရ၊ လွတ်လပ်စွာ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးနိုင်သော နိုင်ငံရေးပါတီဖြစ်သည်။
ပါတီ၏ မူဝါဒ သဘောထား ၁၂ ချက် -
(က) နိုင်ငံရေး မူဝါဒသဘောထား
(ခ) စီးပွားရေး မူဝါဒသဘောထား
(ဂ) ပညာရေး မူဝါဒသဘောထား
(ဃ) ကျန်းမာရေး မူဝါဒသဘောထား
(င) တိုင်းရင်းသားလူမျိုးများအပေါ် ထားရှိသော မူဝါဒသဘောထား
(စ) တောင်သူလယ်သမားများနှင့် ပတ်သက်သော မူဝါဒသဘောထား
(ဆ) အလုပ်သမားများနှင့် ပတ်သက်သော မူဝါဒသဘောထား
(ဇ) လူငယ်များနှင့် ပတ်သက်သော မူဝါဒသဘောထား
(ဈ) အမျိုးသမီးများနှင့် ပတ်သက်သော မူဝါဒသဘောထား
(ည) နိုင်ငံ့ဝန်ထမ်းများနှင့် ပတ်သက်သော မူဝါဒသဘောထား
(ဋ) ဘာသာရေးဆိုင်ရာ မူဝါဒသဘောထား
(ဌ) ယဉ်ကျေးမှုဆိုင်ရာ မူဝါဒသဘောထား
ယခုတင်ပြခဲ့သည့် မူဝါဒသဘော ထားများသည် မိမိတို့ပါတီ၏ ဖွဲ့စည်းပုံ အခြေခံစည်းမျဉ်းစာအုပ်တွင် အသေး စိတ်ဖော်ပြထားပြီး ဖြစ်ပါသည်။
လေးစားအပ်ပါသော မိဘပြည်သူလူထု များ ခင်ဗျား-
ကျွန်တော်တို့ ပါတီသည် ဌာနေ ဒေသခံတိုင်းရင်းသားများ၊ လူမျိုး ဘာသာမရွေး အားလုံးပါဝင်ကြပြီး၊ စည်းလုံး ညီညွတ်စွာနဲ့ မိမိတို့ ဒေသ အကျိုးကို နိုင်ငံတော်အစိုးရနှင့် လက်တွဲ ၍ အရှိန်အဟုန်မြင့်စွာ ကျရာ အခန်း ကဏ္ဍမှ ပါဝင်ဆောင်ရွက် လျက်ရှိနေပြီး၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် မှ ကျင်းပမည့် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၈)ရက်နေ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ရာနှုန်းပြည ့်အောင်နိုင်ရေး အထူးစီမံဆောင်ရွက် ထားရှိပြီး ဖြစ်ပါသည်။
ကချင်ပြည်နယ်၊ ကချင်အထူးဒေသ (၁) ထာဝရငြိမ်းချမ်းရေး နယ်မြေဖြစ် တဲ့ ဝိုင်းမော်မြို့နယ်၊ ချီဖွေမြို့နယ်၊ ဆော့လော် မြို့နယ်၊ ပါတီ၏ စည်းရုံးရေး နယ်မြေအဖြစ် သတ်မှတ်ထားသော အင်ဂျန်းယန်မြို့နယ်အတွင်း မှီတင်း နေထိုင်ကြသော ဌာနေဒေသခံတိုင်းရင်းသား မဲဆန္ဒရှင်မိဘပြည်သူလူထုများ အနေဖြင့် မိမိတို့၏ တန်ဖိုးရှိ လှစွာသော မဲတစ်ပြားကို မိမိဌာနေဒေသ ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးကို စည်းလုံး ညီညွတ်ခြင်း အင်အားနဲ့ အရှိန်အဟုန်မြင့်စွာ တကယ် လက်တွေ့ဆောင်ရွက်လျက်ရှိနေသော သင်၏ဒေသအကျိုးပြုပါတီ ဒီမိုကရေစီ ပါတီသစ် (ကချင်) ပါတီကို မဲပေးကြပါစို့ဟု တိုက်တွန်းနှိုးဆော်ရင်း နိဂုံးချုပ်အပ်ပါသည်။
ပြည်ထောင်စုတိုင်းရင်းသား မိဘပြည်သူလူထုအပေါင်း၊ အန္တရာယ်ကင်း၊ ဘေးကင်းစွာ၊ စိတ်ချမ်းသာ ကိုယ်ချမ်းသာ၊ သာယာချမ်းမြေ့ပြည့်၀ပါစေကြောင်း၊ ဆုတောင်းမေတ္တာ ပို့အပ်ပါသည်ခင်ဗျား။
NDP(Kachin) ပါတီ
ဒါဒို့ပြည် ဒါဒို့မြေ ဒို့ဌာနေမြေ
ဒို့ပြည် ဒို့မြေ ဒို့ပါတီ
ဒီမိုကရေစီပါတီသစ်(ကချင်)ပါတီ
ထွန်းလင်းတောက်ပနေပြီနော်
ပြည်သူများရဲ့ ရင်မှာဖွား
ပြည်သူအများက ပိုင်ဆိုင်ထား
ထိန်းသိမ်းကြမယ် ဒို့ရိုးရာ
ဆောင်ရွက်ကြမယ် ဒို့ဌာနေ
ဖွံ့ဖြိုးစေရမည် ငြိမ်းချမ်းစေရမည်
(မိဘပြည်သူ မောင်မယ်များ
စည်းလုံးခြင်းသည် အင်အားဟေ့ဟေ့
(NDP Kachin ပါတီ)
ထွန်းလင်းတောက်ပနေပြီနော်)
တေးရေး - ဆောလန်ခေါတိန့်
တေးဆို - ဆောလန်ခေါတိန့်
- ဒေါ့ဂျော်ဇယ်လွမ်း
- ဂျီချန်းနာမ်
- လရှီးခေါန်ခေါန်