Skip to main content

မွန်ညီညွတ်ရေးပါတီက၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို ဟောပြောတင်ပြ

နေပြည်တော် အောက်တိုဘာ ၅

မွန်ညီညွတ်ရေးပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် နိုင်ကျော်ဝင်းက မွန်ဘာသာဖြင့် လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး တွဲဖက်အတွင်းရေးမှူး မိကျိုက်စောက မြန်မာဘာသာဖြင့်လည်းကောင်း ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို အောက်တိုဘာ ၅ ရက် ညပိုင်းတွင် ရေဒီယိုနှင့် ရုပ်မြင် သံကြား အစီအစဉ်များမှ ဟောပြောတင်ပြခဲ့ပါသည်။

မိကျိုက်စော၏ မြန်မာဘာသာဖြင့် ဟောပြောတင်ပြချက်အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -

လေးစားအပ်ပါသော မွန်တိုင်းရင်းသားများ၊ မွန်ပြည်နယ်နှင့် နိုင်ငံ တစ်ဝှမ်းလုံးရှိ မဲဆန္ဒရှင်ပြည်သူ အပေါင်းတို့ရှင် -

ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်ရှင်။ ကျွန်မကတော့ မွန်ညီညွတ်ရေးပါတီရဲ့ ရန်ကုန်တိုင်း ဒေသကြီး တွဲဖက်အတွင်းရေးမှူး မိကျိုက်စော ဖြစ်ပါတယ်။ ကျွန်မတို့ ပါတီ အနေနဲ့ လာမည့် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမှာ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးများရှိ မဲဆန္ဒနယ်မြေ (၆၅) နယ်မြေမှာ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။

မွန်တိုင်းရင်းသားများနှင့် မဲဆန္ဒရှင်ပြည်သူအပေါင်းတို့ရှင်-

ကျွန်မတို့ပါတီရဲ့ နိုင်ငံရေးမူဝါဒသဘောထားကတော့ -

(၁) တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပြည်တွင်းစစ်ရပ်စဲရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေးကို ဖော်ဆောင်ပြီး၊ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အာမခံသော၊ လူမျိုးကို အခြေခံဖွဲ့စည်းသည့် ဖက်ဒရယ် ပြည်ထောင်စု နိုင်ငံ တည်ထောင်ရန်။

(၂) ပါတီစုံဒီမိုကရေစီစနစ် အခြေတည်ခိုင်မာလာစေရေး ဦးစွာကြိုးပမ်း ဆောင်ရွက်ရန်နှင့် ထိုမှတစ်ဆင့် တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ ညီမျှခြင်း တည်းဟူသော လောကပါလတရားတို့နှင့် ပြည့်စုံသည့် ဒီမိုကရေစီ နိုင်ငံ တည်ဆောက်ရန်။

(၃) မွန်ဒေသတစ်ခုလုံး ဘက်စုံဖွံ့ဖြိုးတိုးတက်မှု တည်ဆောက်ရန်နှင့် နိုင်ငံတစ်ဝန်းလုံး ဘက်စုံ ဖွံ့ဖြိုး တိုးတက်ရေးတွင် ပါဝင်ဆောင်ရွက်ရန်။

(၄) တိုင်းရင်းသားလူမျိုးစုအားလုံး၏ အစုအဖွဲ့ဆိုင်ရာ ကိုယ်ပိုင်အမှတ် လက္ခဏာများကို အသိအမှတ်ပြု သည့်အပြင် ပြည်သူတစ်ဦးချင်းစီ၏ ဒီမိုကရေစီအခွင့်အရေးများ အပြည့်အဝခံစားခွင့်ရရှိသည့် လူ့အဖွဲ့အစည်း ကို တည်ဆောက်ရန်။

(၅) တိုင်းရင်းသားပြည်သူတစ်ရပ်လုံး လူ့အခွင့်အရေး အပြည့်အဝရရှိစေ ရန်နှင့် လွတ်လပ်သော လူမှုဘဝကို ရရှိခံစားနိုင်ကြစေရန်။

(၆) နိုင်ငံတစ်ဝန်းလုံးတွင် အဂတိလိုက်စားမှု ကင်းစင်ပပျောက်ပြီး တရား ဥပဒေစိုးမိုးရေး ပီပီပြင်ပြင် ဖြစ်ထွန်း ခိုင်မာလာစေရန်။

(၇) အာဏာရှင်စနစ်၊ မဟာလူမျိုးကြီးဝါဒနှင့် ကျဉ်းမြောင်းသည့်လူမျိုးရေးဝါဒ တို့ကို ဆန့်ကျင်သွားရန်တို့ ဖြစ်ပါတယ်။

လေးစားအပ်ပါသော မဲဆန္ဒရှင်ပြည်သူအပေါင်းတို့ရှင်-

အထက်ပါနိုင်ငံရေးမူဝါဒသဘောတရား (၇) ရပ်အပေါ် အခြေခံကာ ကဏ္ဍ အလိုက် လုပ်ငန်းစဉ်များကို ချမှတ်ပြီး အကောင်အထည်ဖော်ဆောင်သွားမည့် လုပ်ငန်းစဉ်များကတော့

(က) နိုင်ငံရေးကဏ္ဍ

(၁) ပြည်တွင်းစစ်ရပ်စဲရေး၊ ငြိမ်းချမ်းမှုတည်ဆောက်ရေးနှင့် အမျိုးသားပြန်လည်ရင်ကြားစေ့ရေးအတွက် နည်းလမ်းမျိုးစုံ အသုံးပြုပြီး တက်ကြွ စွာ ပါဝင်ဆောင်ရွက်မည်။

(၂) ပြည်ထောင်စုမြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းရေးနှင့် အခိုင်အမာ တည်ဆောက်ရေး ဖြစ်စဉ်တွင် လူမျိုးစုံတိုင်းရင်းသား ပြည်သူ များနှင့်အတူ အင်တိုက်အားတိုက် ပါဝင်ဆောင်ရွက်မည်။

(၃) လူမျိုးစုံပြည်သူများ၏ အကျိုးစီးပွားကို ရှေးရှုသည့် စနစ်တစ်ခုပေါ်ထွန်း အခြေခိုင်လာစေရန် ကြိုးပမ်းဆောင်ရွက်မည်။

(ခ) စီးပွားရေးကဏ္ဍ

(၁) ဈေးကွက်စီးပွားရေးစနစ် ပီပြင်စွာဖြစ်ပေါ်လာစေရန်နှင့် လက်ဝါးကြီးအုပ် လွှမ်းမိုးချုပ်ကိုင်မှု မဖြစ်ပေါ်လာစေရေး ကာကွယ် တားဆီး ဆောင်ရွက်မည်။

(၂) ပြည်တွင်းနှင့် နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံမှုနှင့် နည်းပညာအကူ အညီများ ရယူ၍ ဒေသတွင်း အလတ် စားနှင့် အသေးစား စီးပွားရေးလုပ်ငန်း များ အခြေခံ ခိုင်မာစွာဖြင့် ဖြစ်ထွန်းတိုးတက်လာစေရန် ကြိုးပမ်း ဆောင်ရွက်မည်။

(၃) ဒေသတွင်းစီးပွားရေး ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် အလုပ် အကိုင် အခွင့်အလမ်းများ တိုးမြှင့်ဖန်တီးနိုင်ရန် ဆောင်ရွက်မည်။

(၄) စိုက်ပျိုးရေးအပေါ် အခြေခံသည့် အရည်အသွေးမြှင့်ထုတ်ကုန် ထုတ်လုပ် တင်ပို့နိုင်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်မည်။

(၅) ဒေသအတွင်း နိုင်ငံရပ်ခြားရင်းနှီးမြှုပ်နှံမှု မြင့်မားလာစေရန်နှင့် အကြီးစား နိုင်ငံစုံစီးပွားရေးလုပ်ငန်းများ ပေါ်ထွန်းလာစေရေးအတွက် လုပ်ခွင့်သာသည့် စီးပွားရေးပတ်ဝန်းကျင် ဖန်တီးတည်ဆောက်သွားမည်။

(၆) မွန်ဒေသကို ပြည်တွင်းနှင့် နိုင်ငံတကာ ကုန်သွယ်မှုတွင် အချက်အချာ ကျသည့် ဒေသအဖြစ် ဖွံ့ဖြိုးတိုးတက်လာစေရန် ကြိုးပမ်းဆောင်ရွက်မည်။

(ဂ) ပညာရေးကဏ္ဍ

(၁) လူတိုင်း စာတတ်မြောက် ရေး စနစ်ကို အကောင်အထည် ဖော်မည်။

(၂) အခမဲ့ မသင်မနေရ အခြေခံ ပညာရေးစနစ်ကို အကောင် အထည် ဖော်မည်။

(၃) နိုင်ငံတော်၏ ကြီးကြပ်မှု အောက်တွင် စံချိန်စံညွှန်းနှင့် ပြည့်မီသော ပုဂ္ဂလိက ပညာရေး စနစ်ကို အားပေးမည်။

(၄) အဆင့်မြင့်ပညာရေးနှင့် အသက်မွေးဝမ်းကျောင်းပညာရေးတို့ကို နိုင်ငံတကာနှင့် ရင်ပေါင်တန်း နိုင်အောင် ဆောင်ရွက်မည်။

(၅) မိခင်ဘာသာစကား အခြေပြု ဘာသာစုံ ပညာရေးစနစ်ကို အကောင်အထည်ဖော်နေသည့် တစ်ပြိုင်နက် တည်း အဆုံးတွင် နိုင်ငံတော်၏ ပင်မပညာသင်ကြားရေးစနစ်နှင့် ပေါင်းစည်းသွားနိုင်ရန် ဆောင်ရွက်မည်။

(၆) သက်ဆိုင်ရာတိုင်းရင်းသားဒေသအတွင်းရှိ ကျောင်းများတွင် သက်ဆိုင်ရာ တိုင်းရင်းသားတို့၏ စာပေကို ဘာသာရပ်တစ်ခုအနေဖြင့် သင်ကြားသွားမည်...တို့ဖြစ်ပြီး၊ အခြားကဏ္ဍများဖြစ်တဲ့ လယ်ယာကဏ္ဍ၊ အလုပ် သမားကဏ္ဍ၊ ယဉ်ကျေးမှုကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ လူငယ်ကဏ္ဍ၊ အမျိုးသမီးကဏ္ဍ၊ နိုင်ငံခြားရေးကဏ္ဍနဲ့ မဟာမိတ်ကဏ္ဍများကို ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

လေးစားအပ်ပါသော မဲဆန္ဒရှင်ပြည်သူအပေါင်းတို့ရှင်-

ကျွန်မတို့ မွန်ညီညွတ်ရေးပါတီဟာ မွန်ဒေသအတွင်းရှိ မွန်တိုင်းရင်းသား များအတွက်သာမက ဒေသနှင့် ပြည်နယ် အတွင်းရှိ အခြားသောတိုင်းရင်းသား များ၏ ရပိုင်ခွင့်များ၊ အခွင့်အရေးများကို လေးစားအသိ အမှတ်ပြုပြီး အထက်ပါ နိုင်ငံရေးမူဝါဒနှင့် လုပ်ငန်းစဉ်များအတိုင်း ဆောင်ရွက်သွားမှာဖြစ်တဲ့အတွက် မွန်ညီညွတ်ရေးပါတီကို မဲပေးကြပါစို့လို့ တိုက်တွန်းရင်း နိဂုံးချုပ်အပ်ပါ တယ်ရှင်။

မဲဆန္ဒရှင်ပြည်သူအပေါင်း ဘေးဘယာ ဝေးကွာနိုင်ကြပါစေ....

- ဖက်ဒရယ်ပြည်ထောင်စုသို့ ချီတက်ကြစို့

သီချင်းစာသား (မွန်/မြန်မာ)

သီချင်းခေါင်းစဉ် ရာမညသားအားလုံးရဲ့ပါတီ

(Pre မွန်ဒေသရဲ့ အသည်းဟာ အမ်ယူပီ

မွန်ဒေသရဲ့ အချစ်ဟာ မွန်ပါတီ

Cho မဲပေးမည် မဲပေးမည် ဖက်ဒရယ်အတွက်ချီ

မဲပေးမည် မဲပေးမည် ပြည်သူအတွက်ရည်

အားလုံးအတွက် အားလုံးအတွက် မွန်ညီညွတ်ရေးပါတီ။)