နေပြည်တော် ဖေဖော်ဝါရီ ၂၂
ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ကြော်ငြာစာအမှတ် ၃/၂၀၂၄ ပါဝန်ကြီးဌာနနှင့် အဖွဲ့အစည်း ၁၉ ခုရှိ ပြန်တမ်းဝင်အရာရှိအဆင့် စတင်ခန့်လစ်လပ်ရာထူးနေရာ ၉၈၀ ရွေးချယ်ပေးရန် ရေးဖြေစာမေးပွဲကို နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ မကွေးနှင့်မော်လမြိုင်မြို့များရှိ စာစစ်ဌာနငါးခု၌ ဖေဖော်ဝါရီ ၂၂ ရက်နှင့် ၂၃ ရက်တို့တွင် တစ်ပြိုင်တည်းကျင်းပလျက်ရှိသည်။
အဆိုပါ ရေးဖြေစာမေးပွဲကျင်းပနေမှုများကို ယနေ့တွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့အဖွဲ့ဝင် ဦးဆန်းမြင့်နှင့် ဒေါ်ခင်မျိုးမြင့်တို့သည် မန္တလေးတိုင်းဒေသကြီး မန္တလေးမြို့ အမှတ်(၁၄) အခြေခံပညာအထက်တန်းကျောင်းရှိ မန္တလေးစာစစ်ဌာနသို့လည်းကောင်း၊ အဖွဲ့ဝင် ဦးရဲနိုင်သည် ရန်ကုန်တိုင်းဒေသကြီး လသာမြို့နယ် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းရှိ ရန်ကုန်စာစစ်ဌာနသို့လည်းကောင်း၊ အဖွဲ့ဝင် သူရဦးဘိုနီသည် မကွေးတိုင်းဒေသကြီး မကွေးမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ မကွေးစာစစ်ဌာနသို့လည်းကောင်း၊ အဖွဲ့ဝင် ဦးကျော်မျိုးထွဋ်သည် နေပြည်တော် အမှတ်(၃)နှင့် အမှတ်(၁၁) အခြေခံပညာအထက်တန်းကျောင်းများရှိ နေပြည်တော်စာစစ်ဌာနသို့လည်းကောင်း၊ အမြဲတမ်းအတွင်းဝန် ဦးအောင်တင်စိုးသည် မွန်ပြည်နယ် မော်လမြိုင်မြို့ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းရှိ မွန်ပြည်နယ် စာစစ်ဌာနသို့လည်းကောင်း သွားရောက်၍ စာမေးပွဲဖြေဆိုနေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးကြသည်။
ပြည်ထောင်စုရာထူးဝန်အဖွဲ့အနေဖြင့် ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းအသီးသီးအတွက် လိုအပ်သည့် အရည်အသွေးပြည့်ဝသော ပြန်တမ်းဝင်အဆင့် စတင်ခန့်အရာထမ်းရာထူးများကို စနစ်တကျရွေးချယ်ပေးလျက်ရှိပြီး မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ ဘွဲ့ရပညာတတ်လူငယ်များ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေရေး၊ အရည်အချင်းကိုအခြေခံ၍ လူမှန်၊ နေရာမှန် ခန့်အပ်နိုင်ရေးအတွက် ရွေးချယ်ရေးလုပ်ငန်းစဉ်များကို အဆင့်မြှင့်တင်ဆောင်ရွက်လျက်ရှိရာ ယခုကျင်းပသောရေးဖြေစာမေးပွဲသို့ နိုင်ငံတစ်ဝန်းမှလာရောက် ဖြေဆိုကြသူ စုစုပေါင်း ၂၁၀၆ ဦးရှိကြောင်း သိရသည်။
သတင်းစဉ်