နေပြည်တော် အောက်တိုဘာ ၅
Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသား အဆင့် ဗဟိုကော် မတီထံသို့ အလှူငွေများပေးအပ် လှူဒါန်းပွဲကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ကျန်းမာ ရေးနှင့် အားကစား ဝန်ကြီးဌာနကျင်းပသည်။
ရှေးဦးစွာ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၏ ဇနီး ဒေါ်လွင်လွင်မှန်က ယခုကဲ့သို့ မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အရင်းအမြစ်များစွာ အသုံးပြုဆောင်ရွက်ရသည် ဖြစ်ရာ မိမိအနေဖြင့် ဘယ်လ်ဂျီယံနိုင်ငံ မြို့တော် ဘရပ်ဆဲလ်ရှိ သံအမတ်ကြီးများ၊ သံရုံးအကြီး အကဲများ၏ ဇနီးများမှ စုပေါင်းဖွဲ့စည်းထားသော Asia Pacific Women's association (APWA), Brussels အဖွဲ့၏ လှူဒါန်းငွေများကို လာရောက် လှူဒါန်း ခြင်းဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို ရှေ့တန်းမှ ကြိုးပမ်း ထမ်းဆောင် နေကြသည့် ကျန်းမာရေး ဝန်ထမ်းများအား ကျေးဇူးတင်ရှိပြီး ကျန်းမာဘေးကင်းကြပါစေရန် ဆုမွန်ကောင်းတောင်းအပ်ပါကြောင်း ပြောကြား သည်။
ယင်းနောက် မြန်မာနိုင်ငံလုံးဆိုင်ရာ ဂေါ်ရခါးအဖွဲ့ချုပ်နှင့် ဂေါ်ရခါးဟိန္ဒူဓမ္မအဖွဲ့ချုပ်မှ ကိုယ်စားလှယ် တစ်ဦးက မြန်မာနိုင်ငံလုံးဆိုင်ရာ ဂေါ်ရခါးအဖွဲ့ချုပ်နှင့် ဂေါ်ရခါးဟိန္ဒူဓမ္မအဖွဲ့ချုပ် အနေဖြင့် ယခုကဲ့သို့ ဗဟိုကော်မတီသို့ လှူဒါန်းခြင်းမှာ ဒုတိယအကြိမ်မြောက်ဖြစ်ပါကြောင်း၊ မိမိတို့ အနေဖြင့် နိုင်ငံတစ်ဝန်းရှိ မြို့နယ်များတွင်လည်း ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများ အတွက် လှူဒါန်းမှုများ ပြုလုပ်လျက်ရှိပါကြောင်းပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက ဒေါက်တာမြင့်ထွေးက ယခုကဲ့သို့ လှူဒါန်းမှုများသည် ကိုဗစ်-၁၉ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများအတွက် များစွာ အကျိုးရှိမည်ဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ကူးစက်မှု များသည် ယခုဒုတိယလှိုင်းနောက်တွင်လည်း ကူးစက်မှုလှိုင်းများ ရှိလာနိုင် ကြောင်း၊ ပြည်သူများ အနေဖြင့် ရောဂါကာကွယ်ရေးဆိုင်ရာ ဆောင်ရန်၊ ရှောင်ရန်အချက်များအား အလေးအနက်ထားကာ ဆက်လက် လိုက်နာ ဆောင်ရွက်ရန် အထူးလိုအပ်ပါကြောင်း၊ ကိုဗစ်-၁၉ အတွက် ထိရောက် အစွမ်း ထက်သော ကာကွယ်ဆေးများ ပေါ်ထွက်လာပြီး ပြည်သူများအစု ထိုးနှံပြီး မှသာ ကိုဗစ်-၁၉ ကူးစက်မှုလှိုင်း များ ထပ်မံမဖြစ်ပွားတော့မည် ဖြစ်ပါကြောင်း၊ ယခုလက်ရှိ အချိန်၌ ကိုဗစ်-၁၉ ကပ်ရောဂါကို အကောင်းဆုံး ကာကွယ်၊ ထိန်းချုပ်နိုင်သည့် နည်းလမ်းမှာ အတတ်နိုင်ဆုံး နေအိမ်တွင်သာနေထိုင်ခြင်းနှင့် မဖြစ်မနေ အိမ်ပြင်ပသို့ သွားရပါက ပါးစပ်နှင့် နှာခေါင်းစည်း (mask) ကို မဖြစ်မနေတပ်ဆင်ခြင်းဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါပိုးရှိနေပြီး ရောဂါလက္ခဏာမရှိသူ များထံမှ အခြားသူများထံသို့ ရောဂါကူးစက်ခံ ရနိုင်သဖြင့် ပြည်သူများ အထူးသဖြင့် သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ ကျောက်ကပ်ရောဂါစသည့် နာတာရှည်ရောဂါရှိ သူများအနေဖြင့် နေအိမ်တွင်သာ နေထိုင်ပြီး အခြားအတူနေသူများနှင့် ခပ်ခွာခွာနေထိုင်ခြင်းနှင့် သီးခြား အိပ်စက်ခြင်း တို့ပြုလုပ်ကြ ရမည်ဖြစ်ပါကြောင်း၊ ယနေ့ လှူဒါန်းပွဲသို့ တက်ရောက်လာကြသူများအနေဖြင့် အဆိုပါ အချက်များ အား စကားလက်ဆင့်ပွားခြင်းနှင့် ဝေမျှခြင်းများ ပြုလုပ်ပေးကြစေလိုပါကြောင်း ပြောကြား သည်။
ယနေ့ လှူဒါန်းမှု အခမ်းအနားတွင် Asia Pacific Women's association (APWA), Brussels က ယူရိုငွေ (၂,၃၅၇)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ဂေါ်ရခါးအဖွဲ့ချုပ်နှင့် ဂေါ်ရခါးဟိန္ဒူဓမ္မအဖွဲ့ချုပ်က ငွေကျပ်သိန်း (၅၀၀)၊ ဦးသစ်လွင်လေး+ ဒေါ်ခင်သက်ဦး၊ အေလာမြို့က ငွေကျပ်သိန်း(၂၀)နှင့် CSA -2 (အထက်မြန်မာပြည်) ကျောင်းသား/သူများက ငွေကျပ်(၁၀)သိန်းတို့ကို ပေးအပ်လှူဒါန်းကြရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးနှင့် ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်တို့က လက်ခံရယူ ပြီး ဂုဏ်ပြုမှတ်တမ်း လွှာများ ပြန်လည် ပေးအပ်ခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)