Skip to main content

လူမှုသဟဇာတဆိုင်ရာ မူဘောင်တစ်ရပ် ပေါ်ပေါက်လာရေး အကြိုညှိနှိုင်းဆွေးနွေး

 

နေပြည်တော် အောက်တိုဘာ ၅

လူမှုသဟဇာတဆိုင်ရာ လုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ရန် လူမှုသဟဇာတဆိုင်ရာ မူဘောင်တစ်ရပ် ပေါ်ပေါက်လာရေးဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက လူမှုဝန်ထမ်း၊ကယ်ဆည်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးနှင့် ဝန်ကြီးဌာန တာဝန်ရှိသူများ၊ Paung Sie Facility နှင့် ဩစတြေးလျနိုင်ငံ Football United အဖွဲ့တို့ အွန်လိုင်းစနစ်ဖြင့် ကျင်းပပြုလုပ်သည်။

ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံအနေဖြင့် တရားဥပဒေ စိုးမိုးရေးနှင့် လူမှုစီးပွား ဖွံ့ဖြိုး တိုးတက်ရေး၊ အမျိုးသားရင်ကြားစေ့ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး ဦးတည်ချက်များဖြင့် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက် ရေးကိုဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံအတွင်း ရေရှည်ပဋိပက္ခကင်းဝေးရေး ဆောင်ရွက်ရာ တွင် လူမှုသဟဇာတ ဖြစ်ရေးလုပ်ငန်းစဉ်သည် အရေးကြီးကြောင်း၊  လူမှုသဟဇာတဖြစ်ရေးနှင့် ပတ်သက်၍ ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ ဒေသခံများနှင့် ညှိနှိုင်းဆွေးနွေးခြင်များ၊ တွေ့ဆုံပွဲများ၊ အလုပ်ရုံဆွေးနွေးပွဲ များကိုလည်း အခါအားလျော်စွာ ဆောင်ရွက် လျက်ရှိကြောင်း၊  လူမှုသဟဇာတဖြစ်ရေးကိုဆောင်ရွက်ရာတွင် မိမိတို့ဝန်ကြီးဌာန တစ်ခု တည်းဖြင့် ဆောင်ရွက်၍ မရကြောင်း၊ အစိုးရဌာနများ၊ အစုအဖွဲ့များနှင့်  လူမှုအဖွဲ့အစည်းများအကြား ပူးပေါင်း ဆောင် ရွက်ခြင်းနှင့် မတူညီသော လူမှုအသိုက်အဝန်းများအကြား အပြန်အလှန်ညှိနှိုင်း ဆက်သွယ် ဆောင် ရွက်ခြင်း၊ ယုံကြည်မှုတည်ဆောက်ခြင်း စသည့် လုပ်ငန်းစဉ်များကို အလေးထားဆောင် ရွက်ရမည် ဖြစ်ကြောင်း၊ ဤလုပ်ငန်းသည် ရေရှည်လုပ်ငန်း စဉ်ဖြစ်၍ မူဘောင်တစ်ရပ်ရေးဆွဲပြီး စနစ်တကျ ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ အစိုးရက ဆောင်ရွက်မည့် လုပ်ငန်းစဉ်များတွင် Paung Sie Facility နှင့် ဩစတြေးလျနိုင်ငံ Football United အဖွဲ့တို့က ပါဝင်ပူးပေါင်းဆောင်ရွက် မည်ဖြစ်သည့်အတွက် ကြိုဆိုပါ ကြောင်း ပြောကြားသည်။

ထို့နောက် Paung Sie Facility နှင့် ဩစတြေးလျနိုင်ငံ Football United အဖွဲ့တို့က ပူးပေါင်း ပါဝင်ဆောင်ရွက်နိုင်မည့် အခြေအနေများကို ရှင်းလင်းဆွေးနွေးကြရာ ဒုတိယဝန်ကြီး၊ အမြဲတမ်း အတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များက လိုအပ်သည့် အကြိုညှိနှိုင်းဆွေးနွေးရန် လိုအပ်သည့်ကိစ္စရပ်များ၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ဆိုင်ရာ လမ်းညွှန်ချက်များ နှင့်အညီဆောင်ရွက်ကြရမည့် အခြေအ နေများကို ပြန်လည်ညှိနှိုင်း ဆွေးနွေးခဲ့ကြောင်းသိရ သည်။

(သတင်းစဉ်)