Skip to main content

ပြည်တွင်းစားသောက်ကုန်ကဏ္ဍဖွံ့ဖြိုးရေး နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းဆောင်ရွက်

“လူသားတိုင်း အသက်ရှင်ရပ်တည်မှုအတွက် စားရေး၊ ဝတ်ရေး၊ နေရေးတို့သည် အဓိကအရေးကြီးသည့် အရာများဖြစ်ကြောင်း၊ ယင်းသုံးခုအတွင်းတွင် စားသောက်ရေးသည် အခြေခံကျပြီး နေ့စဉ်ကြုံတွေ့နေရမည့် မရှိမဖြစ်သည့်အရာဖြစ်ကြောင်း၊ အဆိုပါစားရေးကို အဆင်ပြေစေရန်အတွက် လိုအပ်သည့်စားသောက်ကုန်များသည် ဈေးနှုန်းသက်သာပြီး အရည်အသွေးကောင်းကောင်းဖြင့် ဖြန့်ဖြူးပေးနိုင်မှသာပြည်သူများအတွက် အစားအစာဖူလုံမည်ဖြစ်သကဲ့သို့ ပြည်ပပို့ကုန်အဖြစ်လည်း အဆင့်မီမီ တင်ပို့ရောင်းချနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် ပြည်တွင်းစားသောက် ကုန်ထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဖေဖော်ဝါရီလ ၁၉ ရက် နေ့ကပြုလုပ်သည့် မြန်မာ့စားသောက်ကုန်လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဖိုရမ်ဖွင့်ပွဲတွင် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ စားသောက်ကုန်လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျပြီး သေချာသည့်ကုန်ကြမ်းများသည် ပြည်တွင်း၌ပင် အလုံအလောက်ထွက်ရှိသည်။ မြန်မာနိုင်ငံ၌ မှတ်ပုံတင်ထားသည့် ပုဂ္ဂလိကစက်မှုလုပ်ငန်းများတွင် စားသောက်ကုန် ထုတ်လုပ်သည့်လုပ်ငန်းအရေအတွက်သည် စုစုပေါင်း ၂၃၈၈၇ ခုရှိပြီး ကုန်ထုတ်လုပ်မှုကဏ္ဍစုစုပေါင်း၏ ၄၉ ဒသမ ၆၃ ရာခိုင်နှုန်းရှိသဖြင့် အများဆုံးဖြစ်သည်။ စက်မှုဇုန်များတွင် မှတ်ပုံတင်ထားသည့် ပုဂ္ဂလိကစက်မှုလုပ်ငန်းများတွင် စားသောက်ကုန်ထုတ်လုပ်သည့်လုပ်ငန်းပေါင်း ၂၀၀၄ ခုဖြင့် အများဆုံးဖြစ်ပြီး ပြည်တွင်း အသေးစား၊ အငယ်စားနှင့် အလတ်စား MSME မှတ်ပုံတင်စာရင်းတွင် စားသောက်ကုန်လုပ်ငန်းသည် ၉၉၈၄ ခုဖြင့် အများဆုံးရပ်တည်နေသည်ကိုတွေ့ရသည်။

ပုဂ္ဂလိကစက်မှုကုန်ထုတ်လုပ်ငန်းများနှင့် စီးပွားရေးလုပ်ငန်းများတွင် အရေအတွက်များပြားပြီး အရေးပါသည့်စားသောက်ကုန်လုပ်ငန်းများအား သာမန်သဘောမထားဘဲ အလေးထားလုပ်ကိုင်ဆောင်ရွက်နိုင်ရန်လိုအပ်ကြောင်း တွေ့မြင်နေရပြီဖြစ်သည်။ ထို့ကြောင့် ပြည်တွင်းစားသုံးမှုဖူလုံရေးနှင့် ပြည်ပပို့ကုန်မြှင့်တင်နိုင်ရေး ဆောင်ရွက်နေကြသည့် စားသောက်ကုန်လုပ်ငန်းများ၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေးနှင့် အားပေးမြှင့်တင်နိုင်ရန် ယခုကဲ့သို့ ဖိုရမ်များကျင်းပ၍ ဆောင်ရွက်ကြရမည်ဖြစ်သည်။ ပြည်တွင်းစားသောက်ကုန်ပစ္စည်းများကို ရောင်းဝယ်ဖောက်ကားကြရာတွင် လက်ရှိတွင် ပြည်ပသွင်းကုန်စားသောက်ကုန်များကို ဦးစားပေးနေသည့်အပေါ်တွင် ပြည်တွင်းစားသောက်ကုန်ပစ္စည်းများ၏ အားသာချက်၊ အားနည်းချက်၊ စိန်ခေါ်မှုနှင့် အခွင့်အလမ်းများကို ပေါင်းစပ်ညှိနှိုင်းဆွေးနွေးဖလှယ်ကြရမည်ဖြစ်သည်။

အစိုးရနှင့်ပုဂ္ဂလိကအကြား နီးနီးကပ်ကပ်ပူးပေါင်းပြီး လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်မှသာ ကုန်ထုတ်လုပ်မှုအဆင့်အတန်းမြင့်မားရေးနှင့် ကုန်စည်စီးဆင်းမှု တိုးတက်အားကောင်းလာမည်ဖြစ်သည်။ အဓိကခံယူထားကြရမည့်အချက်မှာ မိမိအကျိုး၊ နိုင်ငံအကျိုးအတွက် လုပ်ဆောင်နေကြသည်ဆိုသည့်အသိဖြင့် လုပ်ငန်းများ သွက်လက်မြန်ဆန်လာအောင်၊ တိုးတက်မြင့်မားလာအောင် ဝိုင်းဝန်းပူးပေါင်း လက်တွဲလုပ်ဆောင်ကြရမည်ဖြစ်သည်။ ဒေသအလိုက်ထွက်ရှိသည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးထုတ်ကုန်များသည် သေချာသည့်ပြည်တွင်းကုန်ကြမ်းများဖြစ်၍ ယင်းတို့ကို ပြည်ပသွင်းကုန်အစားထိုးရန်နှင့် ပြည်ပပို့ကုန်မြှင့်တင်ဆောင်ရွက်နိုင်ရန် တစ်ဆင့်ပြီးတစ်ဆင့် အကောင်အထည်ဖော်သွားကြရမည်ဖြစ်သည်။ ပြီးခဲ့သည့်ကာလကပြုလုပ်ခဲ့သည့် ဒေသအလိုက် ထုတ်ကုန်ပစ္စည်းပြပွဲ၊ ပြိုင်ပွဲမှ အကျိုးရလဒ်များရရှိပြီးဖြစ်သည်။

ယခုကျင်းပပြုလုပ်သည့် မြန်မာ့စားသောက်ကုန်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဖိုရမ် (၂၀၂၅) ကို စားသောက်ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပိုမိုကောင်းမွန်သည့် စီးပွားရေးဝန်းကျင်တစ်ရပ် ဖြစ်ထွန်းလာစေရေး၊ စားသောက်ကုန်ထုတ်လုပ်ငန်း ကွင်းဆက်တစ်လျှောက် အရည်အသွေးပြည့်မီပြီး ဘေးအန္တရာယ်ကင်းရှင်းသည့် စားသောက်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေး၊ ပြည်တွင်းစားသုံးမှုဖူလုံစေပြီး သွင်းကုန်အစားထိုးထုတ်လုပ်ကာ ပြည်ပဈေးကွက်သို့ ထိုးဖောက်တင်ပို့နိုင်ရေး၊ စားသောက်ကုန်လုပ်ငန်းများ စဉ်ဆက်မပြတ်ဖွံ့ဖြိုးရန်အတွက် အစီအမံသစ်များ ဖော်ဆောင်ပေးရေးနှင့် စားသောက်ကုန်ထုတ်လုပ်ငန်းနှင့်ပတ်သက်သည့် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများ၊ ညွှန်ကြားချက်များတွင် ရှင်းလင်းလွယ်ကူစေရေးနှင့် နည်းစနစ်များ၊ စံချိန်စံညွှန်းများနှင့် သတင်းအချက်အလက်များ ကျယ်ကျယ်ပြန့်ပြန့်ဖြန့်ဝေနိုင်ရေး ရည်ရွယ်ချက်များဖြင့် ကျင်းပပြုလုပ်နေခြင်းဖြစ်သည်။

သို့ဖြစ်ရာ နိုင်ငံတစ်နိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ပြည်တွင်းအသားတင် ကုန်ထုတ်လုပ်မှု GDP ဖြင့် တိုင်းတာကြရာတွင် နိုင်ငံ၏လယ်ယာကဏ္ဍ၊ စက်မှုကဏ္ဍနှင့် ဝန်ဆောင်မှုကဏ္ဍဟူသည့် ကဏ္ဍကြီးသုံးခုကိုအခြေခံပြီး တွက်ချက်ကြရာ စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် စက်မှုနိုင်ငံအဖြစ်သို့ထူထောင်ရာ၌ အခြေခံကျပြီး နေ့စဉ်မရှိမဖြစ်လိုအပ်သည့် စားသောက်ကုန်ထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ယခုကဲ့သို့ဖိုရမ်များကျင်းပပြီး နည်းလမ်းမျိုးစုံဖြင့် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။   ။