Skip to main content

၂၀၂၀ပြည့်နှစ်၊ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အခမ်းအနားကျင်းပ

 

နေပြည်တော် အောက်တိုဘာ ၅

၂၀၂၀ ပြည့်နှစ်၊ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန၌ Video Conferencing စနစ်ဖြင့် ကျင်းပ သည်။

အခမ်းအနားတွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး က ယနေ့ အောက်တို ဘာလ ၅ ရက်နေ့သည် ကမ္ဘာတစ်ဝန်းလုံးတွင် ဆရာများကို လှိုက်လှိုက် လှဲလှဲ ဂုဏ်ပြုသည့်ကမ္ဘာ့ ဆရာများ နေ့ဖြစ်ပါကြောင်း၊ သင်ဆရာ မြင်ဆရာ ကြားဆရာများ အားလုံး တို့အား ရိုသေစွာဂါရဝပြုအပ်ပါကြောင်း၊ ကမ္ဘာ့နိုင်ငံအသီးသီး၏ ဖွံ့ဖြိုးတိုးတက်မှု သည် ပညာရေးဖွံ့ဖြိုးမှုအပေါ် တည်မှီလျက်ရှိပါကြောင်း၊ နိုင်ငံ တစ်နိုင်ငံ ဖွံ့ဖြိုး တိုးတက် ရေးအတွက် ပညာရေးကဏ္ဍ အရည်အသွေးမြင့်မားလာအောင်၊ လူ့စွမ်းအား ဖွံ့ဖြိုး တိုးတက် လာအောင် အဓိက စွမ်းဆောင်ပေးနိုင်သည့် ပုဂ္ဂိုလ်များသည် ကျွမ်းကျင်မှု၊ အသိပညာ၊ အတတ် ပညာ, IQ, EQ များအတွက် မည်သို့ တစ်သက်တာ သင်ယူရမည်ဆိုသည်ကို ဖြန့်ဝေ ပေးနေကြသည့် မြတ်ဆရာ များပင်ဖြစ်ပါကြောင်း၊ ဆရာများသည် နိုင်ငံတစ်နိုင်ငံအတွက် အရည်အသွေး ပြည့်ဝသည့် လူငယ်များ ကို မွေးထုတ်ပေးရုံသာမက ကမ္ဘာတစ်ဝန်းမှာ ပင်ဖြစ်ဖြစ်၊ နိုင်ငံတစ်နိုင်ငံမှာပင်ဖြစ်ဖြစ် အခက်အခဲ အကြပ်အတည်းများ၊ ကပ်ဘေး ဒုက္ခ များနှင့် ကြုံတွေ့ ရသည့်အခါတွင်လည်း အသိပညာဖြန့်ဝေ ပူးပေါင်း ဆောင်ရွက်ပြီး ယင်း အခက်အခဲများ၊ ဘေးဒုက္ခများကို ရင်ဆိုင်ကျော်လွှားနိုင်ရန် ဦးဆောင်မှုပေးကြ သူများလည်း ဖြစ်ပါကြောင်း၊ တစ်နည်းအားဖြင့် ဆရာများသည် နိုင်ငံတစ်နိုင်ငံ၏ အနာဂတ်ကို ပုံဖော်ပေး နေကြသူများပင် ဖြစ်ပါကြောင်း။ ထို့ကြောင့် ကမ္ဘာ့နိုင်ငံအသီးသီးက ဆရာများကို ဂုဏ်ပြု သည့် အနေဖြင့် ကမ္ဘာတစ်ဝန်းတွင် အောက်တိုဘာလ ၅ ရက်နေ့ကို ကမ္ဘာ့ဆရာများ နေ့အဖြစ် သတ်မှတ် ကျင်းပခဲ့ခြင်း ဖြစ်ပါကြောင်း။

ယနေ့ကမ္ဘာကြီးတွင် စီးပွားရေးအားပြိုင်မှုများ၊ တစ်ဟုန်ထိုး တိုးတက်ပြောင်းလဲ လာသည့် နည်းပညာများ၊ ရာသီဥတုပြောင်းလဲမှုများ၊ မသေချာမရေရာမှုများနှင့် သဘာဝဘေး အန္တရာယ်များစသည့်စိန်ခေါ်မှုကို ကမ္ဘာ့ နိုင်ငံ အသီးသီးတွင် ရင်ဆိုင်ကြုံတွေ့နေရပါကြောင်း၊ ပို၍ဆိုးရွားသော စိန်ခေါ်မှုကြီးသည်  စီးပွားရေးနှင့် လူ့အဖွဲ့ အစည်းများ အပေါ် ကြီးမားသည့် ဖိစီးမှုများ ကျရောက်စေသည့် ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါဘေး အကျပ် အတည်းကြီး ဖြစ်ပါကြောင်း၊ ၂ဝ၁၉ ခုနှစ် ကုန်ပိုင်းလောက်က စတင်ခဲ့သည့် ကိုဗစ်-၁၉ ကပ်ရောဂါ သည် ယခု ၂ဝ၂ဝ ပြည့်နှစ် တစ်နှစ်လုံးတွင် အလုပ်အကိုင်နှင့် သက်မွေးဝမ်းကျောင်းလုပ်ငန်း ဆုံးရှုံးမှုများ၊ ဆင်းရဲနွမ်းပါးမှုများကို ဆိုးဆိုးရွားရွား ဖြစ်ပေါ်စေခဲ့ပါကြောင်း၊ ပညာရေးကဏ္ဍ၏ ဖွံ့ဖြိုး တိုးတက်မှုကိုလည်း ကြီးမားသည့်အဟန့်အတားဖြစ်စေခဲ့ပါကြောင်း၊ ကပ်ရောဂါဆိုးကြီး စတင်ခဲ့ပြီး ကိုးလကြာ ကာလအတွင်း ကမ္ဘာတစ်ဝန်း ကိုဗစ်-၁၉ ရောဂါပိုးရှိသူ ၃၅ သန်း ကျော်ရှိလာကာ ရောဂါပိုးရှိပြီး ပိုးတွေ့ လူနာသေ ဆုံးသူဦးရေ တစ်သန်းကျော် ရှိလာခဲ့ပြီ ဖြစ်ပါ ကြောင်း၊ မြန်မာနိုင်ငံတွင်လည်း ဓာတ်ခွဲအတည်ပြု လူနာ (၁၇၇၉၄) ဦးရှိလာ၍ သေဆုံးသူ (၄၁၂)ဦး ရှိပါကြောင်း၊ယခုလိုကမ္ဘာကြီးကို စိန်ခေါ်နေသည့် ကပ်ရောဂါ ဘေးဆိုးကြီးကို ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီး၏ အဖွဲ့ဝင်နိုင်ငံပေါင်း ၁၉၃ နိုင်ငံတို့က စုစည်း ညီညွတ်သည့် မိသားစု စိတ်ဓာတ်ဖြင့် ကျော်လွှားနိုင်ရန် ကြိုးပမ်းလျက်ရှိပါကြောင်း၊ ကမ္ဘာ့ ကုလသမဂ္ဂ အဖွဲ့ကြီး၏ အထူး အေဂျင်စီကြီးများဖြစ်သည့် ကမ္ဘာ့ကျန်းမာရေး အဖွဲ့(WHO)၊ ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့်ယဉ်ကျေးမှုအဖွဲ့-ယူနက်စကို (UNESCO)၊ ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ကလေးများ ရန်ုပုံငွေအဖွဲ့(UNICEF)၊ အပြည်ပြည် ဆိုင်ရာ အလုပ်သမား ရေးရာ အဖွဲ့ (ILO)၊ ကုလသမဂ္ဂစားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့ (FAO)စသည့် အဖွဲ့ အစည်း အသီး သီးကလည်း မိမိတို့နှင့်သက်ဆိုင်သည့်ကဏ္ဍ ကနေပြီး ကပ်ဘေးဆိုးကြီးကို ကျော်လွှား နိုင်ရန် အစွမ်းကုန် ကြိုးပမ်းလျက် ရှိကြပါကြောင်း၊ မိမိတို့နိုင်ငံတွင်လည်း ကျန်းမာရေး၊ နည်းပညာ၊ ဝိဇ္ဇာသိပ္ပံ၊ နည်းပညာ နှင့်သက်မွေး၊ အခြေခံပညာစသည့် နယ်ပယ်အသီးသီးက ဆရာများ၏ ဦးဆောင် မှုဖြင့် ကပ်ဘေး များကိုကျော်လွှားပြီး အနာဂတ်ကို ပုံဖော်တည်ဆောက်ကြရမည် ဖြစ်ပါ ကြောင်း၊ ယခုလိုအခြေ အနေအချိန် အခါတွင် ကပ်ဘေးရန်ကို ကျော်လွှားပြီး အနာဂတ် နိုင်ငံတော်ကိုပုံဖော်ကြရမည့် ဆရာများ၏ အခန်းကဏ္ဍ ကိုမြှင့်တင်သည့် အနေဖြင့် "ဦးဆောင် ကျော်လွှား ကပ်ဘေးများ၊ အနာဂတ် ပုံဖော်ဆရာများ" (Teachers: Leading in crisis, reimagining the future) ဆိုသည့် ဆောင်ပုဒ်သည် ယခုနှစ်ကမ္ဘာ့ဆရာများနေ့၏ ဆောင်ပုဒ်အဖြစ် ထွက်ပေါ်လာခဲ့ခြင်းဖြစ်ပါကြောင်း။

လူ့ဘောင်လောကအတွင်း အချိန်အခါ နေရာဒေသမရွေး ဆရာအတတ် ဆရာ အလုပ်နှင့် အသက်မွေး ဝမ်းကျောင်း ပြုရခြင်းသည်သမ္မာအာဇီဝဖြစ်ပြီး အင်မတန် မွန်မြတ် သည့်ဂုဏ်တစ်ရပ်ဖြစ်ပါကြောင်း၊ မြန်မာ့ လူဘောင်တွင်လည်း မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးစံ အရ "သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာ" ဟူ၍ရှိပြီး ဆရာဟူ သမျှကို အစဉ်လေးစား ကြည်ညို၊ ရိုသေ ကိုင်းရှိုင်းကြခြင်းဖြစ်ပါကြောင်း၊ ဆရာများကိုအနန္တောအနန္တ ဂိုဏ်းဝင် ကျေးဇူးရှင်အဖြစ် တန်းတူ တန်ဖိုးထားလေးစား သတ်မှတ်ထားကြခြင်းဖြစ်ပါကြောင်း၊ ဆရာများ သည် အများ၏ စံပြုထိုက်သူ၊ အများကို ဦးစီးဦးဆောင်ပြုနိုင်သူများအဖြစ် အသိအမှတ်ပြုထားကြပါကြောင်း။

ကပ်ဘေးများကျော်လွှားပြီး အနာဂတ်နိုင်ငံတော်ကို အဘက်ဘက်က ပြန်လည် တည်ဆောက်ကြရာတွင် ပညာရေးသည် အရေးပါသည့်အခန်းကဏ္ဍကရှိနေ မည်ဖြစ်ပါ ကြောင်း၊ နိုင်ငံတော်၏ အနာဂတ်ကို ပုံဖော်ကြ မည့်ဆရာများသည် ကျန်းမာရေး ကောင်းမွန်ပြီး ပညာရည်၊ နှလုံးရည် ပြည့်ဝနေရန် လိုအပ်ပါကြောင်း၊ ပညာရေး တွင် ဆရာများ၏အရေးကြီးပုံ နှင့်ပတ်သတ်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်က-

"ပညာရေးလုပ်ငန်းရဲ့ သော့ချက်အကျဆုံးနေရာမှာ ရှိသူများကတော့ 'ဆရာ' များဖြစ်ပါ တယ်။ ဆရာတွေ ဆိုတာ ပညာပြည့်ဝ နှလုံးလှဖို့လိုပါတယ်။ ပညာဆိုတာ လက်ဆင့်ကမ်းတဲ့ အရာ ဖြစ်ပါတယ်။ လက်ဆင့် ကမ်းရာမှာ ဦးနှောက်နဲ့ရော၊ နှလုံးသားနဲ့ပါ လက်ဆင့်ကမ်းဖို့ လိုပါတယ်။ ကိုယ့်ရဲ့ အရည်အသွေးကို ပြည့်ဝအောင် တစ်သက်တာ သင်ယူကြိုးစားပြီး ကိုယ်ရဲ့ တပည့်တွေကို ကိုယ့်ထက်သာတဲ့သူတွေဖြစ်အောင် လုပ်နိုင်စွမ်း ရှိစေချင်ပါတယ်။ ဆရာစားမချန်ပါနဲ့။ တကယ့် သိက္ခာရှိတဲ့ ဂုဏ်ရှိတဲ့ဆရာတွေဆိုတာ မိမိတို့ထက် ပိုတော်တဲ့ တပည့်တွေကို မွေးထုတ်ပေးနိုင်တဲ့ ဆရာဆရာမတွေပဲဖြစ်ပါတယ်။ ပညာရေး စီမံခန့် ခွဲသူ တွေနဲ့ ဆရာဆရာမတွေဟာ ဦးဆောင်လမ်းပြ နိုင်မှုအရည်အသွေး၊ စီမံခန့်ခွဲမှုအရည်အသွေး ပြည့်ဝနေဖို့ လည်း အစဉ်ကြိုးစားစေချင်ပါတယ်။"ဟု ၂ဝ၁၈ ခုနှစ် ဒီဇင်ဘာလတွင် ကျင်းပခဲ့ သည့် ပညာရေးဝန်ကြီးဌာန ပညာရေးဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး နှီးနှော ဖလှယ်ပွဲ  (အခြေခံပညာကဏ္ဍ) တွင်မိန့်ကြားခဲ့ပါကြောင်း။

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကမ္ဘာပေါ်တွင် ပညာသင်ယူ နေကြသည့်ကျောင်းသူ ကျောင်းသားစုစုပေါင်း ၁ ဒသမ ၆ ဘီလီယံနှင့် အခြေခံပညာ ဆရာမ ဆရာ စုစုပေါင်း ၆၃ သန်းတို့ကို ထိခိုက်နစ်နာ စေပါကြောင်း၊ကိုဗစ်-၁၉ ကပ်ဘေးအလွန်ကာလ နိုင်ငံတော်၏ အနာဂတ်သည် ပညာရေးအရည်အသွေး ထိန်းသိမ်းမြှင့်တင်ပြီး အရည်အသွေးပြည့်ဝသည့် လူ့စွမ်းအားအရင်း အမြစ်များကို မွေးထုတ်ပေးမည့် ဆရာများ အပေါ်တွင်များစွာ မူတည် နေပါကြောင်း၊ ဆရာများ သည် အတန်းတွင်းမှာသာမက စာသင် ခန်းပြင်ပ ကျောင်းပြင်ပမှာပါ လူငယ်လူရွယ်များကို အသိပညာပေးမည့်သူ၊ ဦးဆောင် လမ်းပြမည့်သူ ဖြစ်နေ ရန် လိုပါ ကြောင်း၊ ဆရာများသည် လူ့အဖွဲ့အစည်းတစ်ခုလုံး၏ စံနမူနာပြပုဂ္ဂိုလ် တစ်ဦးဖြစ်သည်နှင့် အမျှ လူ့ အဖွဲ့အစည်းသည် ဆရာ၏ဦးဆောင် လမ်းညွှန်မှုကို တန်ဖိုးထားလေးစား အသိအမှတ် ပြုခံယူမည် ဖြစ်ပါကြောင်း။

မြန်မာနိုင်ငံ၏အနာဂတ် ကိုပုံဖော်ရာတွင် ပညာရေးဝန်ကြီးဌာန အနေဖြင့် ပညာရေး ကဏ္ဍ တိုးတက်မြင့် မားရေး အထူးအစီအစဉ်များကို ချမှတ်ပြီး အလေးပေး လုပ်ဆောင် သွားမည်ဖြစ်ပါကြောင်း၊ ပညာရေး ဝန်ကြီးဌာနအနေဖြင့်  ပညာရေးတွင် မည်သည့် ခွဲခြားမှုမျှ မရှိစေရေး၊ မည်သူတစ်ဦးတစ်ယောက်မျှ မကျန်ရစ် စေရေး၊ ကျောင်းထွက်သူပပျောက်ရေးနှင့် သင်ယူမှုမဆုံးရှုံးစေရေးတို့ကို မူဝါဒများ ချမှတ်ပြီး အကောင် အထည်ဖော် ဆောင်ရွက် လျက်ရှိပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံတစ်ဝန်းလုံးတွင်ရှိသည့် ကျောင်းသား များ၏ စဉ်ဆက်မပြတ် သင်ယူမှု အခွင့်အလမ်းများကို ပံ့ပိုးပေးနိုင်ရန်အတွက် ကာလ ဒေသ အခြေအနေ လိုက်လျောညီထွေရှိသည့် သင်ယူမှု နည်းလမ်းများ(Face-to-face learning, online learning, offline learning, blended learning)ကို အလေးပေး ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊  ဆောင်ရွက် ရာတွင် ရုပ်မြင်သံကြား သင်ခန်းစာများကို ပညာရေးဝန်ကြီးဌာန၏ ပညာရေးအစီအစဉ်(Education Channel)မှလည်းကောင်း၊ အွန်လိုင်း သင်ခန်းစာများကို မြန်မာဒီဂျစ်တယ်ပညာရေး ပလက် ဖောင်း (Myanmar Digital Education Platform) မှလည်းကောင်း၊ အင်တာနက် မရနိုင် သည့် ကျောင်းသား များအတွက် DBE Boxes များနှင့်လည်းကောင်း စဉ်ဆက်မပြတ်သင်ယူ နိုင်အောင် ဆောင်ရွက်သွားမည် ဖြစ်ပါ ကြောင်း၊ ယင်းအပြင် နိုင်ငံပိုင်ရုပ်သံဌာန ဖြစ်သည့် မြန်မာ့ရုပ်မြင်သံကြား (MRTV)၊ မြန်မာ့အသံနှင့် ပုဂ္ဂလိက ရုပ်မြင်သံကြားအစီအစဉ်များနှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ယခုလိုဆောင်ရွက် ရာတွင် သင်ကြားပို့ချပေးကြမည့် ဆရာများသည် အဓိက အခန်းကဏ္ဍက ပါဝင်နေမည် ဖြစ်ပါကြောင်း။

အနာဂတ်တွင် ဒီမိုကရေစီကျင့်စဉ်နှင့်အညီ အေးချမ်းတည်ငြိမ်ပြီး သာယာဝပြောသည့် နိုင်ငံတော်ကို တည်ဆောက် ရာတွင် ကျောင်းသားလူငယ်များ ၂၁ ရာစုကျွမ်းကျင်မှုဆိုင်ရာ အရည်အသွေးများ ရရှိအောင် စုပေါင်း တာဝန်ယူ တာဝန်ခံပြီး အခက်အခဲများ ဖြေရှင်း၍ လိုအပ်ချက်များဖြည့်ဆည်းပေးနိုင်ရန် စုပေါင်းအား နှင့်ရုန်းကြရမည် ဖြစ်ပါကြောင်း၊ လူငယ် များ အလုပ်အကိုင်ကောင်းများရရှိရေး၊ ပြည်တွင်းပြည်ပ ယှဉ်ပြိုင်နိုင် စွမ်းရှိသည့်လူငယ်များ မွေးထုတ်ပေးနိုင်ရေး၊ လူငယ်များ နည်းပညာဖွံ့ဖြိုးတိုးတက်မှုများ၏ စိန်ခေါ်မှုများကို ရင်ဆိုင် နိုင်မည့် စွမ်းရည်များရှိစေရေး၊ အခြေခံပညာ၊ နည်းပညာနှင့်သက်မွေး ပညာနှင့် လေ့ကျင့်ရေး၊ အဆင့်မြင့်ပညာ စသည့် ပညာရေးကဏ္ဍအသီးသီးကို အားဖြည့်မြှင့်တင်ရေးတို့တွင် ဆရာများ သည် အရေးအကြီးဆုံး ပုဂ္ဂိုလ်များဖြစ်ကြောင်းကို ပြောကြားလိုပါကြောင်း။

ဆရာများသည် ကျေးဇူးတင်ထိုက်သော ထာဝရဆရာများအဖြစ် တပည့်များ၊ ပညာရေး ဝန်ထမ်းများ၊ ပြည်သူ များ အားလုံးက တန်ဖိုးထား လေးစားအသိအမှတ်ပြုပါ ကြောင်း၊ ပညာရေးဝန်ကြီးဌာန အနေဖြင့် လည်း နှစ်စဉ် ကမ္ဘာ့ဆရာများနေ့တွင် ဂုဏ်ထူး ဆောင်ပုဂ္ဂိုလ် ဆရာမကြီး ဆရာကြီးများ၊ ခွင့်ရက်မပျက် ဆရာမများ ကို ဂုဏ်ပြုချီးမြှင့် လျက်ရှိရာ ယခုနှစ်တွင်လည်း ကိုဗစ်အခြေအနေအရ အွန်လိုင်းမှ အသိအမှတ်ပြု ကြေညာ၍ ပေးအပ်ချီးမြှင့် သွားရန် စီစဉ်ဆောင်ရွက်ထားပါကြောင်း၊ ဂုဏ်ထူးဆောင်ပုဂ္ဂိုလ် ဆရာမကြီး ဆရာကြီး (၁၄)ဦး၊ ခွင့်ရက်မပျက် ဆရာမ (၆)ဦး၊ ၂၀၁၉ ခုနှစ်တွင် ရခိုင်ပြည်နယ်၌ နိုင်ငံတော်၏ လိုအပ်ချက် အရ စစ်တွေတက္ကသိုလ်နှင့် တောင်ကုတ် တက္ကသိုလ်တို့တွင် အဝေးသင် တက္ကသိုလ် အနီးကပ် သင်တန်း ပို့ချခြင်း၊ စာမေးပွဲ လုပ်ငန်း၊ အောင်စာရင်းလုပ်ငန်း များအတွက် အခက်အခဲများ ကြားက စွမ်းစွမ်းတမံ သွားရောက် တာဝန်ထမ်းခဲ့ကြသည့် ဒေသအသီးသီးမှ တက္ကသိုလ် ဆရာမ ဆရာ စုစုပေါင်း(၅၅)ဦး တို့ကိုလည်း အွန်လိုင်းမှ အသိအမှတ်ပြု ကြေညာ၍ ပေးအပ်ချီးမြှင့်သွားရန် စီစဉ်ဆောင်ရွက်ထားသည်ကို အသိပေး အပ်ပါကြောင်း။

မြန်မာနိုင်ငံ ပညာရေးဝန်ကြီးဌာနသည် အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း (၂၀၁၆-၂၀၂၁)၏ ရည်မှန်းချက် ပန်းတိုင်နှင့် မဟာဗျူဟာမြောက်အပြောင်းအလဲ (၉)ရပ် ဖြစ်သည့် (၁)မူကြိုနှင့် သူငယ်တန်း ပညာရေး၊ (၂)အခြေခံပညာရေး အခွင့် အလမ်း၊ အရည် အသွေးနှင့် လူတိုင်းအကျုံးဝင်မှု၊ (၃)အခြေခံပညာ သင်ရိုးညွှန်းတမ်း (၄)ပညာရည် စစ်ဆေး အကဲဖြတ်ခြင်းနှင့် စာမေးပွဲများကျင်းပခြင်း (၅)ဆရာ အတတ်ပညာ ရေးနှင့် စီမံခန့်ခွဲမှု (၆) ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေး (၇)နည်းပညာနှင့် သက်မွေးပညာရေးနှင့် လေ့ကျင့် ရေး (၈)အဆင့်မြင့် ပညာရေးနှင့် (၉)စီမံခန့်ခွဲမှု၊ စွမ်းဆောင်ရည်မြှင့် တင်မှုနှင့် အရည်အသွေး အာမခံမှု တို့ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အခြေခံပညာကဏ္ဍတွင် ဆရာများ အတွက် တတ်ကျွမ်းမှု စံသတ်မှတ်ချက် အညွှန်းဘောင်ကို ပြုစုရေးဆွဲခဲ့ပြီး အညွှန်းဘောင်၏ ပညာရပ် နယ်ပယ် (၄)ခုဖြစ်သည့် (က) ဆရာအတတ် ပညာဆိုင်ရာ အသိပညာနှင့် နားလည် သဘောပေါက်မှု (ခ) ဆရာ အတတ် ပညာဆိုင်ရာ ကျွမ်းကျင်မှုများ နှင့် လက်တွေ့ကျင့်သုံးမှုများ (ဂ)ဆရာအတတ်ပညာဆိုင်ရာ တန်ဖိုး ထားမှုနှင့် သဘောထားခံ ယူချက်များနှင့် (ဃ) ဆရာအတတ်ပညာဆိုင်ရာ စွမ်းဆောင်ရည်ဖွံ့ဖြိုး တိုးတက် မှုဟူ၍ နယ်ပယ် (၄)ရပ်ကို ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ဆရာ့ အတတ်ပညာရေးနှင့် စီမံခန့်ခွဲမှုကဏ္ဍတွင် ပညာရေး ကောလိပ် (၂၅)ကျောင်းအား (၂)နှစ်သင် ပညာရေး ကောလိပ်မှ (၄)နှစ်သင် ပညာရေးအထူးပြုဘွဲ့ပေးအပ်သော ပညာရေး ဒီဂရီကောလိပ်များအဖြစ်  အဆင့်တိုးမြှင့် နိုင်ခဲ့ပါကြောင်း၊ ပုံမှန်ရာထူးတိုး အခွင့်အလမ်းများ ဖြစ်သည့် ပညာအရည်အချင်း နှင့် ဆန္ဒပြုမှုများအရ သတ်မှတ်ချက်ကိုက်ညီသည့် မူလတန်းပြ များသည် အလယ်တန်းပြ ရာထူး တိုးလျှောက်ထားနိုင်သလို၊  သတ်မှတ်အရည်အချင်းနှင့် ကိုက်ညီသည့် အလယ်တန်းပြများသည် အထက် တန်းပြ ရာထူးတိုးလျှောက်ထားနိုင်သည့် အပြင် မူလတန်းပညာရေး၊ အလယ်တန်း ပညာရေးများတွင်လည်း ရာထူးတိုးအခွင့်အလမ်း များ ပညာအရည်အချင်းအရ ပိုမိုရွေးချယ်ပိုင်ခွင့် ရှိလာမည်ဖြစ်ပါကြောင်း။

ဘဝတစ်သက်တာတွင် စေတနာ၊ ဝါသနာ၊ အနစ်နာသာမက မေတ္တာ၊ ကရုဏာ အပြည့်ဖြင့် တပည့်များကို သင်ကြားပို့ချပေးခဲ့ကြပြီး အငြိမ်းစားယူ သွားကြသည့်ဆရာကြီး ဆရာမကြီးများ၊ မိမိတို့တာဝန်ထမ်းရာ ဒေသများ တွင် ပညာရေးတာဝန်များကို အခက်အခဲ အမျိုးမျိုးကြားက စွမ်းစွမ်းတမံ ကြိုးပမ်းဆောင်ရွက် နေကြသည့်ဆရာဆရာမများ အားလုံး ကပ်ဘေးအန္တရာယ် ကင်းဝေး၍ ကျန်းမာ လုံခြုံမှုရှိကြပါစေ၊ အခက်အခဲများကို ကျော်လွှားပြီး အောင်မြင်မှုများ ဆွတ်ခူးနိုင်ကြပါစေ၊ နှလုံးစိတ်ဝမ်းအေးချမ်းပြီး နိုင်ငံတော် ဖွံ့ဖြိုးရေး လုပ်ငန်းအသီးသီးတွင် မိမိတို့ကျရာ အခန်းကဏ္ဍက ပါဝင်အကျိုးပြုနိုင်ကြပါစေ၊ နိုင်ငံတော်နှင့် ပြည်သူ များက ကျေးဇူးတင် တန်ဖိုးထားလေးစားခံရသူများ ဖြစ်ကြပါစေ ဟု ဆန္ဒပြုပါကြောင်း ပြောကြား သည်။

ထို့နောက် မြန်မာနိုင်ငံ ယူနက်စကို အမျိုးသားကော်မရှင် အတွင်းရေးမှူးချုပ် ဒေါက်တာကြည်ရွှင် က ကုလ သမဂ္ဂလက်အောက်ခံ အဖွဲ့ငါးဖွဲ့၏ အဖွဲ့ခေါင်းဆောင်များက ပေးပို့သော စုပေါင်းသဝဏ်လွှာကို ဖတ်ကြားပြီး မြန်မာနိုင်ငံဆရာများအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါက်တာစိုင်းခိုင်မျိုးထွန်း က မြန်မာနိုင်ငံဆရာများ အဖွဲ့ချုပ်၏ သဝဏ်လွှာကို ဖတ်ကြား သည်။

ဆက်လက်၍ ပညာရေးသုတေသန၊ စီမံကိန်းနှင့်လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဒေါက်တာ ဝင်းထွန်း က ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် ဂုဏ်ထူးဆောင် ပုဂ္ဂိုလ်ကြီး(၁၄)ဦး၏ ဆောင်ရွက်မှု အကျဉ်းချုပ်၊ (၂၅)နှစ်နှင့်အထက် ကျောင်းတက် မပျက် သော ဆရာမ(၆)ဦးနှင့် ရခိုင်ပြည်နယ် ဘူးသီး တောင်မြို့၊ မောင်တောမြို့၊ သံတွဲမြို့နှင့် သက္ကေပြင် တို့တွင် အဝေးသင် အနီးကပ် သင်တန်းပို့ချခြင်းနှင့် စာမေးပွဲ အောင်စာရင်း လုပ်ငန်း များအတွက် အခက်အခဲများကြားက စွမ်းစွမ်းတမံ သွားရောက် တာဝန်ထမ်း ဆောင်ခဲ့သော ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ (၅၅)ဦး၏ အမည်များကို တင်ပြသည်။

ယင်းနောက် ဆရာများ အတွက် စံသတ်မှတ်ချက်အညွှန်းဘောင်ဆိုင်ရာ “ရှေ့ဆက် တက်လှမ်း အနာဂတ် လမ်း ပံ့ပိုးကူညီလက်တွဲမည် ဗီဒီယို ပြသခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)