ရန်ကုန် ဖေဖော်ဝါရီ ၁၅
မြန်မာ့သနပ်ခါး ယဉ်ကျေးမှုဓလေ့များနှင့်ပတ်သက်၍ ပြည်သူလူထုအား ပညာပေးလှုပ်ရှားမှုအဖြစ် ဖေဖော်ဝါရီ ၇ ရက်မှစ၍ မတ် ၃၁ ရက်အထိ ဆောင်ရွက်လျက်ရှိရာ အမျိုးသားပြတိုက်(ရန်ကုန်)၌ ယနေ့နံနက်ပိုင်းတွင်ကျင်းပသည့် ပြည်သူလူထုအား ပညာပေးလှုပ်ရှားမှုအစီအစဉ်သို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါ်နုမြဇံ တက်ရောက်အားပေးသည်။
အမျိုးသားပြတိုက် ( ရန်ကုန် ) ၌ “မြန်မာ့သနပ်ခါးနေ့” အထိမ်းအမှတ်လှုပ်ရှားမှုအစီအစဉ်အဖြစ် ဒုတိယထပ် Lobby တွင် ရှားပါးမြန်မာ့သနပ်ခါး ကျောက်ပျဉ်နှင့်မှန်တင်ခုံများ၊ Holographic Fan များ၊ ၆၂ လက်မ TV ဖြင့် အမျိုးသားပြတိုက် (ရန်ကုန်)၏နေ့စဉ်သနပ်ခါးလှုပ်ရှားမှု ဓာတ်ပုံမှတ်တမ်းများ၊ ဗီဒီယိုမှတ်တမ်းများ၊ သနပ်ခါးသီချင်းများကိုပြသလျက်ရှိရာ မေရီချက်(ပ်)မင်း ဆွံ့အနားမကြားကျောင်း၊ ကိုယ်ပိုင်ကျောင်းများနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကျောင်းများမှ ကျောင်းသား ကျောင်းသူများ၊ ပြည်သူများ လာရောက်လေ့လာရာ ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ အမျိုးသားပြတိုက် (ရန်ကုန်) ညွှန်ကြားရေးမှူး ဒေါ်နန်းလောဝ်ငင်းနှင့် တာဝန်ရှိသူများက မြန်မာ့သနပ်ခါး၏ အသုံးဝင်ပုံ၊ မြန်မာတို့၏ နေ့စဉ်ဘဝအတွက် အရေးပါပုံနှင့် မြန်မာ့သနပ်ခါး၏ ထူးခြားမှုအကြောင်းများကို ပညာပေးဟောပြောပြီး လာရောက်လေ့လာကြသည့် ကျောင်းသား ကျောင်းသူများက ကိုယ်တိုင်သနပ်ခါးသွေး၍ အချင်းချင်းပျော်ရွှင်စွာ လိမ်းခြယ်ကြသည်။
ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့၏ မြတ်စွာဘုရားရှင်အား နံ့သာမီးဖြင့်ပူဇော်ကြသည့် ဓလေ့ထုံးတမ်းအစဉ်အလာကို အစွဲပြု၍ ၂၀၂၁ ခုနှစ်တွင် တပို့တွဲလပြည့်နေ့ကို မြန်မာ့သနပ်ခါးနေ့အဖြစ် သတ်မှတ်ပေးခဲ့သည်။ သနပ်ခါးသည် မြန်မာ့ဒြပ်မဲ့ ယဉ်ကျေးမှု စာရင်းဝင်တစ်ခုဖြစ်ပြီး မြန်မာ့သနပ်ခါး ယဉ်ကျေး မှုဓလေ့ကို ယူနက်စကိုတွင် အမည်စာရင်း တင်သွင်းနိုင်ရေးအတွက် ပြည်သူများ၏ ပူးပေါင်းပါဝင်မှုရှိရန် လိုအပ်လျက်ရှိသဖြင့် မြန်မာ့သနပ်ခါး ယဉ်ကျေးမှုဆိုင်ရာ အစီအစဉ်များတွင် နိုင်ငံသားအားလုံး ပါဝင်ဆောင်ရွက်နိုင်ရန် ဖိတ်ခေါ်လျက်ရှိရာ သနပ်ခါးဆိုင်ရာ အထောက်အထားများကို ပြည်သူများက ပါဝင်ပြီး Practice of Thanakha Culture in Myanmar အချက် အလက်များ ဖြည့်သွင်းနိုင်ရန်အတွက် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ပြတိုက်များတွင် ထားရှိသည့် QR Code ကို Scan ဖတ်၍လည်းကောင်း၊ Online စာမျက်နှာ (https://docs.google. com/forms/d/e/1FAIpQLSe WCYIUWD b2Om36LyK9e_ mgyaA6VXz 8xioVZKn FNUNv6jWSog/viewform) မှ Google Form တွင် သနပ်ခါးဆိုင်ရာအချက်အလက်များ ဖြည့်သွင်း၍လည်းကောင်း ဆောင်ရွက်ပေးနိုင်ကြောင်း သိရသည်။
သတင်းစဉ်