Skip to main content

ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၊ ဒဂုံတက္ကသိုလ်နှင့် ရန်ကုန်အဝေးသင်တက္ကသိုလ်တို့အား ကြည့်ရှုစစ်ဆေး

ရန်ကုန် ဖေဖော်ဝါရီ ၁၅

ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းတွင် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်သို့ ရောက်ရှိပြီး စာသင်ခန်းများတွင် ကျောင်းသား ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ယူနေမှုကို လှည့်လည်ကြည့်ရှုအားပေးကာ မိမိတို့ ရှေ့ဘဝသာယာလှပရေးအတွက် ရည်မှန်းချက်ချမှတ်ကြိုးစားကြရန် တိုက်တွန်းမှာကြားသည်။

ထို့နောက် အဝေးသင်သင်တန်း ကျောင်းသား ကျောင်းသူများ ကျောင်းဝင်မှတ်ပုံတင်ခြင်း၊ ကျောင်းလခပေးသွင်းခြင်းနှင့် အွန်လိုင်းမှငွေပေးသွင်းသည့်စနစ်ဖြင့် ကျောင်းအပ်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး တက္ကသိုလ်ဝင်းအတွင်း လှည့်လည်ကာ သန့်ရှင်းသာယာရေး၊ ဥပဓိရုပ်ကောင်းမွန်ရေး ဆောင်ရွက်ထားမှုကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်တာဝန်ရှိသူများသည် ဒဂုံတက္ကသိုလ်သို့ရောက်ရှိကာ စာသင်ခန်းများတွင် ကျောင်းသား ကျောင်းသူများ စာသင်ကြားနေမှုများနှင့် ငါးစာ၊ ကြက်စာ၊ သားလောင်းအမျိုးမျိုး သားဖောက်သုတေသန ပရောဂျက် ဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးပြီး သင်ကြားရေးဌာနများကိုစစ်ဆေးသည်။

ယင်းနောက် မြန်မာစာဌာနမောင်မယ်သစ်လွင် ကြိုဆိုပွဲသို့တက်ရောက်ပြီး ဂါရဝတရား၊ နိဝါတတရား လိုက်နာကျင့်သုံးရေးရှင်းလင်းမှာကြားသည်။

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် မြန်မာနိုင်ငံတိုင်းရင်းသားဘာသာစကားဦးစီးဌာနသို့ ရောက်ရှိကာ မြန်မာ၊ အင်္ဂလိပ် အဘိဓာန်ပြုစုရေးကော်မတီနှင့် တွေ့ဆုံသည်။

ဆက်လက်၍ ရန်ကုန်အဝေးသင်တက္ကသိုလ်သို့ ရောက်ရှိပြီး ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခ/ဌာနမှူးများနှင့် အဝေးသင်ပညာရေး အရည်အသွေးကောင်းမွန်ရေး နည်းလမ်းများကို ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်