နေပြည်တော် အောက်တိုဘာ ၄
အခြေခံလူတန်းစားဘဝမြင့်မားရေးပါတီ ဗဟိုအထွေထွေအတွင်းရေးမှူး ဦးကျော်မြင့် (ခ) မိုက်ကယ်ကျော်မြင့်က ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို အောက်တိုဘာ ၄ ရက် ညပိုင်းတွင် ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ်များမှ ဟောပြောတင်ပြခဲ့ပါသည်။
အဆိုပါ ဟောပြောတင်ပြချက်အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -
မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ အခြေခံလူတန်းစားထုတစ်ရပ်လုံးကို မင်္ဂလာပါလို့ ဦးစွာပထမ နှုတ်ခွန်းဆက်သအပ်ပါတယ်။
ကျွန်တော်ကတော့ အခြေခံလူတန်းစားဘဝမြင့်မားရေးပါတီ (YDP)က ဗဟိုအထွေထွေအတွင်းရေးမှူး မိုက်ကယ်ကျော်မြင့် ဖြစ်ပါတယ်။ အခြေခံလူတန်းစားဘဝမြင့်မားရေးပါတီရဲ့ ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲ ဟောပြောချက် ကို ကျွန်တော့်အနေနဲ့ အခြေခံလူတန်းစားထု တစ်ရပ်လုံးသိရှိစေရန် တင်ပြ သွားမှာ ဖြစ်ပါတယ်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဟာ သမိုင်းအစဉ်အလာ ဂုဏ်သိက္ခာကြီးမားပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ နဲ့အညီ စစ်မှန် စည်းကမ်းပြည့်ဝတဲ့ ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးသည့်၊ အချုပ်အခြာ အာဏာပိုင် လွတ်လပ်သည့် နိုင်ငံဖြစ်ပြီး နိုင်ငံသားအများစုဟာ အခြေခံ လူတန်းစားတွေ ဖြစ်ကြပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ဒီမိုကရေစီနဲ့ မကိုက်ညီတဲ့ ဥပဒေ ပြဋ္ဌာန်းချက်တွေ၊ ခေတ်ကာလနဲ့အညီ ပြင်ဆင်သွားရမယ့် ဥပဒေပြဋ္ဌာန်း ချက်တွေ ပါဝင်နေတာကို ကျွန်ုပ်တို့ အခြေခံလူတန်းစားအားလုံး နားလည်သိရှိကြပါတယ်။ သို့သော် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်နိုင်မှုမရှိသေးခင် ကြားကာလတစ်ခု၌ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပေးအပ်ထားတဲ့ အခွင့်အရေးရှိသလောက်ကို အသုံးချပြီး အခြေခံလူတန်းစား အောက်ခြေပြည်သူတွေကြားထဲအထိ ဒီမိုကရေစီ ထွန်းကားရောက်ရှိအောင် ဆောင်ရွက်ဖို့ သင့်မှာဖြစ်ပါတယ်။
အခြေခံလူတန်းစားများရဲ့ လူမှုဘဝရပ်တည်မှု ခိုင်မာတောင့်တင်းစေရန် လက်တွေ့ကျကျ ဆောင်ရွက်ပေးနိုင်မယ့် အစိုးရတစ်ရပ် ပေါ်ပေါက်လာစေဖို့၊ အခြေခံလူတန်းစား အောက်ခြေဆင်းရဲသားပြည်သူတွေရဲ့ သားသမီးမျိုးဆက် တွေ ဂုဏ်သိက္ခာရှိစွာ လူတန်းစေ့ ရပ်တည်နေထိုင်နိုင်စေဖို့၊ အမြန်ဆုံး လွတ်မြောက်စေဖို့အတွက် အခြေခံလူတန်းစားဘဝမြင့်မားရေးပါတီ (YDP) ဟာ ၂၀၂၀ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင် အရွေးချယ်ခံသွားမှာ ဖြစ်ပါတယ်။
အခြေခံလူတန်းစားဘဝမြင့်မားရေးပါတီ(YDP) ရဲ့ အဓိကရွေးကောက်ပွဲ ကတိ (၈)ချက်ကို တင်ပြလိုပါတယ်။
၁။ အိမ်ထောင်စုတိုင်း အိမ်ပိုင်ရှိရမယ်။
၂။ တောင်သူလယ်သမားဦးကြီးများ စိတ်သစ်လူသစ်ဖြင့် စတင်ရုန်းထွက်နိုင် စေရန်အတွက် စိုက်ပျိုးစရိတ်ချေးငွေအတိုးများကို လျှော်ပေးမယ်။
၃။ ပြည်တွင်း/ပြည်ပ အလုပ်အကိုင်ဆိုင်ရာ အလုပ်သမားများ လုပ်ငန်းခွင် ဝင်ရာမှာ အလုပ်အမျိုးအစား၊ အလုပ်ချိန်၊ လုပ်ခလစာနှင့် အခြားခံစားခွင့်တွေ ကို သက်ဆိုင်ရာကုမ္ပဏီ (သို့မဟုတ်) အလုပ်ရှင်နှင့် နှစ်ဖက်သဘောတူ ချုပ်ဆို ထားသည့်အတိုင်း မရရှိဘဲ နစ်နာဆုံးရှုံးမှုတွေဖြစ်ပေါ်ပါက နိုင်ငံတော်အစိုးရမှ အပြည့်အဝ တာဝန်ယူဖြေရှင်းပေးမယ်။
၄။ နေ့စဉ်အရှုံးခံထုတ်ဝေနေသော ကြေးမုံသတင်းစာ၊ မြန်မာ့အလင်းသတင်းစာ ကဲ့သို့ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတွေကို လျှော့ချရပ်ဆိုင်းပြီး မြို့တွင်း/မြို့ပတ် သယ်ယူပို့ဆောင်ရေးခရီးစဉ်များ ပြေးဆွဲလျက်ရှိသော နိုင်ငံပိုင်မော်တော်ယာဉ်၊ မီးရထား၊ သင်္ဘောတို့၌ ကျောင်းသူ/ကျောင်းသားတွေ၊ သက်ကြီးဘိုးဘွား တွေကို (အခမဲ့) စီးနင်းခွင့်ပြုမယ်။
၅။ စိုက်ပျိုးသီးနှံနဲ့ မွေးမြူရေးကဏ္ဍ တို့အတွက် အခြေခံအဆောက်အအုံ နှင့် နည်းပညာလိုအပ်ချက်များကို ပိုမို မြှင့်တင်ဖြည့်ဆည်းပြီး အရည်အသွေးမီ အဆင့်မြင့် စားသောက်ကုန်ထုတ် စက်မှုလုပ်ငန်းများကို နိုင်ငံတော် စီမံကိန်း ချမှတ် တည်ဆောက်မယ်။
၆။ တိုင်းပြည်ရဲ့ အနာဂတ်ခိုင်မာ တောင့်တင်းစေဖို့ အထက်တန်းအထိ မသင်မနေရ (အခမဲ့) အမျိုးသားပညာရေးစနစ် ချမှတ်ကျင့်သုံးမယ်။
၇။ သက်ငယ်မုဒိမ်းမှုများ၊ ပမာဏကြီးမားတဲ့ မူးယစ်ဆေးဝါးမှုများ၊ တိုင်းပြည် ထိခိုက်စေတဲ့ အဂတိလိုက်စားမှုများနှင့် ရည်ရွယ်ချက်ဖြင့် အုပ်စုဖွဲ့ကြံစည် ကျူးလွန်သည့် ရာဇဝတ်မှုများအား သေဒဏ်အပြစ်ပေးခြင်းကို လက်တွေ့ ကျင့်သုံးသွားမယ်။
၈။ NCA လမ်းကြောင်းအတိုင်း အစိုးရနဲ့ တပ်မတော် တူညီသောခြေလှမ်း များဖြင့် ပြည်တွင်းငြိမ်းချမ်းရေး အမြန်ဆုံးရရှိအောင် မရ-ရသည့်နည်းနဲ့ တည်ဆောက်မယ်။
သို့ဖြစ်ပါ၍ အခြေခံလူတန်းစားထုတစ်ရပ်လုံး ဆင်းရဲတွင်းမှ စတင် ရုန်းထွက်နိုင်စေရန် ရွေးကောက်ပွဲကတိ (၈) ချက်နှင့်အညီ အရှိန်အဟုန်ဖြင့် ကြိုးပမ်းဆောင်ရွက်မယ့် “အခြေခံလူတန်းစားဘဝမြင့်မားရေးပါတီ” YDP ကို အခြေခံလူတန်းစား အောက်ခြေဆင်းရဲသား ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းမြေတောင်မြှောက်ဝန်းရံပြီး တစ်ခဲနက် “မဲ”ပေးရွေးချယ်ပေးကြရန် တိုက်တွန်းလိုပါတယ်။
အားလုံးပဲ မင်္ဂလာပါ။