Skip to main content

(၆၂) ကြိမ်မြောက် မဟာဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပ

ရန်ကုန် ဖေဖော်ဝါရီ ၁၄

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာနကကြီးမှူး၍ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် လှူဒါန်းပူဇော်သည့် (၆၂) ကြိမ်မြာက် မဟာဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ ဆဋ္ဌသံဂါယနာ မဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီး၌ ကျင်းပသည်။

အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင်ဆရာတော် မန္တလေးမြို့ မစိုးရိမ်တိုက်သစ် မဟာနာယက အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ ဘဒ္ဒန္တဝါသေဋ္ဌာဘိဝံသအမှူးပြုသော ဆရာတော်ကြီးများနှင့် စာအောင်သံဃာတော်များ ကြွရောက်တော်မူကြပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်နှင့်ဇနီး၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးစိုးသိန်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် အလှူရှင်များ တက်ရောက်ကြည်ညိုကြသည်။

အခမ်းအနားတွင် ဧည့်ပရိသတ်များက နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင်ဆရာတော် မန္တလေးမြို့ မစိုးရိမ်တိုက်သစ် မဟာနာယက ဘဒ္ဒန္တဝါသေဋ္ဌာဘိဝံသထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတော်၏ သာရဏီယ သြဝါဒကထာကို နာယူကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက သာသနာရေးဆိုင်ရာများကို လျှောက်ထားပြီး ဓမ္မာစရိယပါဠိပထမပြန် နိကာယ်စာမေးပွဲ အထူးအောင်သံဃာတော်များ၊ သီလရှင်များနှင့် အဘိဓမ္မာ၊ ဝိသုဒ္ဓိမဂ်အထူး အောင်ပုဂ္ဂိုလ်များအား ပြည်ထောင်စုဝန်ကြီးနှင့်ဇနီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများက အောင်လက်မှတ်များဆက်ကပ်ကြသည်။

ယင်းနောက် နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ဒုတိယဥက္ကဋ္ဌ မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ ကိုးဆောင်တိုက် သီရိမာလာကျောင်း ပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဇောတိပါလထံမှ ဧည့်ပရိ သတ်များက အနုမောဒနာတရားနာယူကြပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းလောင်းအမျှ ပေးဝေကြသည်။

ယနေ့ကျင်းပသည့် (၆၂) ကြိမ်မြောက် မဟာဘွဲ့နှင်းသဘင်အခမ်းအနားသို့ ကျမ်းရင်းသုံးကျမ်းအောင် “သာသနဓဇဓမ္မာစရိယဘွဲ့ရ အထူးအောင် အရှင်မြတ်သုံးပါး၊ ရိုးရိုးအောင်အရှင်မြတ် ၁၃၀၁ ပါး၊ သီလရှင်ဆရာလေး ၁၃၇ ပါး၊ လူပုဂ္ဂိုလ်ငါးဦး၊ ပါဠိ ဂုဏ်ထူးအောင်အရှင်မြတ်ခြောက်ပါး၊ မြန်မာဂုဏ်ထူးအောင်အရှင်မြတ်သုံးပါး၊ ပါဠိပထမပြန်စာမေးပွဲ အထူးအောင်အရှင်မြတ် ၁၂ ပါး၊ သီလရှင်ဆရာလေး လေးပါး၊ နိကာယ်စာမေးပွဲအထူးအောင်အရှင်မြတ်၁၂ ပါး၊ သီလရှင်ဆရာလေးတစ်ပါး၊ နိကာယ်စာမေးပွဲ မဟာဝိဒူတန်းအောင်အရှင်မြတ်၁၄ပါး၊ သီလရှင်ဆရာလေးတစ်ပါး၊ အဘိဓမ္မာနှင့် ဝိသုဒ္ဓိမဂ်စာမေးပွဲအထူးအောင် သီလရှင်ဆရာလေးတစ်ပါး၊ လူပုဂ္ဂိုလ်ရှစ်ဦးစုစုပေါင်း ၁၅၀၈ ပါး၊ ဦးရှိကြောင်း သိရသည်။

သတင်းစဉ်