နေပြည်တော် ဖေဖော်ဝါရီ ၁၄
(၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲတွင် ပါဝင်ပြသကြသည့် ပြည်ထောင်စုနယ်မြေ နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ MSME ထုတ်ကုန်များကို ပဉ္စမနေ့အဖြစ် နေပြည်တော် ဥပ္ပါတသန္တိစေတီတော်အနီးရှိ တပေါင်းကွင်း၌ ဆက်လက်ပြသရောင်းချလျက်ရှိရာ ဝန်ကြီးဌာနများမှဝန်ထမ်းများနှင့် မိသားစုများ၊ ကျောင်းသားကျောင်းသူများ၊ အနယ်နယ်အရပ်ရပ်မှ ဒေသခံပြည်သူများ၊ MSME လုပ်ငန်းရှင်များ၊ သီလဝါစက်မှုဇုန်တွင် ရောက်ရှိနေသော နိုင်ငံခြားသားများနှင့် နေပြည်တော်သို့ သီးခြားအစီအစဉ်ဖြင့် ရောက်ရှိနေသော နိုင်ငံခြားသားများ လာရောက်လေ့လာကြပြီး အထူးစည်ကားလျက်ရှိသည်။
နှစ်ရက်တိုးကျင်းပသွားမည်
ထိုသို့ ပြပွဲလာပြည်သူများ တစ်ခဲနက်ပါဝင်ပြီး အထူးစိတ်ပါဝင်စားစွာ ပါဝင်ဆင်နွှဲကြသည့်အတွက်ပြပွဲကို ဖေဖော်ဝါရီ ၁၆ ရက်အထိ နှစ်ရက်တိုး ကျင်းပသွားမည်ဖြစ်သည်။
ယနေ့တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနပြခန်းတွင် ခင်းကျင်းပြသထားသည့် ဘက်ထရီအားဖြင့် ဆိုလာပန့်ရေတင် မောင်းနှင်စနစ်၊ လက်ဆွဲကောက်စိုက်စက်၊ မျိုးစေ့ချစက်ကိရိယာနှင့် သဘာဝမြေဆွေးကန်ပုံစံငယ်တို့ကို လာရောက်ကြည့်ရှုသူများပြားခဲ့ပြီး ပြခန်းတာဝန်ရှိသူများက ပြခန်းအတွင်း ခင်းကျင်းပြသထားသည့် စိုက်ပျိုးမွေးမြူးရေးဆိုင်ရာ နည်းပညာ၊ အသိပညာများကို ရှင်းလင်းမျှဝေပေးလျက်ရှိသည်ကို တွေ့ရှိရသည်။
အလားတူပြပွဲအဝင်၌ ရွေ့လျားမော်တော်ယာဉ်ဖြင့် စက်မှုနှင့်သက်မွေးပညာ ရွေ့လျား သင်တန်းကျောင်းပြခန်းကို ပြသလျက်ရှိပြီး အခြေခံလျှပ်စစ်ပညာသင်တန်း၊ အခြေခံစက်ပြင်သင်တန်း၊ အခြေခံဂဟေဆက်သင်တန်းနှင့် အခြေခံမော်တော် ယာဉ်ပြုပြင်ထိန်းသိမ်းနည်း သင်တန်းအကြောင်းအရာများကို တာဝန်ရှိသူများက အသေးစိတ်ရှင်းလင်းပြသပေးလျက်ရှိရာ စက်မှုနှင့်သက်မွေးပညာရပ်ကို စိတ်ဝင်စားကြသည့် လူငယ်များစွာ လာရောက်လေ့လာကြသည်ကို တွေ့ရသည်။
သိရှိလိုသည့် မေးခွန်းများကို ဖြေကြားဆွေးနွေးပေး
ထို့အတူ ပြပွဲအတွင်း နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ပြခန်းအလိုက် တာဝန်ရှိသူများသည် လာရောက်လေ့လာကြသူများ၏ ဒေသထုတ်ကုန်၊ ထွက်ကုန်ပစ္စည်းများနှင့်ပတ်သက်၍ သိရှိလိုသည့်မေးခွန်းများကို ဖြေကြားဆွေးနွေးပေးကြသည်။
အလားတူ လုပ်ငန်း/စီးပွား ချိတ်ဆက်မှု ပြခန်း အတွင်း ပြည်တွင်းဈေးကွက်ချိတ်ဆက်မှု၊ ပြည်ပဈေးကွက်ချိတ်ဆက်မှု၊ ရင်းနှီးမတည်ငွေ ချိတ်ဆက်မှု၊ သက်ဆိုင်ရာဝန်ကြီးဌာနများ၏ One Stop Services များ ရယူနိုင်ရေး ဆောင်ရွက်နေကြသည့် MSME လုပ်ငန်းရှင်များဖြင့် စည်ကားလျက်ရှိပြီး MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သတင်းအချက်အလက်နှင့် နည်းပညာများ မျှဝေပေးခြင်း၊ ပြည်တွင်း/ပြည်ပ ဈေးကွက်များသို့ထိုးဖောက်နိုင်ရန် စံအရည်အသွေး သတ်မှတ်ချက်များနှင့် ဒေသထွက်ကုန်ကြမ်းများအပေါ် အခြေခံပြီး စွန့်ဦးတီထွင်လုပ်ငန်းဆိုင်ရာ အမြင်သစ်များကို အသိပညာပေး ဆွေးနွေးမျှဝေပေးခြင်းတို့ကိုလည်း ဆောင်ရွက်ပေးလျက်ရှိသည်။
ပြပွဲအတွင်း ပြခန်းများ ခင်းကျင်းပြသရာတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ထင်ရှားကျော်ကြားသည့် ပြကွက်များကို သရုပ်ဖော်ပြသထားသည့်အတွက် လာရောက်လေ့လာကြသည့် ကျောင်းသား ကျောင်းသူများ၊ လူငယ်များ၊ ဝန်ကြီးဌာနများမှ ဝန်ထမ်းများနှင့် မိသားစုများ၊ ပြည်သူများသည် တစ်ဦးချင်းအလိုက်၊ အစုအဖွဲ့အလိုက် ဂုဏ်ယူစွာ အမှတ်တရဓာတ်ပုံရိုက်ကြသည်ကိုလည်း တွေ့ရှိရသည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်များမှထွက်ရှိသည့် ဒေသအလိုက် အစားအစာများ၊ ရိုးရာအစားအစာများကို တိုင်းရင်းသားရိုးရာအစားအစာ အရောင်းပြခန်းများ၌ ပြည်သူများ စိတ်ကြိုက်ဝယ်ယူစားသုံး နိုင်ရန်အတွက် ဈေးနှုန်းချိုသာစွာ ရောင်းချပေးလျက်ရှိသည့်အတွက် ဝယ်ယူစားသုံးသူများဖြင့် ကြိတ်ကြိတ်တိုး စည်ကားလျက်ရှိသည်။
“မန္တလေးဒေသအစားအစာ အရောင်းပြခန်းက အစားအစာတွေက ကောင်းတယ်လို့ အပြောများတယ်။ ဒီနေ့ကျွန်တော်သွားဝယ်စားတော့ ရောင်းကုန်သွားလို့ မစားခဲ့ရသေးဘူး။ ကျန်တဲ့သင်္ကြန်ထမင်း၊ ကရင်တာလပေါ့၊ ဆာဘူးသီး ဒီလိုရိုးရာအစားအစာတွေကိုလည်း ကြိုက်ကြတဲ့သူ များတယ်။ ကျွန်တော်ကတော့ တိုင်းရင်းသားတွေ ရဲ့ ရိုးရာအစားအစာအားလုံးကို ကြိုက်တယ်။ တိုင်းရင်းသားညီအစ်ကို မောင်နှမတွေရဲ့ အသံဝဲဝဲလေးတွေကြားရတာ ကြိုက်တယ်။ ဒီလိုတိုင်းရင်းသားတွေ နေရာအနှံ့ကလာတဲ့ပွဲမို့ တကူးတကလာဖြစ်တာပါ။ ပြပွဲပြသရက်လည်း တိုးတဲ့အတွက် မနက်ဖြန်တစ်ခေါက်ထပ်လာမယ်” ဟု လယ်ဝေးမြို့မှ ဦးရဲလင်းဦးကပြောသည်။
အလားတူ ကုန်ထုတ်သမဝါယမအသင်းများ၏ ထုတ်ကုန်ပြခန်း၊ စက်မှုဝန်ကြီးဌာန၊ မြန်မာစီးပွားရေးကော်ပိုရေးရှင်း (MEC) နှင့် မြန်မာ့စီးပွားရေးဦးပိုင် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်၊ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့က စားသောက်ကုန်ပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းများကို အထူးဈေးနှုန်းဖြင့် ချိုသာစွာရောင်းချပေးလျက်ရှိရာ လာရောက်ဝယ်ယူကြသူများဖြင့် အထူးစည်ကားလျက်ရှိသည်။
“ပွဲတော်မှာ ဒေသထွက်ကုန်မျိုးစုံကို တစ်နေရာတည်းမှာ လေ့လာကြည့်ရှုပြီး ဝယ်ယူခွင့်ရရှိခဲ့ပါတယ်။ လူသုံးကုန်ပစ္စည်းမျိုးစုံကို သက်သာတဲ့ဈေးနှုန်းတွေနဲ့ ရောင်းချပေးတဲ့အတွက်ဝမ်းသာပါတယ်။ ဒီပြင် တောင်သူတွေအတွက် အကျိုးရှိစေမယ့် ပြည်တွင်း စက်မှုဇုန်များက ကိုယ်ပိုင်တီထွင် ဆန်းသစ်ထုတ်လုပ်ထားတဲ့ စက်ပစ္စည်းမျိုးစုံကို ကြည့်ရှုလေ့လာခွင့်ရရှိခဲ့တဲ့အတွက် များစွာဗဟုသုတ ရရှိပါတယ်” ဟု တပ်ကုန်းမြို့မှ ဦးနိုင်လင်းအောင်က ပြောသည်။
သတင်း- သန်းမင်းအောင်၊ အောင်မင်းထွန်း
ဓာတ်ပုံ - ကိုအေးသန်း