နေပြည်တော် ဖေဖော်ဝါရီ ၁၃
ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးသည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Ms. Ma Jia နှင့်အဖွဲ့အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဥပဒေရေးရာဝန်ကြီးဌာန သံတမန်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် အွန်လိုင်းလိမ်လည်မှုဆိုင်ရာ မှုခင်းများ၊ နယ်စပ်ဖြတ်ကျော်မှုခင်းများ၊ အွန်လိုင်းလောင်းကစားနှင့် မူးယစ်ဆေးဝါးကိစ္စရပ်များအပါအဝင် နှစ်နိုင်ငံ ဥပဒေရေးရာကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်မှု ပိုမိုမြှင့်တင်ဆောင်ရွက်ရေးနှင့်စပ်လျဉ်း၍လည်းကောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အထွေထွေရွေးကောက်ပွဲကျင်းပခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်စပ်လျဉ်း၍လည်းကောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံရှိ နိုင်ငံရေးသိပ္ပံနှင့် ဥပဒေတက္ကသိုလ်သို့ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်အနေဖြင့် ဂုဏ်ထူးဆောင်ပါမောက္ခတစ်ဦးအနေဖြင့် လာရောက်သင်တန်းပို့ချပေးနိုင်ရေးနှင့် ဥပဒေအသိပညာပြန့်ပွားရေးသင်တန်းကျောင်း (LAC) တွင် ဖွင့်လှစ်သင်ကြားပေးနေသည့် သင်တန်းများ၊ ဥပဒေဒီပလိုမာသင်တန်းများအတွက် လိုအပ်သောအကူအညီများ ပေးအပ်ရေးနှင့်စပ်လျဉ်း၍လည်းကောင်း အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်