Skip to main content

မဲစာရင်းပြုစုရာတွင် အခြေခံရမည့် လူဦးရေစာရင်းများ မှန်ကန်ပြည့်စုံစေရေးနှင့် မဲရုံများ အစီအစဉ်တကျ ခွဲဝေသတ်မှတ်နိုင်ရေး ပြည်ထောင်စု‌ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တွေ့ဆုံဆွေးနွေး

နေပြည်တော် ဖေဖော်ဝါရီ ၁၃

ပြည်ထောင်စု‌ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမျိုးလှိုင်သည် ယနေ့နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်ရွေးကောက်ပွဲအရာရှိများနှင့်လည်းကောင်း၊ မွန်းလွဲပိုင်းတွင် ပဲခူးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်ရွေးကောက်ပွဲအရာရှိများနှင့်လည်းကောင်း တွေ့ဆုံသည်။

တွေ့ဆုံစဉ် ပြည်ထောင်စု‌ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်က မဲစာရင်းပြုစုရာတွင် အခြေခံရမည့် လူဦးရေစာရင်းများ မှန်ကန်ပြည့်စုံစေရေးနှင့် မဲရုံများ အစီအစဉ်တကျ ခွဲဝေသတ်မှတ်နိုင်ရေးအတွက် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုဗဟိုကော်မတီမှ ပေးပို့လာသော လူဦးရေစာရင်း (စတုတ္ထမူကြမ်း) တွင် ရပ်ကွက်/ ကျေးရွာအုပ်စုအလိုက် အိမ်ထောင်စုအမှတ်စဉ်နှင့် မိသားစုအမှတ်စဉ်များကို နေရပ်လိပ်စာအစီအစဉ်တကျ ဖြည့်သွင်းခြင်း၊ မြေပြင်နေထိုင်မှု ရှိ ၊ မရှိ စိစစ်ခြင်း၊ သေဆုံးစာရင်းများ အတည်ပြုခြင်း၊ စာရင်းတွင်ပါဝင်သော်လည်း မြေပြင်တွင် နေထိုင်မှုမရှိသူများကိုစိစစ်ခြင်းနှင့် စာရင်းတွင် မပါဝင်သူများကို ထပ်တိုးစာရင်းကောက်ယူခြင်းစသည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပြီး ပြည့်စုံမှန်ကန်သော မဲဆန္ဒရှင်စာရင်းရရှိရေးအတွက် လက်ရှိဆောင်ရွက်လျက်ရှိသည့် လူဦးရေစာရင်း(စတုတ္ထမူကြမ်း)၊ (ပဉ္စမမူကြမ်း) စိစစ်ခြင်းနှင့်စပ်လျဉ်း၍ တင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်းပေးသည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီး ပဲခူးခရိုင်နှင့် ပဲခူးခရိုင်အတွင်းရှိ မြို့နယ်‌ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ဝန်ထမ်းများနှင့် တွေ့ဆုံ၍ တင်ပြချက်များအပေါ် ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပြီး လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်