Skip to main content

ကျိုင်းတုံမြို့နယ်၊ တန့်ယန်းမြို့နယ်နှင့် နမ့်စန်မြို့နယ်တို့၌ မူးယစ်ဆေးဝါးများဖမ်းဆီးရမိ

နေပြည်တော် ဖေဖော်ဝါရီ ၁၃

ကျိုင်းတုံမြို့နယ်၊ တန့်ယန်းမြို့နယ်နှင့် နမ့်စန်မြို့နယ်တို့၌ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီ ၁၀ ရက် ည ၇ နာရီခွဲတွင် ကျိုင်းတုံမြို့နယ် ပင်းတောက်ကျေးရွာအုပ်စု ဝမ်တာပုံကျေးရွာအနီးတွင် အိုက်ခမ်းယွန်း မောင်းနှင်ပြီး မနန်းဆိုင်မို လိုက်ပါလာသည့် TOYOTA HILUX REVO မော်တော်ယာဉ် ကို သတင်းအရ ရှာဖွေရာ ယာဉ်ပေါ်မှ ကက်တမင်း ၃၉ ကီလို (တစ်ကီလိုလျှင် ၈၅ သိန်းနှုန်းဖြင့် ၎င်းဒေသ တန်ဖိုးငွေ ၃၃၁၅ သိန်း) နှင့် အိုက်စ် (မက်သ်အဖတ်တမင်း) ၁၈ ကီလို (တစ်ကီလိုလျှင် သိန်း ၈၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေ သိန်း ၁၄၄၀) တို့ကိုလည်းကောင်း ဖမ်းဆီးရမိခဲ့သည်။

ထို့အပြင် ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီ ၁၂ ရက် နံနက် ၁၁ နာရီခွဲတွင် တန့်ယန်းမြို့ ရပ်ကွက် (၂) တွင် မောင်ရွှေအောင် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀ သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးချက်အရ မွန်းလွဲ ၁ နာရီခွဲတွင် တန့်ယန်းမြို့ ရပ်ကွက် (၇) ရှိ ၎င်း၏နေအိမ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၅၅၀၀၊ ဘိန်းဖြူ ၂၀ ဂရမ် ထပ်မံသိမ်းဆည်းရမိခဲ့သဖြင့် စုစုပေါင်းစိတ်ကြွရူးသွပ်ဆေးပြား ၇၅၀၀ (တစ်ပြား လျှင် ၁၀၀၀ ကျပ်နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေ ၇၅ သိန်း)၊ ဘိန်းဖြူ ၂၀ ဂရမ်(တစ်ဂရမ်လျှင် ၂၀၀၀၀ ကျပ်နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေ ၄ သိန်း) သိမ်းဆည်း ရမိခဲ့သည်။

အလားတူ ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီ ၁၂ ရက် မွန်းလွဲ ၁၂ နာရီတွင် နမ့်စန်မြို့နယ် မက်မွန် မုန်းကျေးရွာအုပ်စု ကုန်ပုတ်ကျေးရွာရှိ အိုက်ထွန်း၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၅၀ (တစ်ပြားလျှင် ၅၀၀ ကျပ်နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေ ၁၀၀ ဒသမ ၂၅ သိန်း) သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။

သတင်းစဉ်